What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 10:53

ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသမည်

ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသပေးရေးကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီထားကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

 

အဆိုပါ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား ကုသနိုင်ရေးကိစ္စအား အသေးစိတ်ညှိနှိုင်းမှုများကို အမြန်ဆုံး ဆက်လက်လုပ်ဆောင်သွားကြရန် ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်းပြောကြားသည်။ စက်တင်ဘာလ (၁၈) ရက်တွင် Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးထံ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့မှုနှင့် ပုဂ္ဂလိကဆေးရုံများမှ COVID-19 လူနာများအား လက်ခံကုသခွင့်ပြုရန် အဆိုပြုမှုအား တင်ပြခဲ့ကြောင်း သိရသည်။ " ရန်ကုန်မြို့မှာတင် စက်ပစ္စည်းစုံတဲ့ ပုဂ္ဂလိကဆေးရုံတွေ အများကြီးရှိတယ်၊ အစိုးရ အကြပ်အတည်းဖြစ်ရင် ကူညီကြမှာပါ၊

 

ဒါပေမယ့် ညှိနှိုင်းစရာတွေလည်းရှိမယ်၊ ငွေကြေးပိုင်းနဲ့ သွားမလား၊ သွားမယ်ဆို ဘယ်လိုတွေလုပ်မလဲ၊စတဲ့ အသေးစိတ်ပေါ့၊ ကုခွင့်ရမယ်ဆို ပြည်သူတွေအတွက်လည်း အဆင်ပြေမှာ"ဟု အထွေထွေရောဂါကု ဒေါက်တာ ကျော်စွာဦးက ပြောသည်။ ယခုအခြေအနေသည် ကူးစက်မှုဒုတိယလှိုင်း စနေသည့် အခြေအနေဖြစ်သဖြင့် ရောဂါပိုးတွေ့ရှိသူအရေအတွက်များ ဆက်လက်မြင့်မားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

ယခုဖြစ်ပေါ်လျက်ရှိသော ကပ်ရောဂါ၏ အတိုင်းအဆနှင့် ပျံ့နှံ့မှု ပုံသဏ္ဍာန်ပေါ်မူတည်၍ ဝန်ကြီးဌာနသည် ဆေးရုံဆင်းခွင့်သတ်မှတ်ချက်နှင့် အသွားအလာကန့်သတ်ခြင်းကာလ သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်လျက်ရှိပြီး လိုအပ်သလို အမြန်ဆုံးပြင်ဆင်ထုတ်ဝေမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားကူးစက်မှုအခြေအနေနှင့် သေဆုံးမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ လက်ရှိချမှတ်ကျင့်သုံးနေသော အသွားအလာကန့်သတ်ခြင်းကာလနှင့် နေရာသတ်မှတ်ချက်များ၊ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များ၊ ဓာတ်ခွဲစစ်ဆေးမှု ဆိုင်ရာ သတ်မှတ်ချက်များ နှင့် ပတ်သက်၍ ပြန်လည်လေ့လာသုံးသပ်ပြီး၊ လက်တွေ့မြေပြင်အခြေအနေနှင့်ကိုက်ညီသော ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)