What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 26 November 2020 20:52

ပုဂ္ဂလိကဆေးရုံများ ဆေးခန်းများ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရန် အမြန်ဆုံး ခွင့်ပြုပေးသွားမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏

ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) တို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကာ လုပ်ငန်းများ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
• မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းအဖွဲ့ခွဲများမှ ဆွေးနွေးအတည်ပြုချက် များအား အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ တင်ပြခဲ့ပါကြောင်း၊
• အဆိုပါ အချက်များကို ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တင်ပြသွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများက ကာကွယ်ဆေးဖြန့်ဝေထိုးနှံမည့်အစီအစဉ် (vaccine deployment plan) ဆိုင်ရာကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
• မိမိအနေဖြင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊
• ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန်ကြိုးစားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်မည်မှာ ခက်ခဲပါကြောင်း၊
• သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုပါကြောင်း၊
• COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည်ဖြစ်ပါကြောင်း၊
• ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊
• ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် ထိုးနှံအသုံးပြုရန် COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များ မှ တရားဝင်အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးကို ရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) အနည်းဆုံးဖြစ်ခြင်း၊ သယ်ယူပို့ဆောင်ရာတွင် မိမိတို့နိုင်ငံအခြေအနေနှင့်ကိုက်ညီခြင်း၊ ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက် (efficacy) ရုံသာမက လက်တွေ့ ပြင်ပတွင်လည်း စွမ်းရည်ထက်မြက်ခြင်း (effectiveness)၊ ထိုးနှံရမည့် အကြိမ်အရေအတွက်၊ ရောဂါကာကွယ်နိုင်စွမ်းရှိသည့် အတိုင်းအတာ စသည့် အချက်များနှင့် တိုက်ဆိုင်သုံးသပ်ကာ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ကာကွယ်ဆေးများကို ရွေးချယ်အသုံးပြု သွားမည်ဖြစ်ပါကြောင်း၊
• လက်ရှိတွင် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ လက်တွေ့ စမ်းသပ် သုတေသနပြုမှုပြုလုပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများအနက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းစများ တွေ့ရှိနေသာ ကာကွယ်ဆေးအချို့သည် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold storage) ဖြင့် ထားရှိရမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါကာကွယ်ဆေးအား ဝယ်ယူမည်ဆိုပါက အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ဝယ်ယူရန် စီစဉ်ဆွေးနွေးလျက်ရှိပါကြောင်း၊
• မိမိတို့ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ လက်ရှိအသုံးပြုနေသော အအေးလမ်းကြောင်းစနစ်နှင့် ကိုက်ညီသည့် ကမ္ဘာတွင် သုတေသနပြုအတိုင်းအတာတစ်ခုအထိ အောင်မြင်မှု လမ်းစများ တွေ့ရှိနေသော COVID-19 ကာကွယ်ဆေးအမျိုးအစားများလည်း ရှိနေပါကြောင်း၊
• ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးများ စတင်ရရှိလာသည့်အခါ လူနာများကို ကိုင်တွယ်ကုသပေးနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေများပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်ထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊
• COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ (application) ကို Gavi, The Vaccine Alliance ထံသို့ ယခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့အရောက်ပေးပို့နိုင်ရန်အတွက် ပြင်ဆင်ထားပြီး အချိန်မီပို့မည်ဖြစ်ပါကြောင်း၊
• အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့တို့နှင့် အမြဲတမ်း ဆက်သွယ်ချိတ်ဆက်ပြောဆိုနေရမည်ဖြစ်ပါကြောင်း၊
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့မှ COVID-19 ကာကွယ်ဆေးဆိုင်ရာ သတင်းများကို အမြဲမပြတ်သိရှိနိုင်ရန်အတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်တွင် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့တစ်ခုတာဝန်ပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
• မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ကြီးဖြစ်သဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Read times Last modified on Thursday, 26 November 2020 20:53
Rate this item
(0 votes)