What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 January 2021 15:40

Anti-viral ဆေး FAVIPAC (Favipiravir) နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

Pacific Medical Industries Ltd မှ ထုတ်လုပ်အောင်မြင်ခဲ့သော Anti-viral drug FAVIPAC ဆေးဝါးနှင့်ပတ်သတ်၍ 

 မှ အောက်ပါအတိုင်းရှင်းလင်းတင်ပြထားပါသည်။

Covid-19 virus အပါအဝင် Influenza virus များကုသရန်အတွက် Anti-viral ဆေး FAVIPAC (Favipiravir) နှင့်ပတ်သတ်၍ အများပြည်သူသိရှိစေရန်ရှင်းလင်းတင်ပြခြင်း


ပထမဦးစွာရှင်းပြလိုသည်မှာ FDA approval နှင့်ပတ်သက်သည့်ကိစ္စဖြစ်ပါသည်။
Pacific Medical Industries Ltd (PMI)ဆေးဝါးစက်ရုံ၏ Antiviral generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)သို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ
Myanmar FDA ၏ စီစစ်မှူအဆင့်ဆင့်ကိုအောင်မြင်သောဆေးများကို ကြော်ငြာသည့် ဒီဇင်ဘာလ ၂၀၂၀ FDA notice board (FDA ကြော်ငြာသင်ပုန်း)တွင် အခြားအောင်မြင်သောဆေးများနှင့်အတူကြော်ငြာခဲ့ပါသည်။ (ပုံပူးတွဲ)
ထို့နောက် FDA အရာရှိလက်မှတ်ထိုးလျှက် ဆေးဝါးမှတ်ပုံတင်ခြင်းကိုခွင့်ပြုကြောင်း (registration approve) စာထုတ်ပြီး ဆေးဝါးမှတ်ပုံတင်ကြေး (registration fees) ပေးသွင်းရန် PMI စက်ရုံသို့ ဒီဇင်ဘာ(၂၃)ရက်နေ့တွင်FDA မှ အကြောင်းကြားလာပါသည်။ (ပုံပူးတွဲ)
ထိုအကြောင်းကြားစာအရ ဆေးဝါးမှတ်ပုံတင်ကြေးပေးသွင်းပြီး ထိုပေးသွင်းပြီးကြောင်းအထောက်အထားကို FDA သို့ပြန်လည်ပေးပို့ပြီးဖြစ်ပါသည်။ (ပုံပူးတွဲ)

FDA ​၏အကြောင်းကြားစာပါ Note 1 တွင်ဖော်ပြချက်အရ မှတ်ပုံတင်ကြေးပေးသွင်းပြီးလျှင် မှတ်ပုံတင်လက်မှတ် certificate ထုတ်ပေးမည်ဟု ဖော်ပြချက်အရ ဆေးဝါးမှတ်ပုံတင်လက်မှတ် certificate မူရင်းရရန်သာကျန်ရှိပါသည်။
PMI စက်ရုံ၏ FAVIPAC (favipiravir) ကို လှူဒါန်းခွင့်ပြုပါရန် နိုဝင်ဘာ(၁၃)၂၀၂၀ ရက်နေ့ကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်တောင်းခံခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လှူဒါန်းခွင့်ပြုခဲ့ပါသည်။
ထိုသို့ တရားဝင်လှူဒါန်းခွင့် ခွင့်ပြုချက်နှင့် FDA ၏ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုသည့်အကြောင်းကြားစာများစုံလင်သည့်
အတွက် လှူဒါန်းမှူကို နှစ်ဦးတွင် ပြည်သူများ ဝမ်းသာကြည်နူးနိုင်စေရန်အတွက် Facebook တွင်ရိုးသားစွာမျှဝေခဲ့ခြင်းဖြစ်သည်။

သို့သော် FDA မှ ဆေးဝါးမှတ်ပုံတင်ခြင်းကိုခွင့်ပြုကြောင်း (FAVIPAC registration has now been approved) စာထုတ်ပြီး ဆေးဝါးမှတ်ပုံတင်ကြေး (registration fees)သွင်းရန် PMI စက်ရုံသို့အကြောင်းကြားစာပို့ရုံမျှဖြင့် မလုံလောက်ဘူးဟု သတ်မှတ်ယူဆသော ကျန်းမာရေးနှင့်သက်ဆိုင်သောဌာနတစ်ခု​၏ အရာရှိအချို့ကမှတ်ချက်ပြုကြသဖြင့် ကျွန်ုပ်တို့မှ စောစီးစွာအလှူသတင်းကို ကြိုတင်သတင်းပေးမျှဝေခဲ့မှူ၊ စိတ်စောစွာဖြင့် တင်ပြခဲ့မှူအပေါ် နားလည်မှူလွဲမှားခြင်းများဖြစ်ပွားရသည့်အတွက်များစွာစိတ်မကောင်းဖြစ်ရပါသည်။

ရိုးသားစွာ အလှူသတင်းကို နှစ်ဦးတွင် စောလျှင်စွာ မျှဝေခဲ့ခြင်းဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် FDA ဆေးဝါးမှတ်ပုံတင်လက်မှတ်မရခင်ရောင်းချခြင်းလည်းမရှိပါ။
ဆေးဝါးရောင်းချခြင်းနှင့်ပတ်သက်၍ FDA မှပြဌာန်းချက်များကိုတိကျစွာလိုက်နာခြင်းသည် ကျွန်ုပ်တို့​၏အခြေခံလိုက်နာလျှက်ရှိသည့် စည်းမျဉ်းဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။

FAVIPAC (Favipiravir 200mg)ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ central medical store department သို့ 30.12.20 တွင် tablets (10,000)ပေးပို့လှူဒါန်းခဲ့ပြီး၊
31.12.20 တွင် Tablets 15,000 ကို သံဃာတော်များ၊ အရပ်သားများနှင့် တပ်မတော်သားများအား COVID-19 ကုသမှူပေးနေသော တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ Tablet 50,000 ကို တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက်များအတိုင်း ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဒုတိယအချက်အနေဖြင့်ရှင်းပြလိုသည်မှာ
အထက်ပါလှူဒါန်းသည့်သတင်းကို နှစ်သစ်အခါသမယတွင် လူအများမုဒိတာပွားနိုင်ရန် နှင့် ဆရာဝန်ကြီးများအတွက် ရွေးချယ်စရာဆေးအမျိုးမျိုးရှိလာပြီဖြစ်ကြောင်း အသိပေးတင်ပြခဲ့ခြင်းသာဖြစ်ပြီး Anti-viral ဆေး FAVIPAC (Favipiravir) ကို COVID-19 ရောဂါ”ပျောက်ဆေး” ဟု ဖော်ပြခဲ့ခြင်းမရှိပါ။ ထိုကုသဆေး/သောက်ဆေးသောက်လျှင် COVID-19 ပျောက်ကင်းမည်ဟုလည်း ရေးသားခဲ့ခြင်းမရှိပါ။ COVID-19 အတွက် "drug of choice" ဖြစ်ပါသည် ဟူ၍လည်းရေးသားခဲ့ခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။
စတင်ထုတ်လုပ်သည့်အချိန်မှ ယနေ့အထိ မည်သူတစ်ဦးတစ်ယောက်ထံကိုမှရောင်းချခဲ့ခြင်း၊ မတော်လောဘအကျိုးစီးပွားရှာခဲ့ခြင်းမရှိပါ။
အခမဲ့လှူဒါန်းမှူသာရှိပါသည်။

မီဒီယာနှင့် သတင်းဌာနအချို့တွင် Covid-19 ကာကွယ်ဆေးအဖြစ်လည်းကောင်း၊ Covid-19 ရောဂါကုသပျောက်ကင်းတော့မယ့် သတင်းကောင်း ဟူ၍လည်းကောင်း ထင်ယောင်ထင်မှားရေးသားကြသည့်အတွက် ပြည်သူအများကြား နားလည်မှူလွဲမှားစေခဲ့ပါသည်။

ကုမ္မဏီ၏ Facebook စာမျက်နှာတွင် ဆရာဝန်ဆေးညွှန်းဖြင့်သာသုံးစွဲရသည့်ဆေးဖြစ်ကြောင်းရှင်းလင်းစွာရေးသားတင်ပြခဲ့ပြီး original မူရင်းဆေးမှာ ဂျပန်နိုင်မှ Avigan ဖြစ်ကြောင်းလဲ ပွင့်လင်းမြင်သာစွာဖော်ပြခဲ့ပါသည်။ Avigan ဆေးအကြောင်းသိလိုသောမည်သူမဆို Avigan အမည်ဖြင့် google page များနှင့် ဆေးသတင်းwebsite များတွင် ဖတ်ရှူနိုင်ကြသည်ဖြစ်သဖြင့် မူရင်းဆေး Avigan နာမည်ကိုယှဉ်တွဲဖော်ပြလျှက် အသိပေးခြင်းလည်းဖြစ်ပါသည်။
Favipiravirဆေးကို ဆရာဝန်ကြီးများမှသာ မည်သို့သော လူနာများတွင်သုံးမည်၊ မည်သို့သောလူနာများတွင်မသုံးပါဆိုသော အချက်ကိုစဉ်းစားသည့်အခါ ရရှိမည့်အကျိုးကျေးဇူးနှင့် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို ချင့်ချိန်ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုသမှူနည်းလမ်း (Treatment Guideline) ခြင်းတိကျစွာ တူညီခြင်းမရှိပဲ မိမိနိုင်ငံသည့်သင့်တော်သည့် Treatment guideline ကိုဖော်ထုတ်ကျင့်သုံးကြသည့်အားလျှော်စွာ နိုင်ငံတိုင်းသာမက မြန်မာနိုင်ငံတွင်ပင် Remdesivir ကိုလက်ခံသည့်ဆရာဝန်အုပ်စု၊ လက်မခံသည့်ဆရာဝန်အုပ်စု၊ Favipiravir ကိုလက်ခံသည့်ဆရာဝန်အုပ်စု၊ လက်မခံသည့်ဆရာဝန်အုပ်စု ဟူ၍ အမျိုးမျိုးကွဲပြားလျှက်ရှိပြီး လူနာ၏အခြေအနေ၊ ရရှိထားသော သုသေတနအချက်အလက် (limited clinical trial data) များပေါ်အခြေခံ၍ အရေးပေါ်အခြေအနေတွင်သုံးစွဲရသောဆေး (emergency use authorisation) အဖြစ် Favipiravir နှင့် Remdesivir တို့ကို ချင့်ချိန်သုံးစွဲနေကြခြင်းဖြစ်ပါသည်။ (Please see reference link-1)
Favipiravir သောက်ဆေးမှာလည်း Remdesivir ထိုးဆေးကဲ့သို့ပင် WHO မှထောက်ခံထားခြင်း၊ သုံးစွဲသင့်သည်ဟု မှတ်ချက်ပြုခြင်း (WHO မှ Recommend လုပ်ထားခြင်း)မရှိ သော်လည်း ထိုးဆေး Remdesivir ကဲ့သို့ storage condition , cost စသည့် အချက်များ နည်းပါးအဆင်ပြေသည့်အတွက် နိုင်ငံတော်တော်များများတွင် mild to moderate COVID infection အတွက် Favipiravir ကိုကုသဆေးအဖြစ် လက်ခံသုံးစွဲလျှက်ရှိပါသည် ။
Covid-19 ရောဂါဖြစ်ပွားမှုနှုန်းများသော India နိုင်ငံတွင်လည်း Favipiravir ဆေးဝါးအား လျှင်မြန်စွာ ဗိုင်းရပ်ပိုးတိုက်ထုတ်နိုင်မှု ( Rapid viral clearance ) နှင့် ရောဂါလက္ခဏာ အခြေအနေများ လျှင်မြန်စွာ တိုးတက်လာမှု ( Faster clinical improvement ) တို့ကြောင့်
တရားဝင်ခွင့်ပြုသုံးစွဲလျှက်ရှိကြောင်းကိုလည်း International Journal of Infectious Disease တွင်ဖတ်နိုင်ပါသည် ။ (Please see reference link-2)
NCBI စာမျက်နှာ US National Library of Medicine, National Institutes of Health Website တွင်လည်း Favipravir အား " A new and emerging antiviral option in COVID-19 " အဖြစ်ညွှန်းဆိုထားပြီး တရုတ်ပြည်နှင့်ဂျပန်နိုင်ငံတွင်ပြုလုပ်ခဲ့သော Trial များနှင့် ရုရှား ၊ ဆော်ဒီအာရေးဗီးယား၊ အမေရိကန် ၊ India နိုင်ငံများ တွင် ပြုလုပ်နေသော ongoing trial များအားလည်းလေ့လာနိုင်ပါသည် ။ (Please see reference link-3)
ထို့အပြင် Glenmark ၏ Favipiravir ကိုလည်း Covid-19 trial တွင် လူနာကုသချိန် period ပို၍ မြန်ကြောင်း ကိုလည်း ဖတ်ရှုနိုင်ပါသည် ။ ( Please see reference link-4)
ထပ်မံဖတ်ရှုလိုပါက
Dr Reddy's launches Avigan (Favipiravir) for COVID-19 treatment
(Please see reference link-5)
ဂျပန်နိုင်ငံမှ တုပ်ကွေးကုသဆေးဝါး Avigan ဖြင့် နိုင်ငံ ၂၀ အား ဗိုင်းရပ်တိုက်ထုတ်ရန် အခမဲ့ဖြန့်ဝေသည့်သတင်း
(Please see reference link - 6)
ဂျပန်နိုင်ငံမှ Avigan ဆေး 12,000 tablets အား Covid ကာလတွင် မြန်မာနိုင်ငံသို့ လူအယောက် ၁၀၀ စာကုသနိုင်ရန် လှူသည့်သတင်း အား Embassy of Japan in Myanmar တွင်ဖော်ပြသည့်သတင်း ကိုအောက်ပါ link တွင်ဖတ်ရှူနိုင်ပါသည်။ ထိုလှူဒါန်းသွားသောဆေးကို မြန်မာနိုင်ငံရှိ Covid-19 ကုသရေူဆေးရုံကြီးများတွင် သုံးစွဲကြကြောင်းသိရှိရပါသည်။
(Please see reference link-7)

Anti-viral (ဗိုင်းရပ်စ်ပိုးသတ်ဆေး) ဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုး အနည်းမှ အများထိရှိနိုင်ပါသည်။ Remdensivir ထိုးဆေးကဲ့သို့ပင် Favipiravir ဆေးတွင်လည်း ဆေးနှင့်သက်ဆိုင်သည့် ဘေးထွက်ဆိုးကျိုးရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ
COVID-19 ရောဂါကုသပေးသော ဆရာဝန်၏ ဆေးညွှန်းခွင့်ပြုချက်ဖြင့်သာ သုံးစွဲရမည့်ဆေးဖြစ်သည် ။
Favipiravir ဆေးအား Influenza/Covid-19 ကုသမှုအတွက်သုံးစွဲလျှက်ရှိသည့်နိုင်ငံ အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
တရုတ်ပြည် ဝူဟန်မြို့ ( First used against Covid19( SARS-CoV-2) )
( Emergency Use ) - Italy
( Currently use for treatment ) - Russia , Ukraine ,Uzbekistan , Japan, Moldova , Kazakhstan, Indonesia,
Saudi Arabia & UAE ( Approval has been granted )
Trukey, Bangladesh, Egypt ( commercial launches )
India ( DCGI approval for mild to moderate COVID infection )
Favipiravir ဆေးဝါး Avigan ကိုဂျပန်နိုင်ငံတွင် ပထမဦးဆုံး စျေးကွက်ထဲဝင်ပြီး approve ဖြစ်ခဲ့စဉ်အခါက Anti-influenza agent အနေဖြင့်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် DCGI ဟုခေါ်သော Drug Controller General of India မှ emergency approval ပေးခဲ့ပြီး India တွင် Covid လူနာများအတွက်သုံးစွဲကြခြင်းဖြစ်ပါတယ် ။
ထို့ကြောင့် ယခု မြန်မာနိုင်ငံတွင်လည်း သာမန်အဆင့်မှ အလယ်အလတ်စား COVID-19 လူနာများ များပြားသည့်အလျှောက် Anti-viral option တစ်ခုနေဖြင့် Remdesivir ထိုးဆေးကဲ့သို့ စရိတ်စကမကြီးမားခြင်း ၊ သိုလှောင်သည့်အခါ တင်းကြပ်သည့် စံသတ်မှတ်ချက်များမလိုအပ်ခြင်းကြောင့် နှစ်သစ်အချိန်အခါတွင် ပြည်တွင်းဆေးဝါးစက်ရုံ PMI မှ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော Anti-viral option တစ်ခုဖြစ်သည့် FAVIPAC (Favipiravir 200mg) ဆေးကို ပြည်သူများ ကြိုတင်ဝမ်းသာနိုင်စေရန် ရိုးသားစွာဖြင့် Facebook post တင်၍ မျှဝေပေးခဲ့ခြင်းဖြစ်ပါသည် ။
အချုပ်အားဖြင့် ရေးသားလိုသည်မှာ တစ်ကမ္ဘာလုံးတွင် ၂၀၂၀ ခုနှစ်တစ်နှစ်လုံးအား ဆိုးရွားစွာ ထိတ်လန့်စေခဲ့သော သေနှုန်းမြင့်တက်စေခဲ့သော COVID-19 ရောဂါဆိုးကြီးအား ယခုအချိန်ထိ ၁၀၀% ကုသပျောက်ကင်းသောဆေးမရှိသေးပါ။ COVID-19 ရောဂါပျောက်ဆေးလည်းမရှိသေးပါ။
စမ်းသပ်ဆဲ လေ့လာဆဲ အဆင့်များသာဖြစ်ကြပြီး "လက်လှမ်းမှီရာ ကောက်ရိုးတစ်မျှင်အနေဖြင့် " မျှော်လင့်ချက်ထားကာ Anti-viral option (ဗိုင်းရပ်စ်ပိုးသတ်ဆေး) များကို နိုင်ငံအလိုက် COVID-19 ကုသသည့်ဆရာဝန်ကြီးများ​၏ အတွေ့အကြုံ၊ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားပေါ်မူတည်၍ သုံးစွဲနေကြခြင်းဖြစ်ပါသည် ။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ Pacific Medical Industries Ltd မှ ထုတ်လုပ်သော Favipiravir ဆေးအား
(၁၀၀% ကုသပျောက်ကင်းသောဆေး မပေါ်သေးသည့်အလျောက်) ကုသဆေး ရွေးချယ်စရာ option တစ်ရပ်အနေဖြင့် ပြည်တွင်းမှာပင် generic ဆေးဝါးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူများ နှစ်သစ်တွင်ဝမ်းသာကြည်နူးနိုင်စေရန်အတွက် Post တင်ခဲ့ခြင်းဖြစ်ပါကြောင်း ရိုးသားစွာဖြင့် ရှင်းလင်းအပ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများကောင်းကျိုးအတွက်အစဉ်အမြဲရှေးရှူလျှက် ပညာရေး၊လူမှူရေး၊ သာသနာရေးကိစ္စများအတွက်လှူဒါန်းမှူအပြင် COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ မတ်လမှစ၍ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြင့် နိုင်ငံသားကောင်းတစ်ဦးပီသစွာ COVID-19 ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေးအတွက် လိုအပ်သည့်နေရာတွင်လိုအပ်သည်များကို စဉ်ဆက်မပြတ်လှူဒါန်းခဲ့ခြင်း (COVID-19 ရောဂါရှာဖွေရေးစက် Cobas 6800 စက်နှင့်ရောဂါရှာဖွေရေးဆေးရည်များကို အခက်ခဲများကြားကကြိုးပမ်းသယ်ယူလှူဒါန်းခဲ့ခြင်းအပါအဝင်)အတွက် စုစုပေါင်းမှာ ၂၀၂၀ အတွင်း COVID-19 အတွက် ကျပ်သိန်းပေါင်း (၂၄,၅၅၅)သိန်းရှိခဲ့ပြီဖြစ်ပါသည်။
ယခုအခါတွင်လည်း မြန်မာနိုင်ငံတွင်အခြားနိုင်ငံများနည်းတူ ဈေးနှူန်းသက်သာသော COVID-19ကုသဆေးများကို ဆရာဝန်နှင့် လူနာများအတွက်ရွေးချယ်စရာဆေးဝါးပိုမိုရရှိလာစေရေး ကြိုးပမ်းခြင်း၊ မိတ်ဆက်ပေးလိုခြင်း၊ စေတနာအပြည့်ဖြင့်ရိုးသားစွာလှူဒါန်းခြင်း သာဖြစ်ပါသည်။
သို့သော် ရိုးသားစွာလှူဒါန်းခြင်းသတင်းထုတ်ပြန်မှူကို အပြုသဘောမဆောင်ဘဲ မိမိလိုရာဆွဲ၍ရေးသားပြောဆိုမှူများကိုလည်း မေတ္တာစေတနာထားနားလည်မှူပေးပြီး မိမိ​၏ဆောင်ရွက်လျက်ရှိသော နိူင်ငံသားများကောင်းကြိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လေးစားစွာတင်ပြအပ်ပါသည်။
ပျော်ရွင်စရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ .....
Reference Link အားလုံးကြည့်ရန် အောက်ပါ link  (စာ/ပုံ)ကိုနှိပ်၍ ဖတ်နိုင်ပါသည် ။

Favipiravir Related Reference Links

sss.jpg

 

 Myanmar FDA ၏ စီစစ်မှူအဆင့်ဆင့်ကိုအောင်မြင်သောဆေးများကို ကြော်ငြာသည့် ဒီဇင်ဘာလ ၂၀၂၀ FDA notice board (FDA ကြော်ငြာသင်ပုန်း)တွင် အခြားအောင်မြင်သောဆေးများနှင့်အတူ ထုတ်ပြန်ကြေညာာခဲ့သောပုံ။

ss1.jpg

 

FDA အရာရှိလက်မှတ်ထိုးလျှက် ဆေးဝါးမှတ်ပုံတင်ခြင်းကိုခွင့်ပြုကြောင်း (registration approve) စာထုတ်ပြီး ဆေးဝါးမှတ်ပုံတင်ကြေး (registration fees) ပေးသွင်းရန် PMI စက်ရုံသို့ ဒီဇင်ဘာ(၂၃)ရက်နေ့တွင်FDA မှ အကြောင်းကြားလာသောစာ။

 ss2.jpg

 

 ဆေးဝါးမှတ်ပုံတင်ကြေးပေးသွင်းပြီး FDA သို့ပြန်လည်ပေးပို့ပြီးသောငွေသွင်း ဘဏ်ချလံ။

ss3.jpg

Read times Last modified on Saturday, 02 January 2021 15:52
Rate this item
(1 Vote)