What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 January 2021 16:59

သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းခြင်း - Anemia due to deficiency

Iron deficiency anemia ဆိုသည်မှာ ကိုယ်ခန္ဓာထဲတွင် သံဓါတ်မလုံလောက်မှုကြောင့် အနီရောင်သွေးဥ (Red blood cells) များ လျော့ပါးသွားသည့် ရောဂါတစ်ခုဖြစ်ပါတယ်။ သံဓာတ်က အောက်ဆီဂျင်ကို သိုလှောင်ပြီး ကိုယ်ခန္ဓာအနှံ့သယ်ဆောင်ပေးသည့် အနီရောင်သွေးဆဲလ် (သွေးနီဥ) တည်ဆောက်ရာတွင် အသုံးပြုပါတယ်။

 

ထို့ကြောင့် သွေးနီဥ ပုံမှန်ထက်လျော့နည်းသော အခြေအနေမျိုးတွင် ကိုယ်ခန္ဓာမှ ကိုယ်တွင်းကလီစာများ၊ တစ်ရှူးဆဲလ်များမှာ အောက်ဆီဂျင်ဓာတ်ကို လုံလောက်စွာ မရရှိတော့ပေ။ သွေးနီဥ လျော့နည်းစေနိုင်သော အခြားအကြောင်းအရာများလည်း ရှိပြီး ထိုအထဲတွင် သံဓာတ်အားနည်းခြင်းကြောင့် ဖြစ်ပွားခြင်းမှာ အတွေ့ရအများဆုံး ဖြစ်သည်။

 

သွေးအားနည်းခြင်း လက္ခဏာများ

ရောဂါ လက္ခဏာများမှာ နုံးချိ၍ အားမရှိခြင်း၊ မောခြင်း၊ ရင်တုန်ခြင်း၊ အသားအရည် ဖြူဖျော့နေခြင်း။

 

သံဓါတ်အားနည်းခြင်းကို ဖြစ်ပွားရသော အကြောင်းရင်းများ

သွေးမဆုံးမှီ အမျိုးသမီးများတွင် ရာသီသွေးဆင်းများခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း (ကလေးအတွက် သံဓာတ်ကို ပိုမိုလိုအပ်၍ဖြစ်သည်) တို့ကြောင့် သံဓာတ် အားနည်းတတ်ကြသည်။ သွေးဆုံးပြီး အမျိုးသမီးများနှင့် အမျိုးသားများတွင်မူ အစာအိမ်၊ အူလမ်းကြောင်းတို့တွင် သွေးယိုခြင်းကြောင့် သံဓာတ်အားနည်းခြင်း ဖြစ်ပေါ်တတ်ကြသည်။

 

အစာအိမ်သွေးယိုရခြင်းမှာ အစာအိမ်၌ အနာရှိ၍သော်လည်းကောင်း၊ အစာအိမ် ကင်ဆာ၊ အူလမ်းကြောင်း ကင်ဆာ တို့ကြောင့် လည်းကောင်း ဖြစ်နိုင်ပြီး အကိုက်အခဲပျောက်ဆေးများ မကြာခဏ သုံးစွဲခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ ရှားရှားပါးပါး အနေဖြင့် စားသုံးသည့် အစားအစာထဲတွင် သံဓာတ်လုံလောက်စွာ မပါဝင်ခြင်းကြောင့်လည်း သံဓါတ်အားနည်းခြင်း ဖြစ်ပေါ်စေနိုင်သည်။

 

နောက်ဆက်တွဲ ပြဿနာများ

သံဓာတ်အားနည်းခြင်းကို မကုသဘဲ ထားလျှင် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ ရောဂါပိုးဝင်လွယ်၊ ဖျားလွယ်ခြင်း (သံဓာတ်အားနည်းခြင်းကြောင့် ကိုယ်ခန္ဓာ ခုခံစနစ် အားနည်းနိုင်၍ဖြစ်သည်) ။

 

နှလုံးခုန် မြန်လွန်းခြင်း (Tachycardia) ။ နှလုံး ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း (Heart Failure) ။ ကိုယ်ဝန်ဆောင်များတွင် မီးမဖွားမှီနှင့် မီးဖွားပြီး အချိန်တို့တွင် ရောဂါပြဿနာများ ပိုမိုတွေ့ရတတ်ခြင်း (လမစေ့ဘဲ မွေးခြင်း၊ ကလေး ပေါင်မပြည့်ခြင်း၊ မွေးဖွားအပြီးတွင် မိခင်အနေဖြင့် စိတ်ကျရောဂါ ခံစားရခြင်း) ။

 

စစ်ဆေးမှုများ

Full Blood Count စစ်ဆေးခြင်း (ဤနည်းဖြင့် သွေးနီဥ အကြီးအသေး၊ အနည်းအများ၊ သွေးနီဥ၏ အရောင်စသည်တို့ကို စစ်ဆေးနိုင်သည်) ။ သွေးတွင်းရှိ သံဓာတ်ကို Ferritin ခေါ် သံဓာတ် သိုလှောင်ရေး ပရိုတင်းဓာတ်ကို ဖောက်၍ စစ်ဆေးခြင်း။

 

ကုသခြင်း

သံဓာတ်ပြန်လည် ဖြည့်တင်းရန် သံဓာတ်အားဆေးများ သောက်သုံးရမည်။ များသောအားဖြင့် နာတာရှည်ရောဂါ မဖြစ်ဘဲ ထိုနည်းဖြင့် ထိထိရောက်ရောက် ကုသအောင်မြင်ကြသည်။ လအနည်းငယ်ကြာသည့်အခါ သံဓာတ်သိုလှောင်မှု လုံလောက်မှု ရှိမရှိ ပြန်လည် စစ်ဆေးကြည့်ရန် လိုအပ်သည်။

 

အကယ်၍ အခြား သံဓာတ်အားနည်းစေသော ရောဂါ တစ်ခုခု တွေ့ရှိပါက ဖြစ်ပွားစေသော မူလရောဂါကို ကုသရန် လိုအပ်ပါသည်။ သံဓာတ် ကြွယ်ဝသော အစားအစာများကိုလည်း စားရန် လိုအပ်နိုင်ပါသည်။

 

သံဓာတ်ကြွယ်ဝသော အစားအစာများမှာ

အစိမ်းရင့်ရောင်ရှိ အရွက်များ (ဥပမာ- ဟင်းနုနွယ်၊ ကန်စွန်းရွက်) ။ ဆန်လုံးညို၊ ပဲ အမျိုးမျိုး၊ အသား၊ ငါး၊ တို့ဟူး။ အခွံမာသီး၊ အစေ့အဆံများ (ဥပမာ- နေကြာစေ့) ။ ကြက်ဥ၊ ဘဲဥ စသည့် ဥအမျိုးမျိုး။

Read times Last modified on Thursday, 07 January 2021 18:26
Rate this item
(0 votes)