ရခိုင်ပြည်နယ်မှ ရောက်လာသူများ ၁၁-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်တိုင်မပျက်မကွက် သတင်းပို့ကြရန် ထုတ်ပြန်ကြေညာထားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး
အမျိုးသားအဆင့်ဗဟိုကော်မတီမှ
ပြည်သူသို့ အသိပေးပန်ကြားချက်
၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်)
၁။ ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19 ရောဂါ အတည်ပြု လူနာမှ ဆင့်ပွားကူးစက်သူအချို့သည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိမှုအရ ၁၀-၈-၂၀၂၀ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများ၊ နေပြည်တော်၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့ပြီး မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပို့ကြရန် Coronavirus Disease 2019 COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ၂၆-၈-၂၀၂၀ ရက်စွဲပါ ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ လေယာဉ်ဖြင့် ခရီးသွားရောက်ခဲ့သူ ၅၄၀၉ ဦးရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုရရှိခဲ့သူ ၂၆၂ ဦးအနက် ၁၅၇၄ ဦးသာ သက်ဆိုင်ရာတာဝန်ရှိ သည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ခဲ့ပြီး ကျန်ရှိသူများမှာ ဆက်သွယ်မရခြင်းနှင့် သတင်းပေးပို့ခြင်းများ မရှိကြောင်း သိရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ၁၁-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်တိုင်မပျက်မကွက် သတင်းပို့ကြရန်ဖြစ်ပါသည်။ ကာယကံရှင်များကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်မည်သူ ဖြစ်သည်ကို သိလျက်နှင့် ဖုံးကွယ်ထားသူများအနေဖြင့်သော်လည်းကောင်း ယင်းနေ့နောက်ဆုံးထားပြီး သတင်းပို့ရန် ပျက်ကွက်ကြောင်း တွေ့ရှိလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။