ရာသီဥတုအပြောင်းအလဲအချိန်များတွင် ကလေးငယ်များအတွက် ချောင်းဆိုး ၊ နှာရည်ကျခြင်း ၊ နှာစေးခြင်း နှင့် နှာခေါင်းပိတ်ခြင်း စတာတွေ ဖြစ်စေပါတယ်။
အခုလို ဆောင်းရာသီမှာ ကလေးငယ်များကို ဦးခေါင်း ၊ လည်ပင်း နွေးအောင်ထားခြင်း ၊ ရာသီအပြောင်းအလဲမှာ လိုက်ဖက်သည့် အဝတ်များကိုသာ ဝတ်ဆင်ပေးခြင်း ၊ ချွေးထွက်များလာရင် သုတ်ပြီး အင်္ကျီလဲပေးရမည် ဖြစ်ပါတယ်။
ဂရုစိုက်ရမည့် အချက်များ
- နို့စို့အရွယ်ကလေးငယ်များမှာ ချောင်းဆိုးလာပြီဆိုရင် ကလေးရင်ဘတ်ကို နွေးထွေးအောင်ထားပါ။
- မိခင်နို့ကို ပိုတိုက်ကျွေးသင့်ပြီး ကြေလွယ်တဲ့အစာများ နှင့် အရည်များကို တိုက်သင့်ပါတယ်။
- ချောင်းဆိုးပျောက်ဆေးရည်များကို တိုက်မည်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်ပြီး တိုက်သင့်ပါတယ်။
- ကလေးငယ်များကို လူထူထပ်သည့် နေရာများကို ခေါ်သွားခြင်းကို ရှောင်ကြဉ်ပါ။
- ကလေးချောင်းဆိုနေသည်မှာ သုံးပတ်ကျော်လာရင်တော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။
ကုသရမည့် နည်းလမ်းများ
- ရေနွေးငွေ့ကို ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ရှူခြင်း။
- သင့်လက်ချောင်းကို ပျားရည်ထဲနှစ်ထည့်ပြီး ကလေးကို တစ်နေ့လျှင် ၂ ကြိမ် ၃ ကြိမ် လျှာဖြင့် လျက်ခိုင်းခြင်း။
- ၅ နှစ်အထက်ဖြစ်သော ကလေးငယ်များကို သစ်ကြံ ပိုးခေါက်အမှုန့်တစ်ဇွန်းပျားရည်ထဲထည့် သောက်ခိုင်းခြင်း။
- ရေနွေးထဲတွင် ဇီရာစေ့နှင့် ပင်စိမ်းရွက်ထည့်၍ ရှူခိုင်းခြင်းဖြင့် ချောင်းဆိုးနှင့် ရင်ကျပ် သက်သာစေခြင်း။
- မုန်ညင်းဆီကို ကြက်သွန်ဖြူနှင့် ရောကာ ကလေး၏ ရင်ဘတ် ၊ ကျော ၊ လည်ပင်း၊ လက်ဖဝါး နှင့် ခြေဖဝါး တို့ကို လိမ်းပေးခြင်း။
- ရေပုံမှန်သောက်ပေးခြင်းဖြင့် သာမန်အအေးမိခြင်းကို သက်သာစေပြီး ရောဂါပိုးမွှားများဝင်ရောက်ခြင်းကို ကာကွယ်နိုင်ကာ လည်ပင်းရောင်ရမ်းမှုကို လျော့ချပေးနိုင်ခြင်း။
- လည်ပင်းနာခြင်း သက်သာစေရန် ရေနွေးတစ်ခွက်ထဲသို့ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ တစ်နေ့လျှင် နှစ်ကြိမ် ပလုတ်ကျင်းခိုင်းခြင်း။