What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 March 2019 13:51

ဘယ်လိုအချိန်အခါမျိုးမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်လဲ

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာက

ဆီးစွန့် တဲ့စနစ်ကြီး တစ်ခုလုံးမှာ ပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိတ်နဲ့ ဆီးလမ်းကြောင်း တစ်လျှောက် ဘက်တီးရီးယားများ ကူးစက်ခံရခြင်းကို ဆိုလိုပါ တယ်။ အမျိုးသားများထက် အမျိုးသမီးများ မှာ ပိုမိုဖြစ်ပွားလွယ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး စနစ် တကျ ကုသပါက အလွယ်တကူ ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆီး လမ်းကြောင်းကို မကြာခဏ ပိုးဝင်ခြင်းကတော့ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်လို့ သတိထားရမယ့် ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။

 

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဆိုသည်မှာ

လူ့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆီးလမ်းကြောင်း ကို ကျောက်ကပ်၊ ဆီးအိတ်၊ ဆီးအိတ်မှ ပြင်ပသို့ ဆီးထွက်သည့် ပြွန်များနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင် ခြင်းဆိုတာက ခန္ဓာကိုယ်ပြင်ပကို ဆီးစွန့်ထုတ်တဲ့ လမ်းကြောင်းမှတစ်ဆင့် ဘက်တီးရီးယားတွေ ဝင်ရောက်လာပြီး ဆီးအိတ်ထဲမှာ တဖြည်းဖြည်း ဘက်တီးရီးယား အရေအတွက်တွေ ပွားများလာ တာကို ဆီးလမ်းကြောင်းပိုးဝင်ခြင်းလို့ ဆိုနိုင်ပါတယ်။

 

ဆီးစွန့်တဲ့ စနစ်ဟာ အမှန်တကယ်မှာတော့ အဆိုပါ မိုက်ခရို့ပ်ပိုးမွှားတွေ ဝင်ရောက်လာခြင်း ကိုကာကွယ်ဖို့ ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်သော် လည်း တစ်ခါတရံ အဆိုပါ စနစ်ပျက်ယွင်းပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ပြဿနာ ဖြစ်ပေါ်လာရပါတယ်။ ဆီးလမ်းကြောင်းထဲကို ဝင်ရောက် နိုင်ပြီဆိုတာနဲ့ အဆိုပါ ဘက်တီးရီးယားတွေဟာ မြန်မြန်ဆန်ဆန်နဲ့ကို ပေါက်ဖွားပွားများလာကြ ပါတော့တယ်။ ကိုယ်တွင်း အင်္ဂါတည်ဆောက်ပုံ ကြောင့် အမျိုးသားတွေနဲ့ နှိုင်းယှဉ်လျှင် အမျိုးသမီး တွေက ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေ ပိုများပြီး များသောအားဖြင့် ဆီးအိတ်နဲ့ ဆီးပြွန်တစ်လျှောက် ပိုးဝင်တဲ့ ပြဿနာကို ခံစားကြရလေ့ရှိပါတယ်။

 

ဆီးအိတ်ပိုးဝင်ခြင်း - ဆီးအိတ်ပိုးဝင်တဲ့ ပြဿနာက များသောအားဖြင့် အစာအိမ်နဲ့ အူ လမ်းကြောင်း(GI) တစ်လျှောက်မှာတွေ့ရလေ့ရှိတဲ့ Escherichia coli (E. coli) အမည်ရ ဘက်တီးရီး ယားကြောင့် ဖြစ်ပါတယ်။ တစ်ခါတရံမှာ အခြား ဘက်တီးရီးယား အမျိုးအစားများကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအရ ဆီးပြွန်တိုခြင်းကြောင့် ဆီး အိတ်ရောင်ခြင်း (သို့) ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေ အမျိုးသားများထက် ပိုများပါတယ်။

 

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း - ဆီးလမ်း ကြောင်း(သို့) ဆီးပြွန်ပိုးဝင်ခြင်း အမျိုးအစားက တော့ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်ရှိ ဘက်တီးရီးယားတွေ စအိုမှတစ်ဆင့် ဆီးပြွန်ရှိရာ သို့ ပြန့်နှံ့သွားခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီး တွေရဲ့ ဆီးပြွန်ဟာ သားအိမ်လမ်းကြောင်းနဲ့ နီး တာကြောင့် လိင်ဆက်ဆံခြင်းမှ ကူးစက်တက်တဲ့ ရောဂါများမှတစ်ဆင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း လည်း ဖြစ်နိုင်ပါတယ်။

 

လက္ခဏာများ

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက အမြဲတစ်စေ တူညီတဲ့ လက္ခဏာတွေ ပြလေ့မရှိတတ်ပါဘူး။ ဒါပေမဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖြစ် လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ချို့ ရှိနေပါတယ်။
မကြာမကြာ ဆီးသွားလိုခြင်း ၊ ဆီးပူခြင်း ၊ ဆီးတစ်စက်ခြင်းကျခြင်း၊ ဆီးထွက်နည်းလာခြင်း ၊ ဆီးတွင် အနည်ပါလာခြင်း ၊ ဆီးအရောင်(အလွန်)ရင့်လာခြင်း(ဆီးတွင် သွေးပါလာသည့် လက္ခဏာလည်း ဖြစ်နိုင်ပါတယ်) ၊ ဆီးနံ့ သိသိသာသာ ပြင်းလာခြင်း ၊ ဆီးအိမ်နဲ့ တင်ပါးဆုံးရိုးတစ်လျှောက် နာကျင်ကိုက်ခဲလာခြင်း (အထူးသဖြင့် ဆီးခုံရိုးတစ်ဝိုက်)။

 


အခြေခံ အကြောင်းအရင်းများ

အထက်မှာဆိုခဲ့ပြီးသလိုပါပဲ။ ဆီးလမ်း ကြောင်းပိုးဝင်တဲ့ ပြဿနာက အမျိုးသားများထက်စာရင် အမျိုးသမီးများမှာပိုပြီး အတွေ့ရများပါတယ်။ အမျိုးသမီးများရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည် ဆောက်ပုံအရ ဆီးပြွန်တိုသောကြောင့် ဆီးအိတ်ဆီကို ဘက်တီးရီးယားတွေ လွယ်လွယ်ကူကူနဲ့ လျင် လျင်မြန်မြန် ရောက်ရှိပျံ့ပွားနိုင်တာကြောင့် ဖြစ်ပါတယ်။ 

 

ကျောက်ကပ်မှာ ဆီးကျောက်တည်နေခြင်း၊ ဆီးချိုရောဂါနဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားကို ကျဆင်း စေတဲ့ အခြားရောဂါတွေရှိနေရင် ဆီးလမ်းကြောင်းပိုးဝင်တဲ့ပြဿ နာကို ခံစားရဖို့ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆီးသွားရာမှာ အခက်အခဲ ရှိလို့ ဆီးပိုက်တပ်ဆင်ထားရတဲ့ သူတွေမှာလည်း ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေများပါတယ်။

 

နောက်ဆက်တွဲ အခြေအနေများ

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဖြစ်နိုင်ရင်သင့်တော်တဲ့ ကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်။ အကယ်၍ရောဂါက သက်သာသလို ဖြစ်သွားခြင်း ကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုး မျိုးကြောင့် ကုသမှုမပြုပါက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှ တစ်ဆင့် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ချေရှိပါတယ်။

 

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို သင့်တော်တဲ့ ကုသမှု စနစ်တကျ မခံယူခြင်းကြောင့် ရောဂါ ပြန်လည်ဖြစ်ပွားခြင်း၊ ကျောက်ကပ်ပျက်စီးသွား ခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ လမစေ့ ဘဲ ကလေးမွေးခြင်း၊ ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်း စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဂရုစိုက်သင့်တဲ့ ရောဂါ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။  ကုသမှု ခံယူလိုက်မယ်ဆိုရင်တော့ ရောဂါ လက္ခဏာများဟာ ရက်အနည်းငယ်အတွင်း သက် သာသွားနိုင်ပါတယ်။ ဒါပေမဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုကုသဖို့ ပဋိဇီဝဆေး အမျိုးအစားကို အသုံးပြုလေ့ရှိတာကြောင့် ဆရာဝန်ညွန်ကြားချက် အတိုင်း ဆေးပတ်လည်အောင် သောက်ဖို့လည်း လိုအပ်ပါတယ်။

 

ဆီးလမ်းကြောင်း ပိုးဝင်ပြီ ဆိုလျှင်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာများတော့ နာကျင်မှု ခံစားရခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ပဋိ ဇီဝဆေး အသုံးပြုပြီးကုသနေစဉ်အတွင်း နာကျင်မှု ဝေဒနာများသက်သာအောင် အောက်ဖော်ပြပါ နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ ရေများများ သောက်ရပါမယ်။ “ရေများများ သောက်ပါ” ဆိုတာက ကျန်းမာရေးအတွက် မလုပ် မဖြစ် လိုက်နာရမယ့် ရွှေရောင်စည်းမျဉ်း ဖြစ်ပါ တယ်။ မှန်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ အခါမှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ ပြင်ပက ပဋိဇီဝဆေးရဲ့ အကူအညီကို ယူနိုင်သလို သင့်ရဲ့ ဆီးမှတစ်ဆင့် ဘက်တီးရီးယားတွေကို စွန့် ထုတ်ပစ်နိုင်ဖို့ ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

 

ဒါပေမဲ့ သင့်ရဲ့ ဆီးအိတ်ကို မသက်မသာ ဖြစ်စေမယ့် ကော်ဖီ၊ အယ်လ်ကိုဟော၊ အချဉ် ဓာတ်(သို့) ကဖိန်းဓာတ်ပါတဲ့ ဖျော်ရည်တွေကို ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အချိန်မှာ ရှောင် သင့်ပါတယ်။ အဆိုပါ အရည်တွေက ဆီးအိတ်ကိုလှုံ့ဆော်မှုဖြစ်စေပြီး ချက်ချင်းနဲ့ မကြာခဏ ဆိုသလို ဆီးသွားလိုစိတ် ဖြစ်စေနိုင်ပြီး သင့်ကို မသက်မသာ ဖြစ်စေပါလိမ့်မယ်။ နာကျင်မှု ခံစားနေရတဲ့ နေရာတစ်ဝိုက်ကို နွေးနွေးထွေးထွေး ထားပေးခြင်းကလည်း နာကျင်မှုကို အတော်အတန် လျော့ပါးသက်သာ စေနိုင်ပါတယ်။ နာကျင်မှုခံစားရတဲ့ ဆီးစပ်နဲ့ ဆီး အိမ်နားကို အရမ်းမပူတဲ့ ရေနွေးအိတ်ကပ်ပေးတာ မျိုး လုပ်နိုင်ပါတယ်။


ကြိုတင်ကာကွယ်မှု

ဖြစ်ပြီးမှကုသခြင်းထက် မဖြစ်ခင် ကြိုတင် ကာကွယ်မှု တတ်နိုင်သလောက် ပြုလုပ်ထားခြင်းက အကောင်းဆုံးဆိုတာ သင်သိထားပြီး ဖြစ်မှာပါ။ အရည်များများ သောက်ပါ ။ အရည်ဆိုရာမှာ သင်သောက်သုံးတဲ့ ရေ တစ်မျိုးတည်းကိုသာ မဟုတ် ဘဲ သင်နေ့စဉ်စားသုံးတဲ့ ဟင်းရည်၊ အသီးအနှံ နဲ့ ဖျော်ရည်များမှရရှိတဲ့ အရည်ဓာတ်များကိုပါ ဆိုလို ပါတယ်။ သန့်စင်တဲ့ ရိုးရိုးရေကတော့ ကျန်းမာရေး အတွက် အသင့်တော်ဆုံးဆိုတာ အငြင်းပွားဖွယ် မရှိ ပါဘူး။ တတ်နိုင်ရင်တော့ ရေခဲရေ မဟုတ်တဲ့ သန့်စင် တဲ့ ရိုးရိုးရေကိုသာ ပမာဏများများ နေ့စဉ်သောက် ပါ။ ရေသောက်ပျင်းတယ်၊ ရေရဲ့ အရသာကြောင့်ရေသောက်ရမှာ ငြီးငွေ့တယ်ဆိုရင် ရေဓာတ်ပါ ဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို များ များစားသုံးပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

 

ဆီးမအောင့်ထားပါနဲ့။ အထက်မှာ ဖော်ပြ ပြီးခဲ့သလိုပါပဲ။ ရေများများသောက်ခြင်းက သင့် ရဲ့ ဆီးကိုကျဲ(အားပျော့)စေပြီး ဆီးမကြာမကြာ သွားစေနိုင်ပါတယ်။ ဆီးမကြာမကြာ သွားပေး ပါမှ ဆီးအိတ်ထဲမှာ ဆီးအဟောင်းတွေ ကျန်မနေရစ်မှာ ဖြစ်ပါတယ်။ ဆီးဆိုတာက ခန္ဓာကိုယ်က မလိုအပ်လို့ စွန့်ထုတ်ပစ်ရမယ့် အညစ်အကြေး ဖြစ်ပါတယ်။ အဆိုပါ စွန့်ပစ်ရမယ့် အညစ်အကြေး တွေ ကျန်ရှိခဲ့တာက ကျန်းမာရေးအတွက် ဘယ် လိုမှမကောင်းတဲ့ အရာဖြစ်ပါတယ်။ ဆီးသွားချင်တဲ့အချိန် မသွားဘဲ အောင့်ထားလိုက်ရင် ဆီးအိတ် ထဲမှာ ဆီးတွေစုမိနေပြီး အဆိုပါ ဆီးကျန်တွေထဲမှာ ဘက်တီးရီးယားတွေ ကောင်းကောင်းကြီးကို ရှင် သန်ပေါက်ဖွားနိုင်ကြပါတယ်။ အဆိုပါ ဘက်တီးရီး ယားတွေက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာကို ဖန်တီးကြမယ့် တရားခံတွေ ဖြစ်ပါ တယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ဖို့ ရေများများ သောက်ပေးဖို့ လိုအပ်သလို ဆီးသွားချင်တဲ့အခါ အောင့်ထားတာမျိုး မလုပ် ဖို့လည်း လိုအပ်ပါတယ်။

 

Source: myanmarpeoplemagazine

Health Products Directory

Read times Last modified on Saturday, 16 March 2019 13:57
Rate this item
(1 Vote)