ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယအသုတ်အနေဖြင့် မြန်မာအမျိုးသားလေကြောင်း အထူး လေယာဉ်ဖြင့် စစ်တွေမြို့သို့ ထပ်မံ ရောက်ရှိ ကြသည်။
အဆိုပါအဖွဲ့ကို ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ စစ်တွေပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် နှင့် တာဝန်ရှိ သူများက စစ်တွေ လေဆိပ်၌ ကြိုဆိုကြသည်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ “မိမိဆန္ဒအလျောက်” ယာယီတာဝန် ထမ်းဆောင်ကြမည့် ဆရာဝန်နှင့် သူနာပြုများ ပါဝင်သည့် ဒုတိယ အသုတ်တွင် လက်ထောက်ဆရာဝန် သုံးဦး၊ သွားနှင့် ခံတွင်းဆရာဝန် တစ်ဦး၊ ပြည်သူ့ကျန်းမာရေး ဆရာမကြီး တစ်ဦး၊ အထက်တန်း သူနာပြု ငါးဦး၊ သူနာပြု ၁၂ ဦး ပါဝင်ကြောင်းနှင့် “မိမိဆန္ဒ အလျောက်” ယာယီတာဝန် ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက စစ်တွေ မြို့သို့ ထပ်မံပို့ဆောင်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
“မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများကို ပို့ဆောင်ပေးသည့် အထူးလေယာဉ်၌ ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆေးနှင့် ဆေး ပစ္စည်း ကိရိယာများကိုလည်း ပို့ဆောင်ပေးခဲ့သည်။
Ministry Of Information