What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 March 2019 11:51

အစာအိမ် အနာဖြစ်နေစဉ် ရှောင်ကြဉ်ရမည့် အစားအသောက်များ

ဘက်တီးရီးယားကူးစက်ခြင်းကြောင့် အနာဖြစ်ခြင်းနဲ့ Aspirin နဲ့ Ibuprofen တို့လို Nonsteroidal anti-inflammatory ဆေးဝါးတွေကြောင့်အစာအိမ်နံရံမှာ အနာ ဖြစ်ခြင်း ၂ မျိုးလို့ သိရပါတယ်။

ဘက်တီးရီးယားကူးစက်ခြင်းကြောင့် အဖြစ်များပြီး တစ်ခါတစ်ရံ အစာခြေလမ်းကြောင်းတစ်လျှောက် အနာတွေပျံ့သွားတာမျိုးလည်း ဖြစ်တတ်တယ်လို့ ဆရာဝန်တွေ သတိပေးထားပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်တယ်လို့လည်း ဆက်လက်သတိပေးထားတာကြောင့် မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်မျိုးလို့ ယူဆရမှာပါ။ အစာအိမ် အနာဖြစ်ခြင်းကို ကာကွယ်ဖို့ ဘယ်လိုအစားအသောက်မျိုး စားပေးရမယ်ဆိုတဲ့ တိကျတဲ့ ညွှန်ကြားချက်မျိုး မရှိပေမယ့် အနာဖြစ်နေစဉ်မှာ နောက်ထပ်ပိုပြီးဆိုးရွားတဲ့ အခြေအနေမျိုး မဖြစ်အောင် စားသောက်ပေးသင့်တဲ့ ၊ရှောင်ပေးရမယ့် အစားအသောက်တစ်ချို့တော့ရှိနေပါတယ်။ အစာအိမ်အနာ ဖြစ်နေစဉ်မှာ စားပေးသင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်ရမယ့် အစားအသောက်တွေက ဘာတွေများပါလဲ။

 

စားပေးသင့်တဲ့ အစားအသောက်များ 

Probiotic ပါဝင်တဲ့ အစားအသောက်များ

အစာအိမ်အနာပေါက်တဲ့ အခါမှာ အတော်များများ နားလည်မှုလွဲနေတတ်တဲ့ အချက်တစ်ချက်ရှိပါတယ်။ Probiotic ပါဝင်တဲ့ အစားအသောက်များဖြစ်တဲ့ ဒိန်ချဉ် ၊ ကင်ချီ ၊ ဂေါ်ဖီချဉ် စတာတွေကို မစားသင့်ဘူးဆိုတဲ့ အချက်ပါ။ အမှန်တကယ်မှာက အဆိုပါ အစားအသောက်တွေမှာ ပါဝင်နေတဲ့ Probiotic Substance တွေမှာ အနာဖြစ်ခြင်းကို ကုသရာမှာ အဓိကကျတဲ့ အနာကျက်စေနိုင်တဲ့ အာနိသင်နဲ့ ဝေဒနာကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ ဒါ့အပြင် ဒိန်ချဉ် ၊ ကင်ချီ နဲ့ ဂေါ်ဖီချဉ်လိုမျိုး အစားအသောက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တတ်လေ့ရှိပြီး အမျှင်ဓာတ်ကို သင့်အစာအိမ်နဲ့အစာခြေ လမ်းကြောင်းတစ်လျှောက်က ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ ဘက်တီးရီးယား ၊ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ အလုပ်လုပ်တဲ့ ပုံစံကို မျှတအောင်လုပ်ဆောင်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအစားအသောက်တွေဟာ Probiotic ရရှိအောင် အချဉ်ဖောက်ရတာကြောင့် ပြုလုပ်စဉ်မှာ သန့်ရှင်းမှုရှိဖို့အထူးလိုအပ်ပြီး မသန့်ရှင်းတဲ့ ပစ္စည်းများကို စားသောက်မိရင်တော့ ရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်လို့ အထူးသတိထားသင့်ပါတယ်။ အစာအိမ်အနာပေါက်နေစဉ်မှာ နေ့စဉ်ဒိန်ချဉ်တစ်ခွက်ခန့် စားပေးခြင်းက အနာကြောင့်ခံစားရတဲ့ နာကျင်မှု ဝေဒနာကို သက်သာစေနိုင်ပြီး အနာကျက်မြန်စေနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။

 

သံလွင်ဆီ

အပင်ကနေရရှိတဲ့ အဆီထဲမှာ သံလွင်ဆီက အာဟာရတန်ဖိုး မြင့်မားပြီး ကျန်းမာရေးအတွက် ကောင်းမွန်လို့ နာမည်ကြီးတဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အာဟာရဗေဒ ပညာရှင်များနဲ့ ဆရာဝန်တွေက သင့်ရဲ့ နေ့စဉ်စားသောက်တဲ့ အစားသောက်တွေထဲမှာ သံလွင်ဆီကို ထည့်သွင်းစားသောက်ပေးကြဖို့ မကြာမကြာ တိုက်တွန်းနေကြခြင်းလည်း ဖြစ်ပါတယ်။ သံလွင်ဆီမှာ Omega 3 Fatty Acid အပြင် သတ္တုဓာတ် အမျိုးအစားစုံလင်စွာပါဝင်နေတာကြောင့် အစာအိမ်နံရံမှာ ဖြစ်တဲ့ အနာနဲ့ ပြဿနာတွေကို ကုသပေးနိုင်ရုံသာမကဘဲ အစာအိမ်နဲ့ အစာခြေလမ်းကြောင်းတစ်လျှောက် လှုပ်ရှားမှုကို ကောင်းမွန်စေနိုင်တဲ့ အာနိသင်လည်း ရှိနေပါတယ်။ ဒါကြောင့် အစာအိမ်အနာကို ကုသနေတဲ့အချိန်မှာ သင့်ရဲ့အစာအိမ်က ဝေဒနာကို သက်သာစေဖို့ သံလွင်ဆီစားသုံးပေးနိုင်ပြီး ရိုးရိုးသံလွင်ဆီထပ် Extra Virgin အမျိုးအစား သံလွင်ဆီက ပိုမိုကောင်းမွန်အစွမ်းထက်တယ်လို့လည်း သိရပါတယ်။

 

နနွင်း

ဟင်းချက်ရာမှာ အရောင်အဆင်း လှပဖို့ နဲ့ မွှေးကြိုင်တဲ့ အနံ့အတွက်မပါ မဖြစ် အသုံးပြုကြလေ့ရှိတဲ့ နနွင်းဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် သာမန် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုး ဆိုတာထပ် အများကြီးပိုတဲ့ အာနိသင်တွေပိုင်ဆိုင်ထားပါတယ်။ အခြားဟင်းခတ်အမွှေးအကြိုင်များနဲ့ မတူတဲ့ အချက်ကတော့ နနွင်းမှာ စပ်တဲ့ ဂုဏ်သတ္တိမရှိတာကြောင့် အစာအိမ်အနာကို ကုသရာမှာ အသုံးဝင်ပါတယ်။ နနွင်းမှာ ရောင်ရမ်းခြင်းကို တားဆီးနိုင်တဲ့ Anti-inflammatory ပစ္စည်းတွေပါဝင်တာကြောင့် အနာကို ရောင်ရမ်းမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အနာက ကုသရာမှာခက်ခဲပြီး အားအင်ကုန်ခမ်းစေတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဝေဒနာလည်း ခံစားရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အစာအိမ်အနာကြောင့် ဖြစ်တဲ့ ဝေဒနာကို နနွင်းမှာ ပါဝင်တဲ့ ဆေးဖက်ဝင်အာနိသင်တွေက သက်သာစေနိုင်တာကြောင့် အစားအသောက်တွေထဲမှာ နနွင်းကို ထည့်သွင်းပြီး စားပေးသင့်တယ်လို့ သိရပါတယ်။ အစာအိမ် မှာ အနာပေါက်နေချိန် အတွင်းမှာ နနွင်းသပ်သပ်ကိုပဲ သောက်သုံးခြင်းမျိုးကိုတော့ ပညာရှင်တွေ အားမပေးထားဘူးလို့ သတိပေးလိုပါတယ်။

 

မွေးမြူရေးကြက်

အစာအိမ်အနာ ကို ကုသနေစဉ်မှာ အိမ်ကြက်ကို စားသုံးခြင်းထပ် မွေးမြူရေးကြက်သားစားသုံးခြင်းက အစာကျေဖို့ ပိုမြန်တာကြောင့် ပိုပြီးသင့်တော်တယ်လို့ သိရပါတယ်။ ကြက်သား နဲ့ ကြက်ဆင်သားတွေမှာ သည်းခြေရည် ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် သင့်ရဲ့ကျန်းမာရေး ကို မထိခိုက်စေဘဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပစ်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်အနာကိုသက်သာစေဖို့ ကုသနေတုန်းမှာ မွေးမြူရေးကြက်သားကို သင့်တော်မျှတရုံပမာဏ အတွင်းစားသုံးပေးနိုင်ပြီး အရေခွံတွေကို ရှောင်သင့်ပြီး ပူစပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်များနဲ့ အခြားအရသာများ က လည်း အနာကို ရောင်ရမ်းလာစေနိုင်လို့ အသုံးမပြုသင့်ဘူးလို့ သိရပါတယ်။

 

 

ရှောင်ရမယ့် အစားအသောက်များ

ပူစပ်တဲ့ အစားအသောက်များ
အစာအိမ်မှာ အနာဖြစ်ခြင်းက သာမန် အပယိက ဖျားနာခြင်း မဟုတ်ဘဲ အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ ဒါကြောင့် ရောဂါဖြစ်နေပြီဆိုတာကို သိသိခြင်း သင်လုပ်ရမှာက သင့်ရဲ့ အစာအိမ်နဲ့ အစာအိမ်နံရံကို ထပ်ပြီး ၀န်ပိစေမယ့် အစားအသောက်တွေ စားသုံးခြင်းကို လုံးဝရှောင်ပေးရမှာပဲ ဖြစ်ပါတယ်။ အစာအိမ်ကို ၀န်ပိစေမယ့် အစားအသောက်များထဲမှာ ပူစပ်တဲ့ အစားအသောက်များ ၊ အက်ဆစ်ဓာတ်ပါဝင်တဲ့ အချဉ်များ ၊ ဟင်းခတ်မဆလာ ၊ ငရုတ်သီး ၊ ငရုတ်ကောင်း စတာတွေ ပါဝင်ပါတယ်။

 

ကဖိန်းဓာတ်

အစာအိမ်မှာ ရောဂါ တစ်ခုခုဖြစ်လာရင် ဆရာဝန်တွေက ကဖိန်းဓာတ်ကို ရှောင်ဖို့ညွှန်ကြားလေ့ရှိပါတယ်။ ဒါကြောင့် အစာအိမ် အနာဖြစ်နေတယ်ဆိုရင် သင်ရှောင်ရမယ့် အစားအသောက်တွေထဲမှာ ကော်ဖီနဲ့လက်ဖက်ရည် ပါဝင်ပါတယ်။ ကဖိန်းဓာတ်က အစာအိမ်ထဲမှာ အက်ဆစ်ထွက်နှုန်းကို တိုးစေနိုင်ပြီး ပူလောင်တဲ့ ဝေဒနာမျိုး သင့်ကို ခံစားစေရနိုင်ပါတယ်။

 

ဆီကြော်များ

အာလူးကြော်နဲ့ အခြားဆီကြော်များကိုလည်း ရှောင်ရမယ့် အစားအသောက်စာရင်းမှာ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ အဆိုပါ ဆီကြော်တွေက အစာအိမ်အနာရဲ့ အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်။ ဆီကြော်တွေက အစာအိမ်နံရံကို ရောင်ရမ်းလာစေနိုင်ပြီး အနာကျက်နေတဲ့ ဖြစ်စဉ်ကို နှေးကွေးသွားစေနိုင်ပါတယ်။

 

ဖုတ်ထားတဲ့ မုန့်များ

ကိတ်မုန့် ၊ ကွတ်ကီး နဲ့ ဂျုံအသုံးပြုပြီး ဖုတ်ထားတဲ့ မုန့်တွေကလည်း ရောဂါရဲ့ အခြေအနေကို ပိုဆိုးသွားစေနိုင်တယ်လို့ သိရပါတယ်။ မုန့်ဖုတ်ရာမှာ အသုံးပြုရတဲ့ ပါဝင်ပစ္စည်းတော်တော်များများက အစာအိမ်အနာအတွက် သင့်တော်မှုမရှိပါဘူး။ ဒါကြောင့် အဆိုပါ မုန့်အမျိုးအစား အားလုံးနီးပါးကို ရောဂါကို ကုသနေတဲ့ အချိန်အတွင်း စားသုံးခြင်းကို ရှောင်ထားသင့်ပါတယ်။



အစာအိမ် အနာဖြစ်နေစဉ်မှာ အစာအိမ်မှာ အနာဖြစ်တာက အခြားခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေမှာ အနာဖြစ်သလိုပဲ ခန္ဓာကိုယ်က ပြန်လည်ကုသတဲ့ ဖြစ်စဉ်အပြီး ၊အနာကျက်သွားရင် ပျောက်သွားတတ်တဲ့ ရောဂါတစ်မျိုးပါ။ ဒါပေမဲ့ အစာအိမ် အနာပေါက်ခြင်းလိုမျိုး အစာအိမ်မှာ ဖြစ်တဲ့ ပြဿနာတွေက အခန့်မသင့်ရင် နာတာရှည် ရောဂါလိုမျိုး လုံးဝ မပျောက်ကင်းတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အိမ်တွင်းကုထုံး ၊ပရဆေးဝါးတွေနဲ့ ကုရမယ့် ရောဂါ မဟုတ်ဘဲ ဆရာဝန်နဲ့ ပြသပြီး မှန်ကန်တဲ့ ဆေးဝါးနဲ့ ကုသမှု ခံယူဖို့ လိုအပ်တဲ့ ရောဂါဖြစ်ပါတယ်။ဒါပေမဲ့လည်း အစာအိမ် အနာဖြစ်နေစဉ်မှာ ခံစားရတဲ့ ဝေဒနာသက်သာစေဖို့ ၊ မြန်မြန်ပြန်လည်သက်သာစေနိုင်ဖို့ ပြုလုပ်ပေးနိုင်တဲ့ အချက်တစ်ချို့ရှိပါတယ်။

 

ရေများများသောက်ပါ။ တစ်ရက်ကို အနည်းဆုံး ရေ ၉ ခွက်မှ ၁၁ ခွက်အတွင်း သောက်သုံးပေးသင့်ပါတယ်။ ချောကလက် ၊ခရမ်းချဉ်သီး စတာတွေ စားသုံးခြင်းက အချို့သူတွေကို ရင်ခေါင်းနဲ့ အစာအိမ်အတွင်း ပူလောင်တဲ့ ဝေဒနာမျိုး ခံစားစေရနိုင်လို့ ဖြစ်နိုင်ရင် ရှောင်သင့်ပါတယ်။ ဟင်းသီးဟင်းရွက် အစိမ်းစားခြင်းကို ရှောင်ပါ။ ဆီ နဲ့ ဟင်းခတ်အမွှေးအကြိုင် သုံးခြင်းကို သတိပြုပါ ။ တစ်ချို့ ဟင်းခတ်အမွှေးအကြိုင်တွေက ပူစပ်တဲ့ အာနိသင်ရှိလို့ အသုံးမပြုသင့်ပါဘူး။ ညစာကို အိပ်ရာမ၀င်ခင် ၂ နာရီခန့် ကြို စားသင့်ပါတယ်။ အစားအသောက်စားသုံးရာမှာ တစ်ခါစားရင် ပမာဏ နည်းနည်း နဲ့ မကြာမကြာ စားသောက်ပေးပါ။ အဆာ မခံပါနဲ့။

 

Source:myanmarpeoplemagazine

Health Products Directory

Read times
Rate this item
(0 votes)