What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 January 2021 20:24

ဂေါက်ရောဂါ (Gout) အကြောင်းသိကောင်းစရာ

ဂေါက်ရောဂါလို့ပြောလိုက်ရင်လူတော်တော်များက တစ်လွဲတွေးတတ်ကြပါတယ်။

တစ်ကယ်တမ်းတော့ ဂေါက်ရောဂါဆိုတာ Gouty Arthritis လို့ခေါ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုးပါပဲ။ အဆစ်ရောင်ရောဂါလို့ပြောပြန်တော့ လေးဘက်နာ ရောဂါ၊ အရိုးပွ အဆစ်ရောင်နာ စတဲ့ အဆစ်ရောင်ရောဂါတွေနဲ့ မှားတတ်ကြပြန်ပါတယ်။ ဒီတော့ အစားအသောက်အနေအထိုင်ဆင်ခြင်မှ သက်သာနိုင်မဲ့ဂေါက်ရောဂါ အကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။

ဂေါက်ရောဂါဆို တာ သွေးထဲမှာရှိတဲ့ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်တဲ့ယူရစ်အက်ဆစ် (Uric Acid) ရဲ့ပမာဏ မြင့်တက်ပြီး အဆစ်တွေထဲမှာ အနည်ကျတဲ့အတွက် အဆစ်တွေကို တိုက်စားပြီး ရောင်ယမ်းမှုတွေ နဲ့နာကျင်ကိုက်ခဲ မှုတွေဖြစ်ပေါ်လာတာကို ဆိုလိုတာပါ။ တစ်ခြားသော အဆစ်ရောင်ရောဂါတွေနဲ့မတူတာက တော့ ဂေါက်ရောဂါ ဟာ Uric Acid တွေ အနည်ကျတဲ့ အဆစ်တွေမှာ သာ ရောင်ယမ်းနာကျင်မှုတွေဖြစ်တတ်ပြီး တစ်ခြားသော အစိတ်အပိုင်းတွေမှာ ကိုက်ခဲမှုမဖြစ်ပါဘူး။ များသောအားဖြင့်ဂေါက်ရောဂါစဖြစ်ပြီဆိုရင်တော့ ခြေမရဲ့အဆစ်တွေကနေစပြီးဖြစ်လေ့ရှိပါတယ်။ ခြေချောင်း၊ လက်ချောင်း၊ လက်ကောက်ဝတ်၊ ဒူးဆစ်စတဲ့ အဆစ်တွေမှာလည်း ဖြစ်တတ်ပါတယ်။

ဂေါက်ရောဂါ ဖြစ်ပြီဆိုရင်တော့ Uric Acid တွေ အနည်ကျတဲ့ အဆစ်တွေနဲ့အနီးပတ်ဝန်းကျင် အရေပြားတွေဟာ နီရဲပြီး ရောင်ယမ်းလာပါတယ်။ ထို့ပြင် အဲ့ဒီအဆစ်တွေဟာ ကိုက်ခဲနာကျင်နေမှာပါ။ ညဘက်တွေမှာဆို ပိုသိသာပါတယ်။ မီးစနဲ့ထိုးနေသလိုပါပဲ။ ဂေါက်ရောဂါဟာ နာတာရှည်ရောဂါ တစ်မျိုးဖြစ်တဲ့အတွက် သွေးထဲမှာ ရှိတဲ့ uRIC aCiD တွေရဲ့ပမာဏကို ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ဖို့အရေးကြီးပါတယ်။ uRIC ACID ပမာဏမြင့်တက်လာတဲ့နဲ့အမျှအဆစ်တွေထဲမှာ အနည်ကျတာတွေလဲများလာပြီး ရောင်ယမ်းမှုတွေလည်းများလာမှာပါ။

ဂေါက်ရောဂါဖြစ်လာပြီ ဆိုရင်တော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့လိုပဲ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုစွဲသောက်ဖို့ လိုလာပါပြီ။ သို့မှသာ သွေးတွင်း uric Acid ပမာဏကို ထိန်းထားနိုင်မှာပါ။ ဆေးတွေစွဲသောက်နေပေမယ့် အစားအသောက်အနေအထိုင် မမှန်လို့ရောဂါထပြီး ရောင်ယမ်းကိုက်ခဲလာရင်တော့ ခဏတာနာကျင်မှုတွေသက်သာစေဖို့အတွက်တော့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေကို သောက်ထားနိုင်ပါတယ်။ ဂေါက်ရောဂါရှိသူများ လိုက်နာရမည့် အချက်တွေ နှင့် ရှောင်ကျဉ်ရမည့် အချက်များကိုဖော်ပြလိုက်ပါတယ်။

လိုက်နာရမည့် အချက်များကတော့

၁။ ရေများများသောက်ပါ။

ရေများများသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ URIC ACID များကို ဆီးမှတစ်ဆင့်စွန့်ထုတ်မှု ပိုမိုစွန့်ထုတ်နိုင်တဲ့အတွက် Uric Acid ပမာဏကို လျှော့ချနိုင်ပြီး ဂေါက်ရောဂါကိုသက်သာစေနိုင်ပါတယ်။

၂။ အသီး အနှံ နှင့် ဟင်းသီးဟင်းရွက် များများစားပါ။

လတ်ဆတ်တဲ့ အသီးအနှံတွေဖြစ်တဲ့ ငှက်ပျောသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ တလည်းသီး၊ ချယ်ရီသီး ၊ တို့နှင့် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ၊ ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း စတဲ့ လတ်ဆတ်တဲ့ အသီးအနှံ နှင့် ဟင်းသီးဟင်းရွက်တွေဟာ Uric Acid ပမာဏကို လျှော့ချပေးနိုင်တဲ့အတွက် ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်။

၃။ ကိုယ်လက် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

ကိုယ်လက် လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပြီး Uric Acid အနည်ကျခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါတင်မက သေးပါဘူး အရိုး၊ အဆစ်နဲ့ကြွက်သားတွေကိုလည်းသန်မာစေနိုင်ပါတယ်။ အဝလွန်ခြင်းဟာလည်း ဂေါက်ရောဂါကို ပိုမို ဆိုးနိုင်စေတဲ့ အတွက် ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်ကတော့ ဂေါက်ရောဂါ ထနေပြီး အဆစ်တွေရောင်နေတဲ့အချိန်မျိုးမှာတော့ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိရင်တော့ ရောင်ယမ်းနာကျင်မှုတွေကို ပိုဆိုးစေနိုင်ပါတယ်။

ရှောင်ကျဉ်ရမည့် အချက်များကတော့

၁။ အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်ပါ။

အရက်သောက်ခြင်း ဟာ ခန္ဓာကိုယ်အတွင်းမှာရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေတဲ့ အတွက် Uric Acid တွေကို ပိုမို အနည်ကျစေနိုင်တဲ့အတွက် Gout ရောဂါကို ပိုဆိုးစေပါတယ်။ အရက်တင်မက ပါဘူး ဘီယာ၊ ဝိုင် စတာတွေကိုလည်းရှောင်ရမှာပါ။ ဘီယာတွေ ဝိုင်တွေ မှာပါတဲ့ တဆေးဟာ Uric Acid တွေပိုမို ထွက်စေဖို့အတွက် ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။

၂။ အစားရှောင်ပါ။

URIC ACID ပမာဏကို များစေတဲ့အစားအသောက်တွေကတော့ အဆီများတဲ့ အသားတွေဖြစ်တဲ့ ဝက်သား၊ အမဲသား၊ သိုးသား စတာတွေ၊ ကလီစာတွေ၊ တွင်းအောင်းသားတွေ၊ မျှစ်၊ မှို၊ ပဲတောင့်ရှည်၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ တဆေး၊ ငါးပါနီ၊ ငါးသေတ္တာငါး၊ ငါးပိ၊ အခွံမာ ရှိသော ရေသတ္တဝါများ ဥပမာ ဂဏန်း စသည်တို့ဖြစ်ပါတယ်။ ဂေါက်ရောဂါ သမားတွေဟာ uric acid ပမာဏ ကို လျော့နည်းအောင် ထိန်းထားရမှာ ဖြစ်တဲ့ အတွက် ဒီအစားအသောက်တွေကိုတော့ ရှောင်မှဖြစ်မှာပါ။

ဂေါက်ရောဂါ ရှိတယ်မရှိဘူးဆိုတာကိုတော့ သွေးတွင်း Uric acid ပမာဏ ကို စစ်ကြည့်မှပဲ သိနိုင်မှာပါ။ ပုံမှန် လူတွေမှာ ရှိရမည့် Uric Acid ပမာဏကတော့ အမျိုးသားတွေမှာ 3.5 to 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 to 5.7 mg/dl ဖြစ်ပါတယ်။

လေးဘက်နာ ရောဂါ၊ အရိုးပွ အဆစ်ရောင်နာတွေနဲ့မတူတဲ့ အစားအသောက်အနေအထိုင်တွေဆင်ချင် မှ သက်သာနိုင်မည့် ဂေါက်ရောဂါ (GOUTY ARTERITIS) အကြောင်းကို ဗဟုသုတရအောင် တင်ပြလိုက်ပါတယ်။

မေသူ-သံတွဲ ( ဆေးဝါးတက္ကသိုလ်)

Read times
Rate this item
(6 votes)