What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 January 2019 17:23

အူကျခြင်း အကြောင်း ( Inguinal Hernia )

အူကျခြင်းသည် ဝမ်းဗိုက်၏ ကြွက်သားများအားနည်းသည့်နေရာတွင် အူ၏အစိတ်အပိုင်းတစ်ခုခု ကျွံကျလာခြင်းဖြစ်သည်။

ကျွံကျလာသည့်အူကို ပေါင်ခြံတွင် အလုံးတစ်လုံးအနေဖြင့်စမ်းမိတတ်ပါတယ်။ ချောင်းဆိုးသည့်အခါ ၊ ခါးကိုင်းသည့်အခါ နှင့် အလေးအပင်မသည့်အခါများတွင် ထိုအလုံးရှိသည့် နေရာတွင် နာကျင်တတ်ပါတယ်။ အူကျခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများမရှိသေးလျှင် ခွဲစိတ်စရာမလိုသေးပါ ၊ အန္တရာယ်မရှိပါ ။ အလုံးမှာ ကြီးလာခြင်း ၊ နာလာခြင်း နှင့် အခြားအူပိတ်သည့်လက္ခဏာများပေါ်လာလျှင်တော့ ခွဲစိတ်ကုသရဖို့ လိုမှာလည် ဖြစ်ပါတယ်။

 

လက္ခဏာများကတော့ ပေါင်ခြံတစ်နေရာရာတွင် ဖောင်းနေခြင်း ၊ အလုံးစမ်းမိခြင်း (ပေါင်ခြံနှစ်ဖက်စလုံးတွင်ဖြစ်နိုင်သည်) ထိုအလုံးသည် မတ်တပ်ရပ်သည့်အခါ ၊ ချောင်းဆိုးသည့်အခါနှင့် အလေးအပင်မသည့်အခါများတွင် ကြီးလာခြင်း ၊ သိသာလာခြင်း ။ အလုံးရှိသည့်နေရာတွင် နာခြင်း ၊ ခပ်တင်းတင်းခံစားရခြင်း(အထူးသဖြင့် ခါးကိုင်းခြင်း ၊ ချောင်းဆိုးခြင်း၊ အလေးအပင်မခြင်းများ ပြုလုပ်သည့်အခါ ပိုဆိုးတတ်သည်) ၊ အူကျသည့်ဘက်မှ ကပ္ပယ်အိတ်မှာ ကြီးလာခြင်း၊နာခြင်း၊အလုံးစမ်းမိခြင်း။ လဲလျောင်းသည့်အနေအထားဖြင့် ကျနေသော အူအစိတ်အပိုင်းကို ဝမ်းဗိုက်ထဲသို့  ပြန်တွန်းတင်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

 

အူပိတ်ခြင်း၏လက္ခဏာကတော့ ကျနေသည့် အူအစိတ်အပိုင်းကို ဝမ်းဗိုက်အတွင်းသို့ တွန်းတင်၍ မရတော့သည့်အခါတွင် အူပိတ်ခြင်းဖြစ်နိုင်ပါတယ်။ ပိတ်နေသောအူသို့ သွေးရောက်ရှိမှုနည်းသွားသည့်အခါတွင် ထိုအူအစိတ်အပိုင်းမှာ ပုပ်သွားနိုင်ပါတယ်။ ထိုအခြေအနေသည် အရေးပေါ်ခွဲစိတ်ရမည့် အခြေအနေဖြစ်ပါတယ်။လက္ခဏာများမှာ-- ပျို့ အန်ခြင်း ၊ အဖျားတက်ခြင်း ၊ ပေါင်ခြံရှိအလုံးရှိသောနေရာမှာ မခံမရပ်နိုင်အောင်နာကျင်ခြင်း၊ နီရဲလာခြင်း၊နီရာမှ တဖြည်းဖြည်း ခရမ်းရောင်၊ ပုပ်သည့်အရောင်ဖြစ်လာခြင်း ၊ ဝမ်းဗိုက်ဖောင်းလာခြင်း၊တင်းလာခြင်း ၊ အထက်ပါလက္ခဏာများရှိပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရမည်ဖြစ်ပါတယ်။

 

မွေးကင်းစကလေးများနှင့်တစ်နှစ်အောက်ကလေးများတွင် အူကျခြင်းသည် မွေးရာပါ ဝမ်းဗိုက်ကြွက်သားများ အားနည်းခြင်းကြောင့်ဖြစ်ပါတယ်။ ကလေးငိုသည့်အခါ ၊ ချောင်းဆိုးသည့်အခါနှင့် ဝမ်းညှစ်သည့်အခါများတွင် ပေါင်ခြံရှိအလုံးကို မြင်နိုင်ပါတယ်။ ထိုအလုံးကနာနေသည့်အခါများတွင် ကလေးမှာ ဂျီကျခြင်း၊ အစားနည်းခြင်းများဖြစ်တတ်ပါတယ်။ကလေးကြီးများတွင် အူကျခြင်းကို ချောင်းဆိုးခြင်း၊ ဝမ်းညှစ်ခြင်း၊ အကြာကြီးရပ်နေသည့်အခါများတွင် တွေ့ နိုင်ပါတယ်။

 

ဖြစ်ပွားရသော အကြောင်းရင်းကတော့ ဝမ်းဗိုက်ထဲတွင် ဖိအားများလာခြင်း (နာတာရှည်ချောင်းဆိုးခြင်း၊ဝမ်းချုပ်ခြင်း၊ ရေဖျဉ်းဆွဲခြင်း၊ ဝမ်းဗိုက်အတွင်းကလီစာများတွင် ကင်ဆာဖြစ်ခြင်း) ၊ ဝမ်းဗိုက်ကြွက်သားများအားလျော့နေခြင်း ၊ ဝမ်းသွားသည့်ညှစ်၍ သွားရခြင်း၊ ဆီးညှစ်ရသွားရခြင်း (ဥပမာ-ဆီးကျိတ်ရှိသူများ) ၊ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုလုပ်သူများ ၊ ကိုယ်ဝန်ဆောင်များ ၊ နာတာရှည် ချောင်ဆိုးနေသူများ၊နှာချေနေသူများ တို့ဖြစ်ပါတယ်။

 

အူကျသည့်လူအများစုမှာ မွေးရာပါ ဝမ်းဗိုက်ကြွက်သားများ အားလျော့နေသောကြောင့်ဖြစ်သည်။အားလျော့နေသည့်နေရာတွင် ဝမ်းဗိုက်အတွင်းပိုင်းကို ကာကွယ်ပေးထားသော အလွှာပါးသည်လုံအောင် မပိတ်နိုင်တော့ကြောင့် ဖြစ်ပါတယ်။ ထိုအခါ အူကျခြင်းသည် မွေးကတည်းက သို့ မဟုတ် ကလေးဘဝတွင် ဖြစ်တက်လာပါတယ်။

 

အချို့ သောသူများသည် အသက်ကြီးမှဖြစ်တတ်ပြီး အကြောင်းရင်းမှာ အသက်ကြီးလာသည့်အခါ ကြွက်သားများအားလျော့လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုများလုပ်ရခြင်း ၊ ဆေးလိပ်သောက်ခြင်းများနှင့် ဆက်စပ်နေကြပါတယ်။ ဝမ်းဗိုက်ကြွက်သားများအားလျော့ခြင်းသည် ဝမ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာရဖူးခြင်း ၊ ခွဲစိတ်ဖူးထားခြင်းများနှင့်လည်း ဆက်စပ်နေပါတယ်။

 

ဖြစ်နိုင်ချေများသူကတော့ အမျိုးသားများ ၊ အသက်ကြီးသူများ ၊ အရှေ့ တိုင်းသားများ ၊ မျိုးရိုးရှိသူများ ၊ နာတာရှည်ချောင်းဆိုးနေသူများ(ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်သည်) ၊ နာတာရှည်ဝမ်းချုပ်နေသူများ(ဝမ်းသွားသည့်အခါတိုင်း ညှစ်၍သွားရသောကြောင့်ဖြစ်သည်) ၊ ကိုယ်ဝန်ဆောင်များ(ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ဝမ်းဗိုက်တွင်း ဖိအားများလာသောကြောင့်ဖြစ်သည်) ၊ ပေါင်မပြည့်၊ လမစေ့ဘဲမွေးသူများ ၊ အူကျဖူးသူများ၊ အူကျခြင်းကို ခွဲစိတ်ကုသထားသူများတို့ ဖြစ်ပါတယ်။ ဒါပြင်အူကျခြင်း၏ နောက်ဆက်တွဲ ပြဿနာများ ကတော့ ကျနေသော အူအစိတ်အပိုင်းသည် ကပ္ပယ်အိတ်ထဲထိ ရောက်သည့်အခါ ကပ္ပယ်အိတ်ကြီးလာခြင်း၊ နာလာခြင်း ၊ အူပိတ်ခြင်း နှင့် အူပုပ်ခြင်း အထိ ဖြစ်စေနိုင်ပါတယ်။


အူကျခြင်းကို ဘယ်လိုကာကွယ်ရမလဲ။

မွေးရာပါ ဝမ်းဗိုက်ကြွက်သားအားလျော့ခြင်း မဖြစ်အောင်တော့ ကာကွယ်၍မရနိုင်ပါဘူး။ သို့ သော် ဝမ်းဗိုက်ကြွက်သားပေါ်တွင် အားသက်ရောက်ခြင်းမရှိရန် အနေအထိုင်အပြုအမူများကို ဆင်ခြင်ရန်တော့လိုအပ်ပါတယ်။ သင့်တော်သော ကိုယ်ခန္ဓာအလေးချိန်ရအောင်နေထိုင်ပါ။ ဝမ်းချုပ်ခြင်းမဖြစ်ရအောင် အမျှင်ဓာတ်ပါသော အစားအစာများများစားပါ။ လေးလံသောပစ္စည်းများမသည့်အခါ သတိထားပါ။ဖြစ်နိုင်လျှင် မမပါနှင့်။ ဆေးလိပ်ဖြတ်ပါ။ အူကျသည့်သူများအတွက် အထူးပြုလုပ်ထားသည့် အတွင်းခံဘောင်းဘီများကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

Source: Khin JyuJyu Ko (healthcare.com.mm)

 

Read: ၀ိတ်ကျစေဖို့အတွက် Green Tea ကို ဘယ်လို သောက်မလဲ

ဝိတ်ကျစေဖို့အတွက် Green Tea ကို ဘယ်လို သောက်မလဲ

Read times Last modified on Thursday, 24 January 2019 17:35
Rate this item
(2 votes)