What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 15:20

ဆီးအိတ်ကို လှုံ့ဆော်ပေးသော အပြုအမူ ၉ မျိုး

ဆီးအိတ်ကို လှုံ့ဆော်ပေးတဲ့ အရာတွေကြောင့် ဆီးစိမ့်ထွက်တာကို ဖြစ်စေနိုင်ပါတယ်။

လူကြားထဲမှာ ဆီးစိမ့်ထွက်ရင် စိတ်အနှောင့်အယှက် ဖြစ်ရတာကြောင့် ဆီးအိတ်ကို လှုံ့ဆော်ပေးတဲ့ အရာတွေကို ရှောင်လွှဲရပါမယ်။

 

၁ ။ ပြေးခြင်း၊ ကြိုးခုန်ခြင်းနှင့် အားကစား

အားကစားကြောင့် ဆီးစိမ့်ထွက်တာကို ဖိအားကြောင့် ဆီးမထိန်းနိုင်ခြင်းလို့ ခေါ်ပါတယ်။ တင်ပဆုံကွင်း ကြွက်သားတွေ အားနည်းတဲ့အခါ ဆီးအိတ် ကြွက်သားတွေနဲ့ ဆီးပြွန်ချောင်းက အပြည့်အဝ တင်းမထားနိုင်တော့ပါဘူး။ ပြေးတာ၊ ကြိုးခုန်တာ၊ ဘောလုံးကန်တာလို ပြင်းထန်တဲ့ အားကစားတွေကြောင့် ဆီးစိမ့်ထွက်တတ်ပါတယ်။

 

အားကစားကြောင့် ဆီးစိမ့်ထွက်တတ်လို့ အားကစား မလုပ်တော့ဘဲ မနေပါနဲ့။ ရှက်ရွံ့မနေဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်က Kegel လေ့ကျင့်ခန်းကို သင်ပေးပါလိမ့်မယ်။ ရေကို အလွန်အကျွံ မသောက်ပါနဲ့။ အားကစား မလုပ်ခင် ရေတစ်ဖန်ခွက် အပြည့် သောက်တာက များလွန်းနေတာကြောင့် လျှော့သောက်ပါ။ အားကစား လုပ်ပြီးမှ ထပ်သောက်ပါ။

 

၂ ။ Sex

Sex ကြောင့် ဝမ်းဗိုက်၊ ဆီးပြွန်ချောင်းနဲ့ ဆီးအိတ်တွေပေါ်ကို ဖိအား သက်ရောက်ကာ ဆီးစိမ့်ထွက်ရတာပါ။ Sex ကိစ္စ မတိုင်ခင် တစ်နာရီ အလိုမှာ ဘာအရည်ကိုမှ မသောက်ပါနဲ့။  Sex ကိစ္စ မတိုင်ခင် အိမ်သာသွားပါ။  ဆီးအိမ် ကြွက်သားတွေကို ကျုံ့လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ရတဲ့ Kegel လေ့ကျင့်ခန်းကို လုပ်ပါ။

 

၃ ။ ရယ်မောခြင်းနှင့် နှာချေခြင်း

ဆီးအိတ်နဲ့ ဆီးပြွန်ချောင်းတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပဆုံ ကြွက်သားတွေ အားနည်းနေချိန်မှာ ရယ်လိုက်တဲ့အခါ ဆီးအိတ်နဲ့ ဆီးပြွန်ချောင်းတွေ ကြားက ညှစ်ကြွက်သားဟာ ထင်သလောက် တင်းမထားနိုင်တော့ပါဘူး။  မကြာခဏ ဆီးသွားပေးပါ။ ဆီးသွားချိန်မှာ ဆီးတွေ အကုန်အစင် သွားပြီးတဲ့အထိ မိနစ် အနည်းငယ် စောင့်ပါ။ တင်ပဆုံကွင်း ကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်း လုပ်ပေးပါ။ အိမ်သာ မသွားရသေးဘူးဆိုရင် တစ်ယောက်ယောက်က ရယ်မောအောင် စနောက်ချိန်မှာ ဟားတိုက် မရယ်ပါနဲ့။ စိတ်ကို ထိန်းပြီး ပြုံးရုံပဲ ပြုံးပါ။

 

၎ ။ အရက်

အယ်လ်ကိုဟောဟာ ဆီးအိတ်ကို လှုံ့ဆော်စေရုံသာမက ဆီးရွှင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ဆီးမထိန်းနိုင်တာကို နှစ်ဆ ပိုဖြစ်စေပါတယ်။  အရက်ကို မသောက်တာကတော့ အကောင်းဆုံးပါ။ မသောက်ဘဲ မနေနိုင်ရင်တော့ အကန့်အသတ်နဲ့ သောက်ပါ။ အထူးသဖြင့် ရေဓာတ် အခြေခံ ဂျင်အရက်ဟာ ဝီစကီထက် ဆီးအိတ်ကို ပိုလှုံ့ဆော်စေနိုင်ပါတယ်။  အရက်ကို Coke နဲ့ ချဉ်တဲ့ ဖျော်ရည်တွေနဲ့ ရောသောက်ရင် ဆီးမထိန်းနိုင်တာကို ပိုဖြစ်စေနိုင်ပါတယ်။

 

 

၅ ။ ကော်ဖီနှင့် လက်ဖက်ရည်

ကဖင်းဓာတ်မှာ ဆီးရွှင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ဆီးမထိန်းနိုင်တာကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းဓာတ်ကို တတ်နိုင်သမျှ လျှော့ပါ။ ကော်ဖီအပြင် လက်ဖက်ရည်၊ ချောကလက် စတာတွေမှာလည်း ကဖင်းဓာတ် ပါဝင်နေပါတယ်။ ဒါကြောင့် နံနက်ခင်း တစ်ချိန်တည်းမှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို တွဲမသောက်ပါနဲ့။

 

၆ ။ ကျပ်လွန်းသော ဂျင်းဘောင်းဘီ

ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ မိန်းမကိုယ် ပိုးဝင်တာ မဖြစ်အောင် ကာကွယ်ဖို့ အဝတ်အစား ချောင်ချောင်ချိချိ ဝတ်ပါလို့ ဆရာဝန်တွေက ညွှန်ကြားတတ်ပါတယ်။ ကျပ်လွန်းတဲ့ ဘောင်းဘီ ဝတ်တဲ့အခါ အစိုဓာတ်ကို ခြောက်သွေ့အောင် လေက မဝင်နိုင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားနေနိုင်လို့ပါ။ ကျပ်တဲ့ ဘောင်းဘီ ဝတ်ချင်ရင် သင့်ထက် နံပါတ်တစ် ဆိုက်ကြီးတာကို ဝတ်ပါ။  အတွင်းခံ ဘောင်းဘီက စိုနေရင် အသစ် လဲပေးပါ။ နိုင်လွန်သားနဲ့ လုပ်ထားတဲ့ ဘောင်းဘီအစား ချည်သားဝတ်ပါ။

 

၇ ။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်တာက ဆီးအိတ် လိုင်နင်ကို လှုံ့ဆော်တဲ့အခါ မကြာခဏ ဆီးသွားလိုစိတ် ပြင်းပြတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကို စစ်ဆေးပြီး ဝင်တဲ့ ပိုးအမျိုးအစား အလိုက် ဆေးကုသမှု ခံယူပါ။ ပဋိဇီဝ ပိုးသတ်ဆေး သောက်တဲ့အခါ ဆေးပတ်လည်တဲ့အထိ သောက်ပါ။

 

၈ ။ ဆေးဝါးအချို့

ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေရှိ ကြွက်သားတွေကို အနားရစေတဲ့ ဆေးဝါးတွေဟာ ဆီးအိတ်နဲ့ ဆီးပြွန်ချောင်းက ကြွက်သားတွေကို အနားရစေပါတယ်။ ဒါပေမဲ့ ဆေးတချို့ကတော့ ဆီးမထိန်းနိုင်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ ပြောရရင် သွေးကျဆေး တချို့၊ ဆီးဆေးတချို့၊ စိတ်ကျရောဂါ ကုသဆေး တချို့၊ အိပ်ဆေးတချို့ စတာတွေပဲ ဖြစ်ပါတယ်။  ဆေးတွေကို မမှီဝဲခင် ဘေးထွက် ဆိုးကျိုးကို စစ်ဆေးပါ။ သင်သောက်နေတဲ့ ဆေးတွေကြောင့် ဆီးမထိန်းနိုင်တာ၊ ဆီးအိတ် ပြဿနာ စတာတွေလို ဘေးထွက် ဆိုးကျိုးတွေကို ခံစားနေရရင် ဆရာဝန်ကို ဆေးပြောင်းပေးဖို့ ပြန်လည် ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

 

၉ ။ ဝမ်းချုပ်ခြင်း

အူမကြီးနဲ့ အစာဟောင်းအိမ် အောက်ပိုင်းဟာ ဆီးအိတ်နားမှာ ရှိတာကြောင့် တူညီတဲ့ နာ့ဗ်ကြောတွေကို မျှဝေ သုံးရပါတယ်။ အစာဟောင်းအိမ်ထဲမှာ ဝမ်းချုပ်နေရင် နာ့ဗ်ကြောတွေက တက်ကြွလွန်ပြီး ဆီးမထိန်းနိုင်တာကို ဖြစ်စေနိုင်ပါတယ်။  အမျှင်ဓာတ်များတဲ့ အစာစားပြီး ဝမ်းမှန်အောင် ကြိုးစားပါ။ ရေများများ သောက်ပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။ အဲဒီ အပင်ထွက် ပစ္စည်းတွေထဲက ရေဓာတ်ဟာ ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

 

Source: ကေအမ် 

Health Products Dorectory

Read times
Rate this item
(0 votes)