What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 26 April 2020 19:27

(၂၆-၄-၂၀၂၀) OVID-19 ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပေးတင်ပြခြင်းနှင့် ပန်ကြားခြင်း

OVID-19 ရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပေးတင်ပြခြင်းနှင့် ပန်ကြားခြင်း(၂၆-၄-၂၀၂၀)
၁။ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုသည် ကမ္ဘာ့နိုင်ငံကြီးများ ဖြစ်သော အမေရိကန်၊ စပိန်၊ အီတလီ၊ ယူကေ၊ ပြင်သစ်၊ အီရန်၊ ဂျာမနီ၊ ရုရှား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ စသည့်နိုင်ငံများ၌ ဆက်လက်ကူးစက်ပြန့်ပွားနှုန်းမြင့်မားလျက်ရှိပြီး သေဆုံးမှုနှုန်းလည်း မြင့်မားနေသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများ၌လည်း အခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ ရောဂါပျံ့နှံ့ဖြစ်ပွားလျက်ရှိနေသေးပါသည်။ လူဦးရေ (၅၂) သန်း ခန့်ရှိသော မိမိတို့နိုင်ငံ၌ ယနေ့အချိန်အထိ ဓါတ်ခွဲစစ်ဆေးခဲ့သူပေါင်း (၆,၅၃၈) ဦးအနက် (၁၄၆) ဦး တွင် ရောဂါဖြစ်ပွားမှုတွေ့ရှိရပါသည်။ ဓါတ်ခွဲစစ်ဆေးမှု၏ (၂.၂) % တွင် ရောဂါဖြစ်ပွားမှု တွေ့ရှိရခြင်း ဖြစ်ပါသည်။
၂။ လွန်ခဲ့သော (၁၀) ရက်ခန့်အတွင်း ရက်အလိုက်စစ်ဆေးသည့် အနည်းဆုံးဓါတ်ခွဲနမူနာမှာ (၂၅၂) ခုရှိပြီး အများဆုံးစစ်ဆေးသည့် အရေအတွက်မှာ (၄၂၇) ခုရှိပါသည်။ လူနာများကို မြို့နယ်ပေါင်း (၄၅) မြို့နယ်မှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားသော မြို့နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီး၌ (၂၈) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ (၃) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့၌ (၂) မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့၌ (၁) မြို့နယ်စီ ရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမို ၍ပြုလုပ်လျှင် ပြုလုပ်သလို ရောဂါပိုးတွေ့ရှိသူ ပိုမိုများပြားလာနိုင်ပါသည်။ ထိုသို့ပြုလုပ်မှသာလျှင် ဤရောဂါ၏ ကူးစက်ပျံ့နှံ့မှု အတိမ်အနက်ကိုသိနိုင်ပြီး လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ရောဂါကူးစက်ဖြစ်ပွားနေသည့် မြို့နယ်များ၌ ဦးစားပေးအားထည့်၍ မိမိတို့ ဆောင်ရွက်မည်ဖြစ်ပါ သည်။
၃။ ယခုအချိန်၌ တိုင်းဒေသကြီး/ ပြည်နယ် (၅) ခု (ကရင်၊ တနင်္ဿာရီ၊ ဧရာဝတီ၊ ရခိုင်နှင့် ကယား) တို့၌ ရောဂါပိုးတွေ့လူနာ မရှိသေးပါ။ တိုင်းဒေသကြီး/ ပြည်နယ် (၄) ခု (ကချင်၊ မကွေး၊ မွန်၊ နေပြည်တော်)တို့၌ ရောဂါဖြစ်ပွားသူ (၁) ဦးစီ ရှိပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် ရောဂါဖြစ်ပွားသူ (၂) ဦးစီ ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် (၃) ဦးစီရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၌ ရောဂါကူးစက်မှုအများဆုံး (၁၁၃) ဦး ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၌ (၇) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ (၇) ဦး၊ ချင်းပြည်နယ်၌ (၅) ဦး ရောဂါဖြစ်ပွားမှု တွေ့ရှိရပါသည်။ ရောဂါပျံ့နှံ့ကူးစက်မှုနှုန်းအပေါ်မူတည်၍ ဤစာရင်းဇယားများ သည် ပြောင်းလဲမည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အကောင်းဘက်သို့ ပြောင်းလဲခြင်းကိုသာ လိုလားပါသည်။ ဤသို့ဖြစ်ရန်မှာ ပြည်သူများ၏ အခန်းကဏ္ဍသည် အရေးအကြီးဆုံးဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ မတ်လအလယ်ခန့်မှစ၍ ပြန်လည်ဝင်ရောက်လာသော်လည်း ရောဂါကူးစက်ပြန့်ပွားမှု များပြားခြင်း မရှိသေးပါ။ ယခုအခါ ကချင်ပြည်နယ်နယ်စပ်ဂိတ်များသို့လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ ပြန်လည်ဝင်ရောက်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် အရေးပေါ်တုံ့ပြန် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များအား အဆိုပါနေရာများသို့ စေလွှတ် တာဝန်ပေးအပ် ဆောင်ရွက်လျက်ရှိပါသည်။
၄။ ယနေ့ရရှိသော စာရင်းဇယားများအရ အသွားအလာစောင့်ကြပ်ကြည့်ရှုသည့်နေရာပေါင်း (၇,၀၂၀) နေရာခန့်ရှိပြီး စုစုပေါင်းအသွားအလာစောင့်ကြပ်ကြည့်ရှုခံရသူ (၄၂,၆၇၁) ဦးခန့် ရှိနေ သေးသည်ဆိုသည့်အချက်မှာ မိမိတို့ ဤရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို လုံးဝ လျှော့ချ၍မရကြောင်း ထင်ရှားစေပါသည်။ မိမိတို့အနေဖြင့် အနည်းဆုံး လာမည့်မေလလယ်ခန့် အထိ ဤကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ယခုအခြေအနေအတိုင်း ပိုင်နိုင်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက ဤရောဂါကူးစက်ပျံ့နှံ့ဖြစ်ပွားမှု ကြီးမားစွာဖြစ်ပေါ်နိုင်မည်မဟုတ်ဟု ယူဆ ရပါသည်။
၅။ မိမိတို့နိုင်ငံတွင် အထက်ပါနိုင်ငံကြီးများကဲ့သို့ ကူးစက်ပျံ့နှံ့မှုမျိုးနှင့် သေဆုံးမှုမျိုးများ (အမေရိကန်နိုင်ငံ၌ လူဦးရေ (၈.၆) သိန်းကျော်၌ ရောဂါပိုးတွေ့ရှိပြီး (၄၄,၀၀၀) ဦးခန့် သေဆုံးခဲ့ပါသည်၊ စပိန်နိုင်ငံ၌ (၂) သိန်းကျော်၌ ရောဂါပိုးတွေ့ရှိပြီး (၂၂,၀၀၀) ဦးခန့် သေဆုံးခဲ့ပါသည်) လုံးဝမဖြစ်စေရန်အတွက် လက်ရှိအနေအထားကို သေချာစွာထိန်းသိမ်းထားရန်၊ ဆက်လက်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူတစ်ဦးချင်းစီမှ လိုက်နာဆောင်ရွက်ကြရန်မှာ အထူးအရေးကြီး ပါသည်။
၆။ ထို့ကြောင့် ပြည်သူများအနေဖြင့် (က) ရောဂါကူးစက်ဖြစ်ပွားမှုသည် အချိန်အရွေး များပြားလာနိုင်သည်၊ (ခ) မည်သူမဆိုကူးစက်ခံရနိုင်သည်၊ (ဂ) ရောဂါလက္ခဏာမပြသဘဲ ရောဂါပိုး ရှိနေနိုင်သည် ဆိုသောအချက်များကို နောက်ခံထား၍ အောက်ပါအဓိက အချက် (၂) ချက်ကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထား၍ တိတိကျကျလေးနက်စွာ လိုက်နာဆောင်ရွက် ပေးပါရန် တိုက်တွန်းပန်ကြားအပ်ပါသည် -
 ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်တွင်း၌သာ နေထိုင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ရန်၊ လူစုလူဝေးများပြားသောနေရာများသို့ လုံးဝ (လုံးဝ) မသွားရောက်ရန်နှင့် အိမ်ပြင်ထွက်ရန် အကြောင်းကိစ္စရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျတပ်ဆင် သွားပါရန်၊
 အသွားအလာ ကန့်သတ်ခြင်းခံရကာ စောင့်ကြပ်ကြည့်ရှုသည့်နေရာများ၌ နေထိုင်ကြ သည့် ပြည်သူများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များကို အပြည့်အဝ မဖြစ်မနေ လိုက်နာဆောင်ရွက်ပါရန်၊
ပြည်သူများရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အနေဖြင့် -
(၁) ရောဂါအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ အားလုံး၊ သံသယရောဂါ လက္ခဏာရှိသူများအားလုံးနှင့် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းခံရသော သူများအနက် အနည်းဆုံးဦးရေ (၁၀) % ထံမှ နှာခေါင်း၊ အာခေါင်တို့ပတ် ဓါတ်ခွဲနမူနာ တို့ကိုရယူပြီး ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။ ဓါတ်ခွဲစစ်ဆေးမှု ယခုထက် ပိုမိုပြုလုပ်နိုင်ရန်အတွက် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနှင့် ဆေးသုတေသန ဦးစီးဌာနတို့အပြင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း များ၌ ဓါတ်ခွဲစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အလှူရှင်တစ်ဦးမှ လှူဒါန်း ထားသောစက်သစ်ကြီးကို အသုံးပြု၍ မကြာခင်ရက်ပိုင်းအတွင် ပိုမိုစစ်ဆေးနိုင်မည် ဖြစ်ပါသည်။
(၂) ရောဂါအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအားလုံးကို ဖော်ထုတ်နိုင်ရန် နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မိပါက မိမိတို့အသိစိတ်ဓါတ်ဖြင့် လာရောက် သတင်းပေးပို့စေလိုပါသည်။
(၃) လက်ကိုင်အသံချဲ့စက်များအသုံးပြု၍ ပြည်သူများ ဤရောဂါနှင့်ပတ်သက်၍ သိရှိသင့် သည့် အချက်အလက် အကြောင်းအရာများ၊ ဆောင်ရန် ရှောင်ရန်လမ်းညွှန်ချက်များကို ရပ်ကွက်၊ ကျေးရွာတိုင်း၌ သက်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ နေ့စဉ်အနည်းဆုံး (၅) ကြိမ်ခန့် အသိပေးကြေညာလျက်ရှိပါသည်။ ကြေညာချက်ပါ အချက်များကို အလေးထားပြီး တိတိကျကျလိုက်နာစေလိုပါသည်။
(၄) ရောဂါဖြစ်ပွားသူများအား ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပအထူးကုဆေးရုံနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများ၌ ကုသမှုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါ သည်။ ရက်ပိုင်းအတွင်း COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)ကို ဖွင့်လှစ်၍ ကုသမှုပေးနိုင်မည် ဖြစ်ပါသည်။
(၅) အရေးပေါ်တုံ့ပြန်ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ စေလွှတ်ကာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များ၊ လူမှုရေးဝန်ကြီးများနှင့် ညှိနှိုင်းတိုင်ပင်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။
(၆) အထူးသဖြင့် နယ်စပ် ဝင်/ ထွက်ဂိတ်များရှိသော တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဗဟိုမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များစေလွှတ်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးလျက်ရှိပါသည်။
(၇) လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးသည် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည့် အပြင် စက်ရုံ၊ အလုပ်ရုံများလည်း မြောက်များစွာရှိသဖြင့် လူအင်အား၊ ပစ္စည်းအင်အားများ ကို အထူးဦးစားပေးဖြည့်ဆည်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
(၈) ဤ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးရာ၌ အလွန်အရေးကြီးသည့် တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ အသက်ရှူစက်များ အစရှိသည် တို့ကို ဦးစားပေးအစီအစဉ်ဖြင့် တတ်နိုင်သမျှဝယ်ယူပံ့ပိုးလျက်ရှိပါသည်။
(၉) ယခုအချိန်၌ ဤရောဂါကို ထိရောက်စွာ နှိမ်နင်းနိုင်ရန် အလွန်အရေးကြီးသော ဆေးနှင့် ဆေးပစ္စည်းများ အချိန်မှီ ဝယ်ယူဖြန့်ဖြူးနိုင်ရန်အတွက် သီးသန့်အဖွဲ့ ဖွဲ့စည်းထားပြီး နေ့စဉ်လိုအပ်ချက်များကို စနစ်တကျတွက်ချက်၍ ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိပြီး ယခုထက်ပိုမို ထိရောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
(၁၀) တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများနှင့်၊ ဆေးရုံကြီး များ၏ လိုအပ်ချက်များကို အမြန်ဆုံးနှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူးများ၊ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ ဝန်ထမ်းများနှင့် Video Conferencing များ တစ်ပတ်လျှင် နှစ်ကြိမ်ခန့်ပြုလုပ်၍ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးလျက်ရှိပါသည်။
(၁၁) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်မှုကိစ္စရပ်များ၊ COVID-19 နှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသသည့် ကိစ္စရပ်များအတွက် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များ ပြုစုချမှတ်သည့်ကိစ္စရပ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံ CDC တို့မှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါဆိုင်ရာကိစ္စရပ်များနှင့် အခြားနိုင်ငံများ၌ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုပုံစံများကို အစဉ်မပြတ် သုံးသပ်ဆွေးနွေး၍ လိုအပ်သည်များကို တတ်နိုင် သမျှ ဆောင်ရွက်ပေးလျက် ရှိပါသည်။
(၁၂) ကုသမှုပိုင်းဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေရန်အတွက် ကုသရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (clinical management group) များကို ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖွဲ့စည်းထားပြီး အချင်းချင်းဆွေးနွေး (webinar, viber) တိုင်ပင်၍ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပံ့ပိုးပေးလျက်ရှိပါသည်။
(၁၃) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
(၁၄) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်သူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများမှ တာဝန်ရှိသူများ Video Conferencing ပြုလုပ်ခဲ့သည့်အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုနှင့် ပြောကြားချက်များကို စုစည်းထားပြီး မိမိတို့ဝန်ထမ်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(၁၅) ပြည်သူများအနေဖြင့် လက်တွေ့မြေပြင်အခြေအနေ ရှုထောင့်မှလည်းကောင်း၊ ပြည်သူ များ၏ အမြင်ရှုထောင့်မှလည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လိုအပ်သည့် အကြံဉာဏ်များကို အကြံပြုပေးစေလိုပါသည်။
(၁၆) ဤရောဂါ စတင်ဖြစ်ပွားသည့် (၂၀၂၀) နှစ်ဆန်းပိုင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသည် ရောဂါဖြစ်ပွားမှု ပုံသဏ္ဍန်ဖြစ်စဉ်၊ ကူးစက်ပျံ့နှံ့မှုဖြစ်စဉ်များကို သုံးသပ် လေ့လာ၍ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များကို တာဝန်ယူထုတ်ပြန်ရသည့် အတွက် ဝန်ကြီးဌာန၏ကဏ္ဍသည် ကနဦးကာလ၌ အလွန်အရေးကြီးပါသည်။ ရောဂါ ဖြစ်ပွားမှုကာလ (၄) လခန့်ရှိသည့် ယခုအချိန်တွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ အခန်းကဏ္ဍသည် ပိုမိုအရေးကြီး လာပါသည်။ အရေးအကြီးဆုံးနှင့် အဓိကအကျဆုံးမှာ ပြည်သူများ၏ အခန်းကဏ္ဍပင် ဖြစ်ပါသည်။ ပြည်သူများတစ်ဦးချင်းအနေဖြင့် မိမိတို့ပြုလုပ်ရမည့် အခန်းကဏ္ဍကို သေချာပီပြင်စွာဆောင်ရွက်ပါက ဤရောဂါဖြစ်ပွားမှုကို အချိန်တိုအတွင်း ထိန်းချုပ်နိုင် မည် ဖြစ်ပါသည်။
(၁၇) ယခုအချိန်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၌ ပါဝင်ပတ်သက်သူများ အားလုံးသည် ညီညီညွတ်ညွတ်ပေါင်းစည်းကာ ဆောင်ရွက်မည်ဆိုပါက အချိန်တိုကာလ အတွင်း ဤရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေစဉ်ကာလတွင် ကိုယ်တိုင်ရောဂါကူးစက်ခံရနိုင်ချေများ ရှိသော်လည်း အများပြည်သူရုံးပိတ်ရက်များပါမကျန် (၂၄) နာရီပတ်လုံး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အစွမ်းကုန်ကြိုးပမ်းအားထုတ် ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မိမိ၏လုပ်ဖော်ကိုင်ဖက် ဆရာဝန်နှင့် ဝန်ထမ်းများအားလုံးနှင့် နှီးနွှယ် ဝန်ကြီးဌာနများ၊ ပရဟိတလူမှုရေးအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ လုပ်ငန်း များဆောင်ရွက်ရန်အတွက် စေတနာပြည့်ဝစွာဖြင့် လှူဒါန်းလျက်ရှိသည့် အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားလိုပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Read times Last modified on Sunday, 26 April 2020 19:28
Rate this item
(0 votes)