What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 December 2018 11:58

အဖုအကျိတ် စမ်းမိလို့ စိုးရိမ်နေပါသလား

သင့်ခန္ဓာကိုယ်မှာ အလုံး၊ အကျိတ်၊ အဖု တစ်ခုခုဖြစ်ပေါ်နေလို့ “ငါ့မှာများ ကင်ဆာရောဂါ ဖြစ်နေပြီလား”လို့ တွေးပူကာ စားမဝင်၊ အိပ်မပျော် ဖြစ်မနေပါနဲ့။ အဖုအကျိတ်တိုင်း ကင်ဆာရောဂါ မဟုတ်ပါဘူး။

ကုရလွယ်ပြီး သိပ်မစိုးရိမ်ရတဲ့ ရောဂါတွေ အဖြစ်များပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်မှာ အဖြစ်များတဲ့ အဖုတွေအနက် ကင်ဆာအကျိတ်က ဘယ်လို၊ ကင်ဆာမဟုတ်တဲ့ အကျိတ်က ဘယ်လိုဆိုပြီး ခွဲခြားသိရအောင် အောက်ပါတို့ကို လေ့လာကြည့်ပါ။

 

ရင်သားမှာ အဖုပေါ်နေရင်

သင်ကြောက်ရွံ့တာက - ရင်သားကင်ဆာ


ဖြစ်နိုင်ခြေက - Fibroadenoma အကျိတ် ဒါမှမဟုတ် အန္တရာယ်မရှိတဲ့ အရည်ကြည်ဖု (Cyst) Fibroadenoma အကျိတ်က Glandular တစ်သျှူးတွေကနေ ဖြစ်ပေါ်လာတဲ့ အန္တရာယ်ကင်း အကျိတ်လေးဖြစ်ပြီး ကိုင်ကြည့်ရင် တင်းတင်းမာမာလေး ဖြစ်ကာ ဘေးဘက် အထက်အောက် ရွှေ့ကြည့်လို့ရပါတယ်။ အသက်နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်မှာ အဖြစ်များပါတယ်။ ကိုင်ကြည့်လို့ ဂျယ်လီလို ပျော့ပြီး နာကျင်နေရင်တော့ အရည်ကြည်အိတ်ဖု ဖြစ်နိုင်ကာ အသက်သုံးဆယ်၊ လေးဆယ်ကျော် အရွယ်တွေမှာ အဖြစ်များပါတယ်။

 

ဘယ်လို ဖယ်ရှားကြမလဲ

Fibroadenoma အကျိတ်က သင့်ကို ဘာဒုက္ခမှမပေးရင် ဒီအတိုင်းထားထားလို့ အဆင်ပြေပါတယ်။ နာကျင်လာတာပဲ ဖြစ်ဖြစ်၊ ဘာမှန်း မသေချာတာပဲ ဖြစ်ဖြစ်ဆိုရင်တော့ ဆရာဝန်က အသေးစား ခွဲစိတ်မှုပြုကာ ဖယ်ထုတ် ပေးပါလိမ့်မယ်။ အသက် ၃၅ နှစ်အောက်ဆိုရင် Ultrasound အသုံးပြုပြီး Cyst ဟုတ်၊ မဟုတ် ကြည့်လို့ရပါတယ်။ Cyst ဖြစ်ပြီး နေရထိုင်ရ အဆင်မပြေရင် ဆရာဝန်ကြီးတွေက ထိုအကျိတ်ဖုထဲက အရည်တွေကို စုပ်ထုတ်ပေးပါလိမ့်မယ်။ FNAB(Fine Needle Aspiration Biopsy) ဆိုတာကတော့ အကျိတ်အခဲကို အပ်သေးသေး ထိုးထည့်ကာ ဆဲလ်တွေ ဖယ်ရှားလိုက်ပြီး ဓာတ်ခွဲခန်းဆီ ပို့ကာ ကင်ဆာဟုတ်မဟုတ် စစ်ဆေးတဲ့နည်း ဖြစ်ပါတယ်။

 

စိုးရိမ်စရာ လိုပြီလား

ရင်သားကင်ဆာက အများအားဖြင့် နာကျင်မှုမရှိသလို Fibroadenoma နဲ့ Cyst ထက်စာရင် ကြီးထွားမှု ပိုနှေးကွေးပါတယ်။ အရွယ်အစား၊ ပုံသဏ္ဌာန် အပြောင်းအလဲကို သတိပြုမိပါက၊ ပုံမှန်မဟုတ်တဲ့ ခံစားမှုမျိုး ခံစားနေရပါက၊ အကျိတ်ပေါ်က အရေပြား နီရဲခြင်း၊ တွန့်ခေါက်ခြင်း၊ ချိုင့်ဝင်ခြင်း၊ ဒါမှမဟုတ် အရည်ထွက်ခြင်းတို့ကို သတိပြုမိပါက ဆရာဝန်ထံ ပြသင့်ပါတယ်။ ရင်သား တစ်ဖက်တည်းမှာပဲ နာကျင်နေပြီး ခံရခက်နေပါကလည်း စိုးရိမ်သင့်ပါတယ်။

 

ခြေထောက်မှာ အကျိတ်မာမာ ဖြစ်ပေါ်နေရင်

ကြောက်ရွံ့တာက - ကင်ဆာ

ဖြစ်နိုင်ခြေက - အဆီဖု ဒါမှမဟုတ် Dermatofbroma ကျိတ်

Dermatofbroma ဆိုတာ ကင်ဆာမဟုတ်တဲ့ အကျိတ်မာမာ ဖြစ်ပြီး အများအားဖြင့် အသားရောင်၊ အဖြူရောင်၊ ပန်းရောင် စသဖြင့် အရောင်တွေရှိပြီး ပိုးကောင်ကိုက်ခြင်း၊ ဆူးစူးခြင်းတို့ကို ပြန်လည် တုံ့ပြန်ခြင်းအားဖြင့် ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ထိုအဖုက ပိုလျော့ပြီး ခြေထောက်၊ လက်၊ ဗိုက်၊ ခါးနဲ့ လည်ပင်းမှာ ဖြစ်ရင် ဒါအဆီဖု (lipoma) ပဲ ဖြစ်ပါတယ်။

 

ဘယ်လိုဖယ်ရှားမလဲ

အဖုအကျိတ်ကြီးတွေ ကြီးထွားလာပြီး အလှမပျက်မချင်း ဖယ်ရှားစရာ မလိုသေးပါဘူး။ စိုးရိမ်စရာ လိုပြီလား။ ကင်ဆာတစ်မျိုးဖြစ်တဲ့ Squamous Cell Carcinoma ကလည်း ခြေ၊ လက်၊ မျက်နှာနဲ့ နားမှာ ဖြစ်တတ်ပြီး အရင်ဆုံး အနီရောင် အရေပြားကနေ တဖြည်းဖြည်းကြီးပြီး မာလာတတ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲတစ်ခုခု သတိထားမိလိုက်တာနဲ့ ဆရာဝန်ဆီ ပြပါ။

 

ပေါင်ခြံမှာ အဖုစမ်းမိရင်

ကြောက်ရွံ့တာက - ကင်ဆာ

ဖြစ်နိုင်ခြေက - အသားပို ဒါမှမဟုတ် အရေပြားထဲ မြုပ်နေတဲ့အမွေး

အသားပိုက ဖြစ်လေ့ရှိပြီး ခန္ဓာကိုယ်ရှိ ပေါင်ခြံ၊ လည်ပင်း၊ ချိုင်း၊ ဘရာစီယာလိုင်း တစ်လျှောက်၊ ဆီးခုံနဲ့ ပေါင်တို့မှာ ဖြစ်တတ်ပါတယ်။ ချိုင်းနဲ့ ဆီးခုံမှာ အမွေးရိတ်ပြီးနောက် အသစ်ထွက်လာတဲ့ အမွေးတွေက အပြင်မထွက်ဘဲ အတွင်းသို့ မြုပ်နေပါကလည်း အဖု ဖြစ်နိုင်ပါတယ်။

 

ဘယ်လိုဖယ်ရှားမလဲ

အသားပိုတွေကို ဆရာဝန်တွေအနေနဲ့ ဖယ်ရှားပေးဖို့ လွယ်ကူပေမယ့် သင့်ကို အန္တရာယ်မပေးပါက ဒီအတိုင်းပဲ ထားထားလို့ရပါတယ်။ အမွေး အရေပြားထဲ မြုပ်ခြင်းက တစ်ခါတစ်ရံ ရောဂါပိုးဝင်ပြီး ရောင်တတ်ပါတယ်။ အဲသလို ဖြစ်ပါက ပဋိဇီဝ ပိုးသတ်ဆေး ကယ်မှ ရပါမယ်။ အဲသလို မဖြစ်ရအောင် အမွေးမရိတ်မီ အရေပြားကြေး ချွတ်ပါ။ (Exfoliate လုပ်ပါ။) အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း ရိတ်ပေးပြီး ရိတ်ပြီးနောက် ပိုးသတ်စေနိုင်တဲ့ Tea Tree လိုးရှင်း လိမ်းပေးနိုင်ပါတယ်။

 

စိုးရိမ်စရာလိုပြီလား

အဖုက တဖြည်းဖြည်း ကြီးလာပြီး စမ်းကြည့်တဲ့အခါ မာမာကြီးဖြစ်နေခြင်း၊ သွေးထွက်ခြင်းတို့ရှိပါက ဆရာဝန်နဲ့ပြကာ အစစ်ဆေးခံပါ။ နောက်ပြီး ချိုင်း၊ ပေါင်ခြံနဲ့ လည်ပင်းမှာ နာကျင်မှုမရှိတဲ့ အဖု ခြောက်ပတ်နဲ့အထက် ဖြစ်ပေါ်နေပါကလည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 

လည်ပင်းမှာ အကျိတ်စမ်းမိရင်

ကြောက်ရွံ့တာက - ကင်ဆာ

ဖြစ်နိုင်ခြေက - အဆီအိတ် (Sebaceous Cyst)

အသက်နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော် အရွယ်တွေမှာ အဖြစ်အများဆုံးပါ။ များသောအားဖြင့် ဖြစ်လိုက်၊ ပျောက်လိုက် ဖြစ်တတ်ပါတယ်။ အဆီဂလင်းတွေ ပိတ်ပြီး အဆီတွေများလာကာ ၁ ကနေ ၁၀ စင်တီမီတာ လုံးပတ်အရွယ်ရှိ နာကျင်မှုကင်းတဲ့ အဖုတွေ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။

 

ဘယ်လို ဖယ်ရှားမလဲ

ထုံဆေးပေးပြီး ဆရာဝန်တွေ ဖယ်ရှားလို့ရပေမယ့် ခွဲစိတ်လို့ ကျန်ခဲ့တဲ့ အမာရွတ်က နဂိုအဖုထက်တောင် ပိုကြီးနိုင်တာကြောင့် အဖုကြီးမှ ဒါမှမဟုတ် ရောဂါပိုး ဝင်နိုင်ခြေရှိမှ ခွဲထုတ်လေ့ရှိပါတယ်။

 

စိုးရိမ်စရာလိုပြီလား

အဆီအိတ်အဖုတွေက ကင်ဆာဖြစ်မလာနိုင်ပေမယ့် အဲဒီအဖုက အနီ၊ ဒါမှမဟုတ် ပန်းရောင်အဖုလေးဖြစ်ကာ အက်ကွဲခြင်း၊ သွေးထွက်ခြင်း တို့ဖြစ်လာပါက ဆရာဝန်ထံ ပြသအစစ်ဆေးခံဖို့ လိုနေပါပြီ။

Source: ဒေါက်တာနုမြတ်

 

Read times Last modified on Wednesday, 27 February 2019 15:15
Rate this item
(4 votes)