What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 13 October 2020 13:13

ကိုယ်ဝန်ဆောင် မိခင်တွေ ကိုဗစ် ကူးစက်ခံရရင် ဘယ်လောက် စိုးရိမ်ရသလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ တစ်နေ့တခြားပိုမို များပြားလာနေပြီး သေဆုံးသူတွေလည်း ပိုများလာချိန်မှာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ယောက်ကတော့ ကလေးမီးဖွားပြီး ၇ ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ 

 

ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံကြီးကို ကလေးမွေးဖွားဖို့ သူ ရောက်လာချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိနေတာ မသိခဲ့ပါဘူး။ ကလေးကိုလည်း ဗိုက်ခွဲပြီးမွေးခဲ့ရပါတယ်။ အရေးပေါ် ခွဲစိတ် မွေးထုတ်ပေးခဲ့အပြီး နောက်တစ်ရက်မှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ရှိလာလို့ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးခဲ့ရာမှာ ပိုးရှိနေကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။

 

ပိုးရှိနေတာ သိရပြီးနောက် ဖောင်ကြီး ကုသရေးဌာနကို ပို့လွှတ်ခဲ့တယ်လို့ နာမည် ထုတ်ဖော် မပြောလိုကြတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးက ဆရာဝန် အသိုင်းအဝိုင်းက တစ်ဆင့် သိရပါတယ်။ ကလေးမိခင် အမျိုးသမီးက စက်တင်ဘာလ ၂၂ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ ကလေးကတော့ ရောဂါကူးစက်မှု မရှိဘဲ အခု အချိန်အထိ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ်။

 

ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကိုဗစ် အန္တရာယ်

ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရရင် နာတာရှည် ရောဂါအခံရှိသူတွေမှာ အန္တရာယ် ရှိသလို ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း အဲဒီလူတွေလိုပဲ သတိထား ဂရုစိုက်သင့်တဲ့ အုပ်စုထဲမှာ ပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က သတ်မှတ်ထားပါတယ်။ကိုယ်ဝန်ဆောင် မိခင်တွေမှာ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေ ကူးစက်ခံရတဲ့ အခါ ပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိတယ်ဆိုတာ အရင်က ဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါ (Influenza)နဲ့ SARS ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့တုန်းက ဆေးပညာရှင်တွေ တွေ့ရှိခဲ့ထားပြီး ဖြစ်ပါတယ်။

 

ကိုယ်ဝန် ဘယ်အချိန်မှာ အန္တရာယ် အကြီးဆုံးလဲ

ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကိုယ်ဝန် ရင့်လာချိန် တစ်နည်းအားဖြင့် ကိုယ်ဝန် ၂၈ ပတ်ကျော်လာချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရရင် တော်တော် ပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိတာကြောင့် အခုလတ်တလော ကူးစက်မှု များနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မယ် ဆိုရင်လည်း အန္တရာယ်ကြီးတယ်လို့ သားဖွားနဲ့ မီးယပ်ဆိုင်ရာ ဆရာဝန်ကြီးတွေက ပြောပါတယ်။

 

အဲဒီ အဆင့်မှာ သူ့ဗိုက်ထဲက သန္ဓေသားက မွေးဖွားဖို့ လုံလောက်တဲ့ ကြီးထွားမှု မရှိသေးရင်လည်း မိခင်အသက်ရှူရ လွယ်အောင် စောစော မွေးထုတ်ပေးရတတ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကိုယ်ဝန်အရင့်အမာ ရှိနေတဲ့ မိခင်တွေကို Ventilator စက်ကြီးတွေပေါ် တင်ပြီး ကုသတဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်လို့ ဗိုက်ထဲက ကလေးကို မွေးထုတ်ပြီးမှသာ ကိုယ်ဝန်ဆောင်မိခင်ကို အဲဒီ စက်တွေပေါ် တင်ပြီး ကုသနိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ လူတန်မြို့ ဆေးရုံက သားဖွားနဲ့ မီးယပ်ဆိုင်ရာ အထူးကု ဆရာဝန် ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

 

ဒီအခါမှာ ကလေးတွေဟာ premature birth အချိန်မတိုင်ခင်မွေးရတဲ့ ကလေးတွေ ဖြစ်လာပြီး သူတို့မှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆိုရင်တော့ ကိုယ်ဝန် ၂၈ ပတ်ကျော် မိခင်လောင်းတွေက ၂၈ ပတ်မပြည့်သေးတဲ့ မိခင်လောင်းတွေထက် ပို အန္တရာယ်ကြီးတယ်လို့ ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

 

ကိုဗစ် မိခင်ရဲ့ ဝမ်းထဲက ကလေးကို ရောဂါကူးနိုင်လား

လောလောဆယ်မှာ မိခင်က ကိုရိုနာ ဗိုင်းရပ်စ် ရှိနေရင်တောင် သူ့ ဗိုက်ထဲက ကလေးကို ရောဂါကူးစေတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရဘူးလို့ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနဲ့ ပြုစုစောင့်ရှောက်ရေးဌာန အထွေထွေအတွင်းရေးမှူး သားဖွားနဲ့ မီးယပ် အထူးကု ဆရာဝန်ကြီး ဖြစ်တဲ့ အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြသီတာက ပြောပါတယ်။

 

လက်ရှိ ဖြစ်ပွားခဲ့တဲ့ ကူးစက်ပြန့်ပွားမှုတွေကို လေ့လာပြီးသလောက်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ မိခင်ကြောင့် သန္ဓေသား ကလေးရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာ ကိုယ်ဝန်ပျက်ကျတာတို့ ဖြစ်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးဘူးလို့ သိထားရကြောင်းလည်း ဗြိတိန်က သားဖွားနဲ့ မီးယပ် အထူးကု ဆရာဝန် ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

 

ကိုဗစ်လူနာ မိခင်က မီးဖွားပြီးရင် ကလေးနဲ့ အတူနေသင့်လား

သာမန်အားဖြင့် ကိုယ်ဝန်သည်တွေ မီးဖွားပြီးပြီဆိုရင် ဆရာဝန်တွေက သူတို့ ရင်သွေးလေးတွေနဲ့ ချက်ချင်းတွေ့ခွင့် ပေးပြီး မိခင်နို့ချို တိုက်ကျွေးဖို့ အားပေးကြလေ့ ရှိပါတယ်။ မိခင်နဲ့ ကလေးကြားက နှောင်ကြိုး ခိုင်မာစေဖို့နဲ့ မွေးကင်းစကလေးက နို့ချိုစို့ခြင်းအားဖြင့် မိခင် နို့ပိုထွက်အောင် လှုံ့ဆော်ရာရောက်တဲ့ အတွက်ဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ပြန့်ပွားခါစ ကာလတုန်းကတော့ ပိုးရှိတဲ့ မိခင်က ကလေး မွေးလာပြီ ဆိုရင် သူ့ဆီကနေ ကလေးကို ကူးမှာ စိုးရိမ်တဲ့ အတွက် ကလေးနဲ့ အမေကို နှစ်ပတ်ကြာ ခွဲထားခဲ့ပေမဲ့ အခုတော့ မိခင်တွေရဲ့ ဆန္ဒအရ ဆုံးဖြတ်ခွင့်ပေးပြီးတယ်လို့ ဒေါက်တာ မြကြာဖြူက ပြောပါတယ်။ မိခင်နို့ တိုက်လိုတဲ့ မိခင်တွေက ကလေးအထူးကု ဆရာဝန်၊ သားဖွားနဲ့ မီးယပ် ဆရာဝန်တို့နဲ့ တိုင်ပင်ပြီး သူတို့ ညွှန်ကြားချက်အရ တိတိကျကျ လိုက်နာ ပြီး နို့ချို တိုက်ကျွေးနိုင်ပါတယ်။

 

မြန်မာ နိုင်ငံမှာလည်း ပိုးရှိတဲ့ မိခင်က ကလေးနဲ့ အတူနေပြီး နို့ချိုတိုက်ကျွေးချင်ရင် ကလေးကို ရောဂါ မကူးရအောင် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားတဲ့ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာပြီး လုပ်ဆောင်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ မြသီတာက ပြောပါတယ်။ 

 

ပိုးရှိ မိခင်က ကလေးကို နို့တိုက်ရင် ပိုး မကူးအောင် ဘယ်လို အထူးဂရုစိုက်ရမလဲ

ပိုးရှိတဲ့ မိခင်တွေက မွေးကင်းစ သားသမီးတွေကို နို့ချိုတိုက်ကျွေးချင်တယ်ဆိုရင် ရင်ခွင်ထဲ ထွေးပွေ့ပြီးမှ တိုက်နိုင်မှာ ဖြစ်လို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

 

-ကလေးနဲ့ မထိတွေ့ခင် ကိုဗစ်ရောဂါသည် မိခင်က မဖြစ်မနေ လက်ဆေးရပါမယ်။

-ကလေးနဲ့ အတူရှိနေတဲ့ အချိန် တစ်လျှောက်လုံးမှာ မိခင်က ပါးစပ်နဲ့ နှာခေါင်းကို သေသေချာချာ အုပ်ထားရပါမယ်။

-ကလေးပေါ်ကို နှာချေတာ၊ ချောင်းဆိုးတာမျိုး မလုပ်မိအောင် အထူးဂရုစိုက်ရပါမယ်။

 

-ဗြိတိန် မှာတော့ Fluid Resistant Face Mask ဖြစ်တဲ့ Filtering Face Piece FFP 2 အဆင့် နှာခေါင်းစည်း သုံးရင် ကောင်းတယ်လို့ အကြံပြုကြောင်း ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

-ကလေးကိုတော့ အသက်ရှူကြပ်မှာစိုးတဲ့အတွက် Mask မတပ်ဖို့ ဗြိတိန်နိုင်ငံ ကျန်းမာရေး ဌာနက အကြံပြုပါတယ်။

 

တကယ်တော့ ကလေးကို ရောဂါကူးတယ်ဆိုရင်တောင် ကလေးတွေက ဒီဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားကောင်းတဲ့ အတွက် ရောဂါကူးစက်မခံရအောင် အထူးသတိထားဖို့ လိုသူတွေ ဆိုပြီး ကျန်းမာရေး ဌာန အသီးသီးက သတ်မှတ် သတိပေးထားတဲ့ အုပ်စုထဲက လူတွေလောက် မစိုးရိမ်ရပါဘူး။

 

ကလေးတွေနဲ့ လူငယ်တွေမှာ ပင်ကိုယ်ရောဂါ အခံ မရှိဘူး ဆိုရင် ဗိုင်းရပ်စ် အကူးခံရရင်လည်း မပြင်းထန်ဘဲ သာမန် ရောဂါ လက္ခဏာလောက်ပဲ ခံစားတတ်ကြရတာ တွေ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ 

 

ဘီဘီစီ မြန်မာပိုင်း

Read times
Rate this item
(0 votes)