မြန်မာနိုင်ငံမှ သူနာပြုစောင့်ရှောက်မှုလုပ်သား ပထမဆုံးအသုတ်ဟာ ဇန်န၀ါရီလ ၇ ရက်မှာ ဂျပန်နိုင်ငံ ဟိုကိုင်ဒိုးလေဆိပ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။
သူတို့ဟာ ဂျပန်နိုင်ငံရဲ့ ပြည်ပလုပ်သား သင်တန်းအစီအစဉ်မှာ ပါဝင်တဲ့သူတွေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အရမ်းလိုအပ်နေတဲ့ လုပ်သားတွေကို အရှေ့တောင်အာရှနိုင်ငံများမှ ရယူဖို့ မျှော်မှန်းထားချိန်မှာ ယခုလို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
ပြည်ပလုပ်သားတွေအတွက် သင်တန်းအစီအစဉ်ကို ၁၉၉၃ ခုနှစ်မှာ စတင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေထံ တတ်ကျွမ်းမှု အမျိုးမျိုး လွှဲပြောင်းပေးနိုင်ဖို့ ရည်ရွယ်ချက် ထားရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျပန်မှာ လုပ်သားရှားပါးမှု ပြဿနာကို ရင်ဆိုင်ရုန်းကန်နေရတာအတွက် လုပ်သားတွေ ရရှိဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတာက သက်ကြီးရွယ်အို လူဦးရေ များပြားနေပြီး ကလေးမွေးဖွားနှုန်းက ကျဆင်းလို့ လူဦးရေ တိုးပွားနှုန်း နည်းပါးနေတာမို့ အလုပ်လုပ်ကိုင်မယ့် အသက်အရွယ်အပိုင်းအခြားမှာ ရှိနေတဲ့ လူဦးရေ မလုံမလောက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းက ၆၇ နှစ်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၄ နှစ် ဖြစ်ပါတယ်။ အသက်အရွယ် အိုမင်းတဲ့အခါ အိမ်သာတက်တာကအစ ကိုယ့်ဘာသာကိုယ် မလုပ်ဆောင်နိုင်တော့ဘဲ ဘေးမှာအကူတစ်ယောက် ရှိဖို့ လိုအပ်တဲ့အဖြစ်ကို ရောက်ကြပါတယ်။ အခုလို အိုမင်းမစွမ်းဖြစ်သူကို သူနာပြုစောင့်ရှောက်ပေးရတာဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်လို့ ဆိုနိုင်ပါတယ်။
သူနာပြုစောင့်ရှောက်ရေးကဏ္ဍကို ပြည်ပသင်တန်းသူသင်တန်းသားတွေအတွက် တံခါးဖွင့်ပေးလိုက်တာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပါတယ်။ ယခုရောက်ရှိလာတဲ့ မြန်မာသူနာပြုစောင့်ရှောက်မှုလုပ်သား ပထမဆုံးအသုတ်မှာ အသက် ၂၀ နှစ်ကျော်ရှိ အမျိုးသမီး သုံးဦး ပါဝင်ပါတယ်။ သူတို့က Sakura Community Service Co. မှာ အတွေ့အကြုံ သုံးနှစ်ရယူကြမှာ ဖြစ်ပါတယ်။
ပထမအသုတ်မှာ ပါဝင်သူ ၀တ်ရည်ဖြိုးက ဂျပန်နိုင်ငံကို သူ ရွေးချယ်ရတာဟာ ဂျပန်ယဉ်ကျေးနှုကို နှစ်သက်လို့ ဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူက အေးလွန်တဲ့ ရာသီဥတုကိုတော့ စိတ်ပူနေမိတယ်လို့ ဆိုပါတယ်။ သူက အသက် ၂၃ နှစ်ရှိသူဖြစ်ပြီး ပြည်ပသို့ ပထမဆုံးအကြိမ် ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ပထမအသုတ်မှာ ပါဝင်သူ နောက်တစ်ဦးဖြစ်တဲ့ ဇင်ဇင်မိုးကတော့ အသက် ၂၈ နှစ် ရှိသူဖြစ်ပြီး သက်ကြီးရွယ်အိုတွေကို ကူညီလိုတယ်လို့ သူက ပြောပါတယ်။ ကွယ်လွန်သူ ဖခင်ကို ပြုစုစောင့်ရှောက်ဖို့ အခွင့်မသာခဲ့ကြောင်းလည်း သူက ပြောပါတယ်။
သူနာပြုစောင့်ရှောက်ရေး သင်တန်းအစီအစဉ်မှာ အဦးဆုံး ပါဝင်ခဲ့တဲ့ ပြည်ပလုပ်သား နှစ်ဦးဟာ တရုတ်အမျိုးသမီးနှစ်ဦး ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ဂျပန်နိုင်ငံကို စတင်ရောက်ရှိခဲ့ကြပါတယ်။ နှစ်ဦးစလုံးဟာ တရုတ်နိုင်ငံ ဒါလျန်းမြို့မှာ သူနာပြုစောင့်ရှောက်ရေး အတွေ့အကြုံ ရှိထားကြသူတွေ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ လုပ်သားရှားပါးမှု ပြဿနာ ပြင်းထန်နေတာမို့ ပြည်ပလုပ်သားတွေ လာရောက်လုပ်ကိုင်စေဖို့ လမ်းပွင့်အောင် အစိုးရမှ ဗီဇာစနစ်သစ်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်ကျင့်သုံးခဲ့ပါတယ်။ အဲဒီစနစ်သစ်အရ အောက်ခြေလုပ်သားတွေ ၀င်လာဖို့ လမ်းပွင့်သွားပါတယ်။
ယခင်က ဆရာဝန်တွေ၊ ဥပဒေပညာရှင်တွေ၊ ဆရာဆရာမတွေ စတဲ့ သက်မွေးပညာရှင်တွေကိုသာ အလုပ်လုပ်ခွင့်ဗီဇာကို ပေးလေ့ရှိပါတယ်။ အခုလို အချိန်ပြည့်လုပ်သားတွေ ခေါ်သွင်းတဲ့အပြင် ပြည်ပကျောင်းသူကျောင်းသားများအနေဖြင့် အချိန်ပိုင်း အလုပ်လုပ်ခွင့်ကိုလည်း ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး “ဂျပန် သူနာပြုလျှောက်ထားသူများ သတိပြုရန်” အချက်များကို ဖော်ပြပေးသွားပါမည်။
Source: KYODO NEWS