အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အခြေခံကျောင်းသားကျောင်းသူများကိုသာ COVID-19 ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ၁၈ နှစ်အထက် ကျောင်းသားကျောင်းသူများ ထိုးနှံခွင့်မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အချို့ဒေသများတွင် အသက် ၁၈ နှစ် အထက် ကျောင်းသားကျောင်းသူများ ထိုးနှံ၍ရကြောင်း ပြောဆိုမှုများရှိနေကြောင်း သိရသည်။
ကလေးများ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတွင် ဦးစားပေးမဟုတ်သော်လည်း ကလေးများတွင် ရောဂါကူးစက်မရှိစေရန်နှင့် ဘေးကင်းစိတ်ချစွာ ပညာသင်ကြားနိုင်ရေး ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကျောင်းများမှတစ်ဆင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၁၂ နှစ်အထက် ကလေးများကို ကာကွယ်ဆေး မဖြစ်မနေထိုးနှံပေးရန် တိုက်တွန်းကြောင်းနှင့် ကလေးများကို ကာကွယ်ဆေးထိုးပေးရာတွင် အစစအရာရာ ဘေးကင်းလုံခြုံအောင် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၇ ရက်မှစ၍ တစ်နိုင်ငံလုံး အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများကို COVID-19 ရောဂါကာကွယ်ဆေး Sinovac စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဆီးချိုရှိသူ၊ ပန်းနာရင်ကျပ်ရှိသူ၊ ဝသူ၊ အဆုတ်မကောင်းသူ၊ ကိုယ်ခံအားကျဆင်းသူ၊ သွေးထဲတွင် သွေးနီဥပုံပျက်နေသည့် ရောဂါရှိသူစသည့် ကလေးများတွင် COVID-19 ကူးစက်မှုအန္တရာယ် ပိုရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကလေးများတွင် ရောဂါပိုးကူးစက်ပါက ဆိုးဆိုးရွားရွား ဖြစ်လေ့မရှိကြောင်းနှင့် ကလေးများတွင် အနံ့အရသာပျောက်ခြင်းထက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်းစသည့်လက္ခဏာများ ပေါ်လာတတ်ကြောင်း သိရသည်။
မိသားစုဝင်များ ကာကွယ်ဆေးထိုးခြင်းသည် ကလေးများကို သွယ်ဝိုက်၍ ကာကွယ်ရာရောက်သည့်အတွက် ကာကွယ်ဆေးထိုးရန် အခွင့်အလမ်းရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးထားပါက ၎င်းတို့၏မိသားစုထဲတွင်ရှိသည့် ကလေးများ COVID-19 အန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်သည်။
အသက်အပိုင်းအခြားနှင့်ကြည့်ပါက ငါးနှစ်အောက်ကလေးများတွင် ကူးစက်မှု အလွန်နည်းပါးပြီး အသက်ငါးနှစ်မှ ကိုးနှစ်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်သည်လည်း ရောဂါဖြစ်ပွားမှုနည်းပါးကြောင်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်သည် ရောဂါကူးစက်မှု စတင်ရှိလာပြီး အသက် ၂၀ မှ ၂၄ နှစ်အရွယ်သည် ကူးစက်ဖြစ်ပွားမှု ပိုရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
news-eleven.com