What's New




Monday, 23 April 2018 11:04

သင့်မှာ ခရုသင်းဆိုတဲ့ အရေပြားရောဂါဖြစ်နေပြီဆိုရင်…..

သင့်မှာ ခရုသင်းဆိုတဲ့ အရေပြားရောဂါဖြစ်နေပြီဆိုရင်….. google.com

ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligo လို့ သုံးပါတယ်။ 

လက်တင်စကားမှာ "vitium"အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။"ligo"ဆိုတာ နောက်ဆက်စကား ပေါင်းစည်းခြင်း၊ပါ။ တော်တော်များများ မှားနေတာက vitiligoရဲ့ အသံထွက်ပါ။ တကယ့်အသံထွက်က "ဗစ်တယ်လိုက်ဂို"ဆိုမှ မှန်တယ်။ စာရင်းဇယားတွေအရ တစ်ကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁၀ရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။နာမည်ကျော်တွေထဲက မိုက်ကယ် ဂျက်ဆင်၊ဒေါ့ဂ် ဟမ်မာ၊ဂျိုး ရိုဂမ်နဲ့ ဟိုလီ မယ်ရီကွန်းတို့မှာ ဒီရောဂါရှိနေတာ တွေ့ရပါတယ်။

 

ရောဂါဆိုတာထက် စိတ်ညစ်စရာလို့ပြောရင် ပိုမှန်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်လို့ပါ။ ခရုသင်း၊သမင်ဖြူကွက်တွေ ဘာ့ကြောင့် ဖြစ်လာရလဲခရုသင်းကို ဖြစ်စေတာက melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်း ချို့တဲ့လို့ပါ။ အရေပြားတထောက်စာမှာ အသားအရောင် ပြောင်းလဲမှုဟာ melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကြောင့် ဖြစ်ပါတယ်။ မယ်လနင်ဆိုတာကို အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tyrosineကနေ ရရှိပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားကို ကာကွယ်ဖို့ melaninခေါ်တဲ့ အမည်းရောင် ပစ္စည်းတမျိုးကို melanocytesခေါ်တဲ့ အရေပြားဆဲလ်တွေက ထုတ်ပေးရပါတယ်။ 

 

ဘာေ့ကြာင့်လဲဆိုတော့ နေရောင်မှာ ပါဝင်တဲ့ဓာတ်ရောင်ခြည်တွေ၊ခရမ်းလွန်ရောင်ခြည် တွေကို မယ်လနင်(melanin)ဓာတ်က ကာကွယ်ပေးနိုင်လို့ပါ။ ခရုသင်းခေါ်တဲ့အရေပြားရောဂါမှာ ပြဿနာက မယ်လနင်(melanin)တွေ ချို့တဲ့တာ၊ပျက်ဆီးတာဖြစ်ပြီး အရေပြားကို အရောင်မခြယ်နိုင်တော့တာပါ။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းခံကို မသိရသေးပါဘူး။ သိရတဲ့အကြောင်းတွေအရ ခုခံအားချင်း ပြန်တိုက်ခိုက်တဲ့autoimmune diseaseကြောင့် T-lymphocyteတွေက ဖျက်ဆီးလို့ ဖြစ်စေနိုင်တယ်။ဒါ့အပြင် genetic မျိုးရိုးနဲ့ ဆက်စပ်တာတွေကို တွေ့ရပါတယ်။စိတ်ဖိစီးမှု၊ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်စေနိုင်တယ် ယူဆကြတယ်။

 

ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ phenolဓာတ်တမျိုးကြောင့်လည်း ဖြစ်နိုင်သေးတယ်။အစားအသောက်ကြောင့် ဖြစ်တယ်လို့တော့ မတွေ့ရသေးပါဘူး။ တခါတရံ အသားမစားသူတွေမှာ အဖြူကွက်ငယ်တွေ တွေ့ရတတ်ပေမယ့် နောက်ပိုင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။

ခရုသင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ဆိုတော့

ဖြစ်စမှာ အဖြူကွက်တွေ ပေါ်မှန်းမသိ ပေါ်ပေါက်လာပါတယ်။ အများစုဟာ ယားတာ၊နာတာမျိုးမရှိတတ်ဘူး။ တခါတရံ ဖြစ်စမှာ ယားတာမျိုးတော့ ရှိနိုင်တယ်။အကွက်ငယ်ကနေ အကွက်ကြီးထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ နေရာကွက်ပြီး ဖြစ်နိုင်သလို တကိုယ်လုံးလည်း ဖြစ်နိုင်တယ်။ အကွက်ရဲ့အနားသတ်တွေက မညီမညာဖြစ်နေမယ်။အရောင်ရင့်တာ(သို့)အရောင်ဖျော့တာ နှစ်မျိုးလုံးဖြစ်နိုင်တယ်။ အသားမည်းသူတွေမှာ ပိုသိသာတယ်။ တခြားအရေပြားရောဂါတွေနဲ့ မှားနိုင်တယ်။ ၉၅ရာခိုင်နှုန်းဟာ အသက် ၄၀မတိုင်မှီ စဖြစ်ကြတယ်။အများစုဟာ အသက် ၁၀နှစ်မှ၃၀နှစ်အတွင်း ဖြစ်ကြတယ်။ ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး သုံးမျိုးခွဲထားတယ်။

 

၁။focal vitiligo-နေရာကွက်ပြီး ဖြစ်သလို မသိသာတတ်ဘူး။ဖြစ်ပြီးရင် ပျောက်ဖို့လွယ်တယ်။ ကလေးတွေမှာ သူ့ဘာသာပြန်ပျောက်သွားနိုင်တယ်။

၂။segmental vitiligo-ခန္ဓာကိုယ်တခြမ်းထဲမှာသာ ဖြစ်တယ်။အာရုံကြောရဲ့ dorsal rootမှာဖြစ်လို့ ကျောရိုးမရဲ့ တဖက်တည်းမှာ ကွက်ပြီးဖြစ်တယ်။ ပျံ့နှံဖို့လွယ်သလို လိမ်းဆေးပေးတဲ့အခါလည်း ပျောက်ဖို့ပိုလွယ်တယ်။

 

၃။generalised vitiligo-တကိုယ်လုံးအနှံ့တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ အဖြစ်လည်း များတယ်။အကယ်၍ အဖြူကွက်တွေက တပြင်လုံး နေရာအနှံ့ဖြစ်ရင် vitiligo universalisလို့ ခေါ်ပါမယ်။ အရှင်လတ်လတ် အဖြူဘဝပြောင်းသွားသူပေါ့။ သိစေချင်တာက မွေးရာပါmelaninဓာတ် လုံးဝချို့တဲ့တာမျိုးကို albinismလို့ ခေါ်ပါတယ်။မသိသူက အင်္ဂလိပ်ခေတ်က လူဝင်စားလို့ ယူဆကြတယ်။albinismနဲ့ကွာခြားတာက သမင်ဖြူ(vitiligo)ဆိုတာ မွေးရာပါ မဟုတ်ဘူး။

 

ခရုသင်းလို အရေပြားရောဂါကို ကျွမ်းကျင်ဆရာဝန်က ဆုံးဖြတ်ပေးရတယ်။ တခါတရံ နှင်းခူလိုတခြား အရေပြားရောဂါတွေနဲ့ မှားတတ်တယ်။ သိသာစေချင်ရင် wood's lamp(ultraviolet lamp)အလင်းပေးပြီး ခွဲခြားနိုင်တယ်။လိုအပ်ရင် အသားစဖြတ်ယူပြီး စမ်းသပ်နိုင်ပါတယ်။ တခြား ခုခံအားရောဂါတွေပါ ဆက်လက်စစ်ဆေးရတယ်။


ခရုသင်းကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ

သူများနဲ့ မတူတဲ့ အဖြူကွက်တွေကြောင့် စိတ်ဓာတ်ကျလွယ်လာတယ်။ စိတ်ဒဏ်ရာရလာတယ်။ ကိုယ့်ဘာသာ သိမ်ငယ်လာတယ်။ ယုံကြည်မှုမရှိတော့ဘူး။ နာတာရှည်ရောဂါဆိုပြီး လူထဲမသွားချင်တော့ဘူး။ ဒါ့ပြင် အရေပြားကို ကာကွယ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း ပျက်ဆီးတာမို့ နေရောင်ဒဏ်ကို ပိုခံစားရတယ်။ အသားအရေကြမ်းတာ၊မညီညာတာ ဖြစ်လာသလို နေလောင်လွယ်လာတယ်။ မျက်စိ၊နားစတာတွေမှာဖြစ်ရင် အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းတာ ဖြစ်နိုင်တယ်။ တချို့ကလည်း လက်မခံဘူး။ အများထင်တဲ့ အရေပြားကင်ဆာ ဖြစ်လာနိုင်ချေတော့ အင်မတန်နည်းတာ တွေ့ရတယ်။

 

ကုသတဲ့နည်းတွေကတော့ အမျိုးမျိုးရှိတယ်။ ကုသနည်းအမျိုးမျိုးရှိပေမယ့် ဝန်ခံရရင် လုံးဝပျောက်ကင်းအောင် မတတ်နိုင်ပါဘူး။ ကုသမှုရဲ့ တုံ့ပြန်မှုတွေမြင်တွေ့ဖို့ ၆လ-၂နှစ်ထိ ကြာနိုင်တယ်။သေးတဲ့အကွက်တွေကို မသိသာအောင်၊လျှော့နည်းအောင် လုပ်ပေးနိုင်ပါတယ်။ သိပ်မဆိုးတဲ့အကွက်တွေမှာ မိတ်ကပ်သုံးပြီး ဖုံးပေးနိုင်တယ်။ 

၁-ခရုသင်း(သမင်ဖြူ)ကွက်တွေမှာ နေလောင်ကာလိမ်းဆေး ပေးနိုင်တယ်။အနည်းဆုံး SPF30ပါဝင်တဲ့ နေလောင်ကာမျိုး လိမ်းပေးသင့်တယ်။ အရေပြားအရောင်ရင့်တာ၊မညီတာမျိုးကို လျှော့နည်းစေတယ်။

 

၂-စတီးရွိုက်လိမ်းဆေး ပေးနိုင်တယ်။ သောက်ဆေးမပေးသင့်ဘူး။ autoimmuneလို ခုခံအားစနစ်ကြောင့် ဖြစ်တဲ့အခါ အသုံးပြုနိုင်တယ်။ လိမ်းဆေးက အဖြူကွက်ကို လျှော့နည်းစေနိုင်သလို မထူးခြားတာလည်းဖြစ်နိုင်တယ်။မကောင်းတဲ့အချက်က အရေပြားကို ပါးလွှာစေပြီး သွေးကြောတွေ ပေါ်လာတာမျိုး ဖြစ်နိုင်တယ်။

၃-ရောင်ခြယ်ပြန်ဖြည့်ပေးတဲ့ tacrolimus၊pimecrolimusလို လိမ်းဆေးမျိုးပေးပြီး ပြုပြင်နိုင်တယ်။ ဘေးထွက်ဆိုးကျိုး ရှိတယ်။


၄-phototherapy အလင်းရောင်ပေးပြီး ဖျော့နေတဲ့အကွက်တွေကို ပြန်ဖြည့်ပေးတယ်။ UV Aသို့ UV Bလို ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်ပိုင်းမှာ ဆိုးကျိုးပိုနည်းတဲ့ UV Bကို အသုံးပြုလာကြတယ်။ ပိုကောင်း၊ပိုသိသာချင်ရင် psoralenလို လိမ်းဆေးမျိုးလိမ်းပြီး နေရောင်ပြပေးရပါတယ်။ artificial ပြုပြင်ထားတဲ့ နေရောင်၊နေထိချိန်ကို တဖြည်းဖြည်း ပိုကြာစေရတယ်။ လိုအပ်တဲ့အချိန်လောက်သာ ထိစေပြီး ကျန်တဲ့အချိန်ကို ဖုံးအုပ်ပေးရတယ်။ ၆လ-၁နှစ်လောက် ပုံမှန်လုပ်ပေးရတယ်။ တခါတရံ ခရုသင်းကွက်က ပိုသိသာလာတယ်။ လေ့လာမှုတခုမှာ vitamin B12နဲ့ folic acidပါ တွဲပေးရင် အလင်းပေးကုသခြင်းကို ပိုမိုအကျိုးရှိစေတယ်။

 


၅-အရေပြားအစားထိုးတယ်ဆိုတာ ကောင်းတဲ့အရေပြားဆဲလ်တွေကို transplant အစားထိုးတဲ့နည်းဖြစ်ပါတယ်။


၆-အဖြူကွက်ပမာဏပိုများရင်(၅၀ရာခိုင်နှုန်းမက)ဖြစ်ရင် ကျန်တဲ့ကောင်းနေတဲ့ အရေပြားကို အရောင်ချွတ်တဲ့နည်း သုံးပေးနိုင်ပါတယ်။ hydroquinone၊monobenzone လို အရောင်ချွတ်ဆေးမျိုး ပေးပြီး အရေပြားကို တသားတည်းဖြစ်အောင် အရောင်ချွတ်ပစ်တယ်။ monobenzone သုံးရင် permenantဖြစ်သလို တကိုယ်လုံးအဖြူ ဖြစ်သွားမှာကို ကြိုတင်သတိပေးရတယ်။

 


၇-laser treatmentဆိုတာ အရေပြားရောဂါတွေမှာ စမ်းသပ်အောင်မြင်နေတဲ့ ကုသနည်းဖြစ်ပါတယ်။ အရေပြားမှာ မကောင်းတာ၊အရုပ်ဆိုးတာမျိုး ရှိရင် လေဆာရောင်ခြည်သုံးပြီး ကုသနိုင်တယ်။ ခရုသင်းမှာ excimer laserဆိုတာကို အသုံးပြုရတယ်။ဖြစ်တဲ့အကွက်က သေးရင် ပိုအကျိုးရှိတာ တွေ့ရပါတယ်။


၈-Cosmetic camouflageဆိုတာ မိတ်ကပ်သုံးပြီး အရေပြားမညီညာတာကို ပြုပြင်ဖုံးကွယ်တာမျိုး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။ သာမန်မိတ်ကပ်ထက်သာတဲ့အချက်က ရေစိုခံပြီး ၃-၄ရက်လောက် ကြာရှည်ခံတာဖြစ်ပါတယ်။ အရောင်စုံကို ရွေးချယ်နိုင်တယ်။သတိပြုရမယ့် အချက်က နေလောင်တာကို ကာကွယ်ပေးမယ်မဟုတ်ဘူး။ အမြင်အာရုံကို လှည့်စားတဲ့သဘောသာ ဖြစ်ပါတယ်။

 

ခရုသင်းဟာ ကူးစက်ရောဂါမဟုတ်ပါဘူး။ ဒါ့ကြောင့် အတူနေမိသားစုဝင်တွေကို မကူးစက်နိုင်ပါဘူး။ ကံကောင်းတဲ့၊သိပ်မဆိုးတဲ့သူတွေဟာ ကုသမှုမလိုဘဲ သူ့ဘာသာပြန်ပျောက်သွားတယ်။ လိုက်နာသင့်တာက နေရောင်ထဲမှာ အကာအကွယ်မပါဘဲ မသွားသင့်ဘူး။ နေ့ပိုင်းအပြင်ထွက်လျှင် နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပေးသင့်တယ်။ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊အရက်၊ဘီယာ ရှောင်နိုင်ရင် ပိုကောင်းတယ်။ စိမ်းတဲ့ အသီးအရွက်များများစားပါ။ hydroquinoneပါဝင်တဲ့ ဘလူးဘယ်ရီ၊သစ်တော်သီး စတာတွေ ရှောင်ပါ။

 

စိတ်ဖိစီးမှုကင်းဝေးအောင် အိပ်ရေးဝဝအိပ်ပါ။ တရားထိုင်တာ၊ယောဂကျင့်တာမျိုးလုပ်ပေးနိုင်ပါတယ်။သောက်ဆေးထဲမှာ ginkgo bilobaသောက်ဆေးက ခရုသင်းကွက်တွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ omega 3ပါဝင်တဲ့ဆေးတွေလည်း ခရုသင်းအရေပြားမှာ အကျိုးရှိတယ်လို့ တွေ့ရှိရတယ်။ အားဆေးထဲမှာ vitamin A၊C၊E၊B12၊folic acid၊PABA၊iron၊copper၊zinc၊selenium ပါဝင်တဲ့အားဆေးမျိုးသောက်ပေးနိုင်တယ်။ phenylalanineအသားဓာတ်နဲ့ curcuminဓာတ်တွေက အကျိုးရှိတာ တွေ့ရတယ်။

 

အဖြူမြင်တိုင်း ခရုသင်းလို့တော့ မထင်စေချင်ဘူး။ တခြားရောဂါတွေလည်း ၁၀မျိုးမကရှိလို့ ဆရာဝန်နဲ့ သေချာပြသပါ။ လိုအပ်ရင် အရေပြားအထူးကုဆီသွားပြီး ကုသပါ။ ဆေးပညာမှာ တိုးတက်မှုတွေရှိပြီဖြစ်လို့ ကုသနိုင်ပါတယ်။

Source: Dr. Aye Min Htoo

{Zawgyi}

======

ခ႐ုသင္းဆိုတာ အသားအေရာင္ မညီညာဘဲ အျဖဴကြက္ေတြ ေပၚေပါက္လာတာမ်ိဳးကို ေခၚပါတယ္။ အဂၤလိပ္လို vitiligo လို႔ သုံးပါတယ္။ လက္တင္စကားမွာ "vitium"အကြက္၊အမွက္လို႔ အဓိပၸါယ္ရတယ္။"ligo"ဆိုတာ ေနာက္ဆက္စကား ေပါင္းစည္းျခင္း၊ပါ။ ေတာ္ေတာ္မ်ားမ်ား မွားေနတာက vitiligoရဲ႕ အသံထြက္ပါ။ တကယ့္အသံထြက္က "ဗစ္တယ္လိုက္ဂို"ဆိုမွ မွန္တယ္။ စာရင္းဇယားေတြအရ တစ္ကမာၻလုံးမွာ ခ႐ုသင္း(vitiligo)ျဖစ္သူ ၆၅သန္းေလာက္ ရွိမယ္လို႔ ခန႔္မွန္းရပါတယ္။

 

ကမာၻ႔လူဦးေရရဲ႕ ၁ ရာခိုင္ႏႈန္းေလာက္ဟာ ခ႐ုသင္း ျဖစ္ေနတယ္လို႔ ေတြ႕ရွိရပါတယ္။ အေမရိကားတစ္ႏိုင္ငံထဲမွာကို ဒီလိုေရာဂါသည္ေပါင္း ၂ သန္းေလာက္ ရွိေနပါတယ္။မိဘႏွစ္ပါးအနက္ တေယာက္ေယာက္မွာ ဒီေရာဂါရွိရင္ ကေလးငယ္မွာျဖစ္ဖို႔ ၅-၁၀ရာခိုင္ႏႈန္း ရွိတာေၾကာင့္ မ်ိဳး႐ိုးလိုက္တယ္ ယူဆၾကတယ္။ ခုခံအားခ်င္းျပန္တိုက္တဲ့ ေရာဂါရွိသူေတြမွာ ပိုေတြ႕ရတယ္။ အသားလတ္သူထက္ အသားမည္းသူေတြမွာ အျဖဴကြက္ေတြက ပိုထင္ရွားတယ္။နာမည္ေက်ာ္ေတြထဲက မိုက္ကယ္ ဂ်က္ဆင္၊ေဒါ့ဂ္ ဟမ္မာ၊ဂ်ိဳး ႐ိုဂမ္နဲ႔ ဟိုလီ မယ္ရီကြန္းတို႔မွာ ဒီေရာဂါရွိေနတာ ေတြ႕ရပါတယ္။

 

ေရာဂါဆိုတာထက္ စိတ္ညစ္စရာလို႔ေျပာရင္ ပိုမွန္ပါတယ္။ဘာ့ေၾကာင့္လဲဆိုေတာ့ ျဖစ္လာရင္ ေပ်ာက္ဖို႔ခက္ခဲတဲ့ အေရျပားေရာဂါထဲမွာ ခ႐ုသင္းေရာဂါလည္း ပါဝင္လို႔ပါ။ ခ႐ုသင္း၊သမင္ျဖဴကြက္ေတြ ဘာ့ေၾကာင့္ ျဖစ္လာရလဲခ႐ုသင္းကို ျဖစ္ေစတာက melaninေခၚတဲ့ ေရာင္ျခယ္ပစၥည္း ခ်ိဳ႕တဲ့လို႔ပါ။ အေရျပားတေထာက္စာမွာ အသားအေရာင္ ေျပာင္းလဲမႈဟာ melaninေခၚတဲ့ ေရာင္ျခယ္ပစၥည္းေၾကာင့္ ျဖစ္ပါတယ္။ မယ္လနင္ဆိုတာကို အမိုင္ႏိုအက္ဆစ္တမ်ိဳးျဖစ္တဲ့ tyrosineကေန ရရွိပါတယ္။ ေနေရာင္နဲ႔ထိေတြ႕တဲ့အခါ အေရျပားကို ကာကြယ္ဖို႔ melaninေခၚတဲ့ အမည္းေရာင္ ပစၥည္းတမ်ိဳးကို melanocytesေခၚတဲ့ အေရျပားဆဲလ္ေတြက ထုတ္ေပးရပါတယ္။

 

ဘာေ့ၾကာင့္လဲဆိုေတာ့ ေနေရာင္မွာ ပါဝင္တဲ့ဓာတ္ေရာင္ျခည္ေတြ၊ခရမ္းလြန္ေရာင္ျခည္ ေတြကို မယ္လနင္(melanin)ဓာတ္က ကာကြယ္ေပးႏိုင္လို႔ပါ။ ခ႐ုသင္းေခၚတဲ့အေရျပားေရာဂါမွာ ျပႆနာက မယ္လနင္(melanin)ေတြ ခ်ိဳ႕တဲ့တာ၊ပ်က္ဆီးတာျဖစ္ၿပီး အေရျပားကို အေရာင္မျခယ္ႏိုင္ေတာ့တာပါ။ ဘာေၾကာင့္ ဒီလိုျဖစ္ရလဲဆိုတဲ့ ေနာက္ကြယ္က အေၾကာင္းခံကို မသိရေသးပါဘူး။ သိရတဲ့အေၾကာင္းေတြအရ ခုခံအားခ်င္း ျပန္တိုက္ခိုက္တဲ့autoimmune diseaseေၾကာင့္ T-lymphocyteေတြက ဖ်က္ဆီးလို႔ ျဖစ္ေစႏိုင္တယ္။ဒါ့အျပင္ genetic မ်ိဳး႐ိုးနဲ႔ ဆက္စပ္တာေတြကို ေတြ႕ရပါတယ္။စိတ္ဖိစီးမႈ၊ဗိုင္းရပ္စ္ေၾကာင့္လည္း ျဖစ္ေစႏိုင္တယ္ ယူဆၾကတယ္။

 

ဆံပင္ဆိုးေဆးမွာ ပါဝင္တဲ့ phenolဓာတ္တမ်ိဳးေၾကာင့္လည္း ျဖစ္ႏိုင္ေသးတယ္။အစားအေသာက္ေၾကာင့္ ျဖစ္တယ္လို႔ေတာ့ မေတြ႕ရေသးပါဘူး။ တခါတရံ အသားမစားသူေတြမွာ အျဖဴကြက္ငယ္ေတြ ေတြ႕ရတတ္ေပမယ့္ ေနာက္ပိုင္းမွာ ျပန္ေပ်ာက္သြားတတ္ပါတယ္။

ခ႐ုသင္းရဲ႕ လကၡဏာေတြက ဘာေတြလဲ ဆိုေတာ့

ျဖစ္စမွာ အျဖဴကြက္ေတြ ေပၚမွန္းမသိ ေပၚေပါက္လာပါတယ္။ အမ်ားစုဟာ ယားတာ၊နာတာမ်ိဳးမရွိတတ္ဘူး။ တခါတရံ ျဖစ္စမွာ ယားတာမ်ိဳးေတာ့ ရွိႏိုင္တယ္။အကြက္ငယ္ကေန အကြက္ႀကီးထိ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္တယ္။ ေနရာကြက္ၿပီး ျဖစ္ႏိုင္သလို တကိုယ္လုံးလည္း ျဖစ္ႏိုင္တယ္။ အကြက္ရဲ႕အနားသတ္ေတြက မညီမညာျဖစ္ေနမယ္။အေရာင္ရင့္တာ(သို႔)အေရာင္ေဖ်ာ့တာ ႏွစ္မ်ိဳးလုံးျဖစ္ႏိုင္တယ္။ အသားမည္းသူေတြမွာ ပိုသိသာတယ္။ တျခားအေရျပားေရာဂါေတြနဲ႔ မွားႏိုင္တယ္။ ၉၅ရာခိုင္ႏႈန္းဟာ အသက္ ၄၀မတိုင္မွီ စျဖစ္ၾကတယ္။အမ်ားစုဟာ အသက္ ၁၀ႏွစ္မွ၃၀ႏွစ္အတြင္း ျဖစ္ၾကတယ္။ ျဖစ္တဲ့ပုံစံေပၚမူတည္ၿပီး သုံးမ်ိဳးခြဲထားတယ္။

 


၁။focal vitiligo-ေနရာကြက္ၿပီး ျဖစ္သလို မသိသာတတ္ဘူး။ျဖစ္ၿပီးရင္ ေပ်ာက္ဖို႔လြယ္တယ္။ ကေလးေတြမွာ သူ႔ဘာသာျပန္ေပ်ာက္သြားႏိုင္တယ္။

၂။segmental vitiligo-ခႏၶာကိုယ္တျခမ္းထဲမွာသာ ျဖစ္တယ္။အာ႐ုံေၾကာရဲ႕ dorsal rootမွာျဖစ္လို႔ ေက်ာ႐ိုးမရဲ႕ တဖက္တည္းမွာ ကြက္ၿပီးျဖစ္တယ္။ ပ်ံ႕ႏွံဖို႔လြယ္သလို လိမ္းေဆးေပးတဲ့အခါလည္း ေပ်ာက္ဖို႔ပိုလြယ္တယ္။

 

၃။generalised vitiligo-တကိုယ္လုံးအႏွံ႔ေတြ႕ရတဲ့ပုံစံ ျဖစ္ပါတယ္။ အျဖစ္လည္း မ်ားတယ္။အကယ္၍ အျဖဴကြက္ေတြက တျပင္လုံး ေနရာအႏွံ႔ျဖစ္ရင္ vitiligo universalisလို႔ ေခၚပါမယ္။ အရွင္လတ္လတ္ အျဖဴဘဝေျပာင္းသြားသူေပါ့။ သိေစခ်င္တာက ေမြးရာပါmelaninဓာတ္ လုံးဝခ်ိဳ႕တဲ့တာမ်ိဳးကို albinismလို႔ ေခၚပါတယ္။မသိသူက အဂၤလိပ္ေခတ္က လူဝင္စားလို႔ ယူဆၾကတယ္။albinismနဲ႔ကြာျခားတာက သမင္ျဖဴ(vitiligo)ဆိုတာ ေမြးရာပါ မဟုတ္ဘူး။

ခ႐ုသင္းလို အေရျပားေရာဂါကို ကြၽမ္းက်င္ဆရာဝန္က ဆုံးျဖတ္ေပးရတယ္။ တခါတရံ ႏွင္းခူလိုတျခား အေရျပားေရာဂါေတြနဲ႔ မွားတတ္တယ္။ သိသာေစခ်င္ရင္ wood's lamp(ultraviolet lamp)အလင္းေပးၿပီး ခြဲျခားႏိုင္တယ္။လိုအပ္ရင္ အသားစျဖတ္ယူၿပီး စမ္းသပ္ႏိုင္ပါတယ္။ တျခား ခုခံအားေရာဂါေတြပါ ဆက္လက္စစ္ေဆးရတယ္။

 

ခ႐ုသင္းေၾကာင့္ ေနာက္ဆက္တြဲ ဘာေတြျဖစ္ႏိုင္လဲ

သူမ်ားနဲ႔ မတူတဲ့ အျဖဴကြက္ေတြေၾကာင့္ စိတ္ဓာတ္က်လြယ္လာတယ္။ စိတ္ဒဏ္ရာရလာတယ္။ ကိုယ့္ဘာသာ သိမ္ငယ္လာတယ္။ ယုံၾကည္မႈမရွိေတာ့ဘူး။ နာတာရွည္ေရာဂါဆိုၿပီး လူထဲမသြားခ်င္ေတာ့ဘူး။ ဒါ့ျပင္ အေရျပားကို ကာကြယ္ေပးတဲ့ ေရာင္ျခယ္ပစၥည္း ပ်က္ဆီးတာမို႔ ေနေရာင္ဒဏ္ကို ပိုခံစားရတယ္။ အသားအေရၾကမ္းတာ၊မညီညာတာ ျဖစ္လာသလို ေနေလာင္လြယ္လာတယ္။ မ်က္စိ၊နားစတာေတြမွာျဖစ္ရင္ အျမင္အာ႐ုံ၊ အၾကားအာ႐ုံခ်ိဳ႕ယြင္းတာ ျဖစ္ႏိုင္တယ္။ တခ်ိဳ႕ကလည္း လက္မခံဘူး။ အမ်ားထင္တဲ့ အေရျပားကင္ဆာ ျဖစ္လာႏိုင္ေခ်ေတာ့ အင္မတန္နည္းတာ ေတြ႕ရတယ္။

 

ကုသတဲ့နည္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိတယ္။ ကုသနည္းအမ်ိဳးမ်ိဳးရွိေပမယ့္ ဝန္ခံရရင္ လုံးဝေပ်ာက္ကင္းေအာင္ မတတ္ႏိုင္ပါဘူး။ ကုသမႈရဲ႕ တုံ႔ျပန္မႈေတြျမင္ေတြ႕ဖို႔ ၆လ-၂ႏွစ္ထိ ၾကာႏိုင္တယ္။ေသးတဲ့အကြက္ေတြကို မသိသာေအာင္၊ေလွ်ာ့နည္းေအာင္ လုပ္ေပးႏိုင္ပါတယ္။ သိပ္မဆိုးတဲ့အကြက္ေတြမွာ မိတ္ကပ္သုံးၿပီး ဖုံးေပးႏိုင္တယ္။ 

၁-ခ႐ုသင္း(သမင္ျဖဴ)ကြက္ေတြမွာ ေနေလာင္ကာလိမ္းေဆး ေပးႏိုင္တယ္။အနည္းဆုံး SPF30ပါဝင္တဲ့ ေနေလာင္ကာမ်ိဳး လိမ္းေပးသင့္တယ္။ အေရျပားအေရာင္ရင့္တာ၊မညီတာမ်ိဳးကို ေလွ်ာ့နည္းေစတယ္။

 

၂-စတီး႐ြိဳက္လိမ္းေဆး ေပးႏိုင္တယ္။ ေသာက္ေဆးမေပးသင့္ဘူး။ autoimmuneလို ခုခံအားစနစ္ေၾကာင့္ ျဖစ္တဲ့အခါ အသုံးျပဳႏိုင္တယ္။ လိမ္းေဆးက အျဖဴကြက္ကို ေလွ်ာ့နည္းေစႏိုင္သလို မထူးျခားတာလည္းျဖစ္ႏိုင္တယ္။မေကာင္းတဲ့အခ်က္က အေရျပားကို ပါးလႊာေစၿပီး ေသြးေၾကာေတြ ေပၚလာတာမ်ိဳး ျဖစ္ႏိုင္တယ္။

၃-ေရာင္ျခယ္ျပန္ျဖည့္ေပးတဲ့ tacrolimus၊pimecrolimusလို လိမ္းေဆးမ်ိဳးေပးၿပီး ျပဳျပင္ႏိုင္တယ္။ ေဘးထြက္ဆိုးက်ိဳး ရွိတယ္။

 

၄-phototherapy အလင္းေရာင္ေပးၿပီး ေဖ်ာ့ေနတဲ့အကြက္ေတြကို ျပန္ျဖည့္ေပးတယ္။ UV Aသို႔ UV Bလို ခရမ္းလြန္ေရာင္ျခည္ေပးၿပီး ကုသရတယ္။ ေနာက္ပိုင္းမွာ ဆိုးက်ိဳးပိုနည္းတဲ့ UV Bကို အသုံးျပဳလာၾကတယ္။ ပိုေကာင္း၊ပိုသိသာခ်င္ရင္ psoralenလို လိမ္းေဆးမ်ိဳးလိမ္းၿပီး ေနေရာင္ျပေပးရပါတယ္။ artificial ျပဳျပင္ထားတဲ့ ေနေရာင္၊ေနထိခ်ိန္ကို တျဖည္းျဖည္း ပိုၾကာေစရတယ္။ လိုအပ္တဲ့အခ်ိန္ေလာက္သာ ထိေစၿပီး က်န္တဲ့အခ်ိန္ကို ဖုံးအုပ္ေပးရတယ္။ ၆လ-၁ႏွစ္ေလာက္ ပုံမွန္လုပ္ေပးရတယ္။ တခါတရံ ခ႐ုသင္းကြက္က ပိုသိသာလာတယ္။ ေလ့လာမႈတခုမွာ vitamin B12နဲ႔ folic acidပါ တြဲေပးရင္ အလင္းေပးကုသျခင္းကို ပိုမိုအက်ိဳးရွိေစတယ္။

 

၅-အေရျပားအစားထိုးတယ္ဆိုတာ ေကာင္းတဲ့အေရျပားဆဲလ္ေတြကို transplant အစားထိုးတဲ့နည္းျဖစ္ပါတယ္။


၆-အျဖဴကြက္ပမာဏပိုမ်ားရင္(၅၀ရာခိုင္ႏႈန္းမက)ျဖစ္ရင္ က်န္တဲ့ေကာင္းေနတဲ့ အေရျပားကို အေရာင္ခြၽတ္တဲ့နည္း သုံးေပးႏိုင္ပါတယ္။ hydroquinone၊monobenzone လို အေရာင္ခြၽတ္ေဆးမ်ိဳး ေပးၿပီး အေရျပားကို တသားတည္းျဖစ္ေအာင္ အေရာင္ခြၽတ္ပစ္တယ္။ monobenzone သုံးရင္ permenantျဖစ္သလို တကိုယ္လုံးအျဖဴ ျဖစ္သြားမွာကို ႀကိဳတင္သတိေပးရတယ္။


၇-laser treatmentဆိုတာ အေရျပားေရာဂါေတြမွာ စမ္းသပ္ေအာင္ျမင္ေနတဲ့ ကုသနည္းျဖစ္ပါတယ္။ အေရျပားမွာ မေကာင္းတာ၊အ႐ုပ္ဆိုးတာမ်ိဳး ရွိရင္ ေလဆာေရာင္ျခည္သုံးၿပီး ကုသႏိုင္တယ္။ ခ႐ုသင္းမွာ excimer laserဆိုတာကို အသုံးျပဳရတယ္။ျဖစ္တဲ့အကြက္က ေသးရင္ ပိုအက်ိဳးရွိတာ ေတြ႕ရပါတယ္။


၈-Cosmetic camouflageဆိုတာ မိတ္ကပ္သုံးၿပီး အေရျပားမညီညာတာကို ျပဳျပင္ဖုံးကြယ္တာမ်ိဳး ျဖစ္ပါတယ္။ တျခားႏိုင္ငံေတြမွာ ဆရာဝန္လက္မွတ္ပါမွ ေရာင္းခ်ရတယ္။ သာမန္မိတ္ကပ္ထက္သာတဲ့အခ်က္က ေရစိုခံၿပီး ၃-၄ရက္ေလာက္ ၾကာရွည္ခံတာျဖစ္ပါတယ္။ အေရာင္စုံကို ေ႐ြးခ်ယ္ႏိုင္တယ္။သတိျပဳရမယ့္ အခ်က္က ေနေလာင္တာကို ကာကြယ္ေပးမယ္မဟုတ္ဘူး။ အျမင္အာ႐ုံကို လွည့္စားတဲ့သေဘာသာ ျဖစ္ပါတယ္။

 

ခ႐ုသင္းဟာ ကူးစက္ေရာဂါမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အတူေနမိသားစုဝင္ေတြကို မကူးစက္ႏိုင္ပါဘူး။ ကံေကာင္းတဲ့၊သိပ္မဆိုးတဲ့သူေတြဟာ ကုသမႈမလိုဘဲ သူ႔ဘာသာျပန္ေပ်ာက္သြားတယ္။ လိုက္နာသင့္တာက ေနေရာင္ထဲမွာ အကာအကြယ္မပါဘဲ မသြားသင့္ဘူး။ ေန႔ပိုင္းအျပင္ထြက္လွ်င္ ေနေလာင္ကာလိမ္းေဆး တမ်ိဳးမ်ိဳး လိမ္းေပးသင့္တယ္။ေကာ္ဖီ၊လက္ဖက္ရည္၊ေခ်ာကလက္၊အရက္၊ဘီယာ ေရွာင္ႏိုင္ရင္ ပိုေကာင္းတယ္။ စိမ္းတဲ့ အသီးအ႐ြက္မ်ားမ်ားစားပါ။ hydroquinoneပါဝင္တဲ့ ဘလူးဘယ္ရီ၊သစ္ေတာ္သီး စတာေတြ ေရွာင္ပါ။

 

စိတ္ဖိစီးမႈကင္းေဝးေအာင္ အိပ္ေရးဝဝအိပ္ပါ။ တရားထိုင္တာ၊ေယာဂက်င့္တာမ်ိဳးလုပ္ေပးႏိုင္ပါတယ္။ေသာက္ေဆးထဲမွာ ginkgo bilobaေသာက္ေဆးက ခ႐ုသင္းကြက္ေတြကို သက္သာေစတယ္လို႔ ဆိုပါတယ္။ omega 3ပါဝင္တဲ့ေဆးေတြလည္း ခ႐ုသင္းအေရျပားမွာ အက်ိဳးရွိတယ္လို႔ ေတြ႕ရွိရတယ္။ အားေဆးထဲမွာ vitamin A၊C၊E၊B12၊folic acid၊PABA၊iron၊copper၊zinc၊selenium ပါဝင္တဲ့အားေဆးမ်ိဳးေသာက္ေပးႏိုင္တယ္။ phenylalanineအသားဓာတ္နဲ႔ curcuminဓာတ္ေတြက အက်ိဳးရွိတာ ေတြ႕ရတယ္။

 

အျဖဴျမင္တိုင္း ခ႐ုသင္းလို႔ေတာ့ မထင္ေစခ်င္ဘူး။ တျခားေရာဂါေတြလည္း ၁၀မ်ိဳးမကရွိလို႔ ဆရာဝန္နဲ႔ ေသခ်ာျပသပါ။ လိုအပ္ရင္ အေရျပားအထူးကုဆီသြားၿပီး ကုသပါ။ ေဆးပညာမွာ တိုးတက္မႈေတြရွိၿပီျဖစ္လို႔ ကုသႏိုင္ပါတယ္။

Source: Dr. Aye Min Htoo

Read times Last modified on Friday, 03 January 2020 16:30
Rate this item
(1 Vote)