What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 10 May 2020 22:59

အကူအညီပေးရေး လေကြောင်းပျံသန်းမှု နှင့် ပတ်သက်၍ ကုလသမဂ္ဂ အသိပေးကြေညာ

ကုလသမဂ္ဂသည် ဥရောပသမဂ္ဂ/ဆွစ်ဇာလန်နိုင်ငံတို့မှ ရန်ပုံငွေပံ့ပိုးကူညီထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ

အကူအညီပေးရေး လေကြောင်းပျံသန်းမှုအား ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ COVID-19 ရောဂါပိုး စစ်ဆေးရေးကိရိယာ ၁၀,၀၀၀ ကို သယ်ဆောင်ခြင်းဖြင့် စတင်သည်။

COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဥ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများနှင့် ဝန်ထမ်းများကို သယ်ယူပို့ဆောင်ပေးနိုင်ရန် ရန်ကုန်မြို့နှင့်ကွာလာလမ်ပူမြို့ကို ချိတ်ဆက်ပေးမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လေကြောင်းပျံသန်းမှုများကို စတင်ခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လေယာဉ်၏ ပထမဆုံးခရီးစဉ်တွင် Gavi ၏ ထောက်ပံ့မှုဖြင့် UNICEFမှ ဝယ်ယူထားသော COVID-19 ရောဂါပိုးစမ်းသပ်ကိရိယာ (test kits) နှင့် ဓာတ်စမ်းပစ္စည်း ၂၀,၀၀၀ အနက်မှ ပထမအသုတ်အဖြစ် ၁၀,၀၀၀ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါပိုးစစ်ဆေးရှာဖွေနိုင်သည့် စွမ်းရည်ကိုတိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုအားဖြည့်ပေးနိုင်မည် ဖြစ်သည်။

ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ သဒ္ဒါထက်သန်သည့်ငွေကြေးပံ့ပိုးမှုများဖြင့် WFP သည် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ ပထမအဆင့်ကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ လေယာဉ်ပျံသန်းမှုတစ်ကြိမ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ( ၂) မက်ထရစ်တန်အထိ မြန်မာနိုင်ငံသို့ တင်ဆောင်သယ်ယူနိုင်မည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု အကူအညီပေးရေး အဖွဲ့များ၏ ဝန်ထမ်းများကိုလည်း သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။“WFP အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီတုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ အရေးပါတဲ့ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍကို ပံ့ပိုးပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောကြားခဲ့သည်။ “အခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုတွေက ဒီကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်တဲ့နေရာမှာ မြန်မာနိုင်ငံအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ၊ ကိရိယာတွေ တင်သွင်းတာတွေကို အရှိန်မြှင့်ပေးနိုင်မှာပါ။ ကယ်ဆယ်ရေးဝန်ထမ်းတွေ သယ်ယူပို့ဆောင်ဖို့ကိုလည်း ကူညီပေးနိုင်မှာဖြစ်ပါတယ်” ဟု Mr. Anderson က ဆိုသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း၏ ရောဂါပိုးစစ်ဆေးနိုင်စွမ်းမြှင့်တင်ရန်နှင့် ရောဂါပိုးစစ်ဆေးမှု လိုအပ်ချက်များကို တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ ပထမအသုတ်အဖြစ်ရောက်ရှိလာသော ရောဂါပိုးစစ်ဆေးရေး ကိရိယာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဒုတိယအသုတ်မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လမတိုင်မီ ရောက်ရှိလာမည်ဟု မျှော်မှန်းထားပါသည်။“COVID-19 သံသယလူနာတွေကို ဓာတ်ခွဲစမ်းသပ်ဖို့နဲ့ ရောဂါရှိသူနဲ့ထိတွေ့မိသူတွေကို ခြေရာခံဖို့က ထိထိရောက်ရောက် ရောဂါထိန်းချုပ်ဖို့နဲ့ ကုသမှုတွေအတွက် အဓိကကျတဲ့ နည်းဗျူဟာတွေပါ” ဟု ယူနီဆက်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi ကပြောကြားခဲ့သည်။ “WFP က ချိတ်ဆက်ဆောင်ရွက်နေတဲ့ အကူအညီပေးရေး လေကြောင်းခရီးစဉ်တွေအပြင် Gavi, the Vaccine Allianceရဲ့ ရက်ရက်ရောရော ငွေကြေးပံ့ပိုးမှုတွေသာ မပါခဲ့ရင် ရောဂါစမ်းသပ်ကိရိယာတွေ သယ်ယူလွှဲပြောင်းပေးအပ်ဖို့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” ဟု Ms. Kunugi က ဖြည့်စွက်ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးက နိုင်ငံတော်အစိုးရကို ပံ့ပိုးကူညီဖို့နဲ့ ဒီကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အတူတကွ စုပေါင်းပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်နေကြတာကို မြင်ရတာဂုဏ်ယူမိပါတယ်” ဟု မြန်မာနိုင်ငံရှိကုလသမဂ္ဂ၏ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr. Ola Almgren ကပြောကြားခဲ့သည်။ “ဒီကပ်ရောဂါကြီးကို ကျွန်တော်တို့ပူးပေါင်းတုံ့ပြန်တားဆီးတဲ့နေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့နည်းပညာပိုင်းဆိုင်ရာဦးဆောင်မှုနဲ့အတူ ပါဝင်နေကြတဲ့ WFP၊ UNICEF နဲ့ အခြားအေဂျင်စီတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ထို့အတူ ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ရဲ့ အရေးပါလှတဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု Mr. Ola Almgren က ပြောကြားသည်။

မြန်မာနိုင်ငံရှိကုလသမဂ္ဂ၏ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက “အလှူရှင်တွေအားလုံးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကိုလည်း ကုလသမဂ္ဂမှတစ်ဆင့် ငွေကြေးပံ့ပိုးမှုတွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်” ဟု ဆိုသည်။ “ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုတွေဟာ ဒီဘုံရန်သူရောဂါကြီးကို ပူးပေါင်းတိုက်ခိုက်တဲ့နေရာမှာ ဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတာကို မြင်တွေ့နေကြရပါပြီ”ဟု Mr. Almgren က မှတ်ချက်ပြုပြောကြားသည်။ “ကျွန်တော်တို့ ဒီကပ်ဘေးကို အတူတူရင်ဆိုင်ပြီး အတူတူကျော်ဖြတ်နိုင်ကြမှာပါ။”

 

Read times
Rate this item
(0 votes)