What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 July 2021 11:17

ဘယ် COVID-19 ကာကွယ်ဆေးကို နိုင်ငံအများဆုံး အတည်ပြုထားသလဲ

ပြည်ပခရီးစဉ်တွေမှာ တစ်ကျောင်းတစ်ဂါထာ တစ်နိုင်ငံ တစ်မျိုးဆန်း စည်းကမ်းတွေ ရှိနေကြတာမှာ ယခုအခါ လိုအပ်ချက်တစ်ခုက COVID-19 ကာကွယ်ဆေးကို ထိုးထားပြီးပြီလား

ဆိုတဲ့အချက် ဖြစ်ပါတယ်။ ထိုးပြီးပါပြီဆိုရင် ဘယ်ဆေးအမျိုးအမည်ကို ထိုးထားသလဲဆိုတဲ့အချက်ကို ဆန်းစစ်ကြတယ်။

ခရီးသွားလုပ်ငန်းမှ ရရှိတဲ့ ဝင်ငွေနဲ့ ဖန်တီးပေးထားတဲ့ တိုက်ရိုက်အလုပ်အကိုင်တွေနဲ့ သွယ်ဝိုက်အလုပ်အကိုင်တွေကို ကြာကြာလျစ်လျူပြုထားဖို့ မဖြစ်နိုင်တာကြောင့် အဝင်တံခါးတွေ ပိတ်ထားရာမှ တံခါးတွေကို စေ့ရုံစေ့ထားလိုက်ကြရတယ်။ တံခါးဖွင့်ပြီး ဝင်လာသူအတွက် ရှိရမယ့် သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားပြီး ကိုက်ညီမှ ဝင်ခွင့်ပြုပေးလိုက်ကြတယ်။

၂၀၂၀ ခုနှစ် နိုင်ငံတကာ ခရီးသွားလာမှု ဆိုက်ရောက်ဦးရေက ၂၀၁၉ ခုနှစ်နဲ့ နှိုင်းစာရင် ၇၄% လျော့ကျခဲ့ရာ ခရီးသည်ဦးရေ သန်း ၃၈၀ မျှသာ ရှိခဲ့ပါတယ်။ လတ်တလော လတွေမှာ နိုင်ငံတကာ ခရီးသွားလာမှုများ ပြန်လည် သွားလာကြတာကို တွေ့ကြရတယ်။ အခုလို များလာတာမှာ အဓိကအကြောင်းတစ်ခုမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားလို့ ပြည်ဝင်ခွင့် ပြုပေးလာကြတာ ဖြစ်ပါတယ်။
ယခုအခါ ကမ္ဘာတစ်လွှားမှာ ဆေးထိုးပြီးသူ ၃. ၇ ဘီလျံဝန်းကျင် ရှိလာပြီလို့ ဆိုပါတယ်။ ဆေးထိုးပြီးသူတွေထဲမှာ အကြောင်းကြောင်းကြောင့် ပြည်ပခရီး သွားကြမယ့်သူတွေ အထုပ်တပြင်ပြင် ဖြစ်လာကြတယ်။ ဒါပေမဲ့ ဘယ်ကိုဗစ်ကာကွယ်ဆေးအမျိုးအမည်တွေကို အတည်ပြုပေးသလဲ ဆိုတာအရသာ ပြည်ဝင်ခွင့်ကို ရရှိကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လေကြောင်းခရီးဖြင့် ပြည်ပခရီးကို သွားလာမှု များပြားတဲ့အတွက် ခရီးသည် ထိုးနှံထားတဲ့ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားအပေါ် မူတည်ပြီး ဆေးထိုးပြီးသူအဖြစ် သတ်မှတ်ခြင်း ပြုမပြုဆိုတာကို လေဆိပ်တွေမှာ အဆုံးအဖြတ်ပြုကြတယ်။

ကိုယ့်တိုင်းပြည် ကိုယ်ပြန်တဲ့ လေကြောင်းခရီးသည်အဖို့ ဆေထိုးပြီးမပြီးက အဓိကမကျပေမဲ့ ဧည့်သည်နိုင်ငံခြားသားတွေအဖို့တော့ အရေးပါတဲ့အချက် ဖြစ်ပါတယ်။
ယခုတလောမှာ ဥရောပသမဂ္ဂ အီးယူက Covishield ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေကို ဝင်ခွင့်မပြုကြောင်း ကြေညာခဲ့ပါတယ်။ တကယ်တော့ Covishield ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပေမဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေးကို အန္ဒိယနိုင်ငံ ပြည်တွင်းမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ အချက်တစ်ချက် မတူတာနဲ့ ဆေးအာနိသင် ကွာခြားမှု ဖြစ်ပေါ်နိုင်တာမို့ ယခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။ အီးယူရဲ့ ဆေးဝါးကြီးကြပ်ရေးက Covishield ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပေးခြင်း မရှိသေးပါဘူး။ တင်ပြဖို့ လိုအပ်တဲ့ အထောက်အထားတွေ စာရွက်စာတမ်းတွေ တင်ပြပေးမှသာ အတည်ပြုဖို့ လုပ်ငန်းစဉ်ကိုစတင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
Covishield ကို ထုတ်လုပ်ရာနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ အစိုးရက လိုအပ်သလို လက်တုံ့ပြန်မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလို Covishield လက်မခံတဲ့ ကျန်းမာရေးမူဝါဒဟာ Covishield ထိုးထားတဲ့သူတွေ အားလုံးကို ဥရောပခရီးစဉ် သွားလာခွင့် ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ အနီးအနားမှာ တည်ရှိတဲ့ ဗြိတိန်နိုင်ငံမှာ Covishield ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသူ ဦးရေ ၅ သန်း ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Covishield ထိုးနှံခဲ့ပါတယ်။

vaccine_most_countries.jpg

 

ခရီးသွားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ VisaGuide.World မှ အချက်အလက်များအရ နိုင်ငံတကာခရီးသွားလာခြင်းအတွက် လက်ခံထားတဲ့ နိုင်ငံ အများဆုံး ရရှိထားတဲ့ ထိုးဆေးက AstraZeneca ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ အစိုးရအသီးသီးက အသိအမှတ်ပြုပေးထားပါတယ်။
AstraZeneca ကိုဗစ်ကာကွယ်ဆေးဟာ အသုံးအများဆုံး ကာကွယ်ဆေးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO World Health Organisation မှလည်း အတည်ပြုပေးထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အတည်ပြုပေးပြီး အခြားကိုဗစ်ကာကွယ်ဆေးတွေကတော့
Pfizer-BioNTech
Moderna
Johnson & Johnson
Sinopharm
Sinovac
တို့ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ CanSinoBio ကိုဗစ်ကာကွယ်ဆေးကို အသိအမှတ်ပြုတဲ့နိုင်ငံ အနည်းငယ်သာ ရှိပါတယ်။

အခုလို ကိုဗစ်ကာကွယ်ဆေး အမျိုးအစား အသိအမှတ်ပြုပုံ ကွဲပြားနေတာအရ ခရီးသွားလိုသူတွေကို အဟန့်အတား ဖြစ်နေစေတာ မဟုတ်ပါဘူး။ အခါအားလျော်စွာ ထုတ်ပြန်ပြဋ္ဌာန်းတဲ့ တားမြစ်နိုင်ငံစာရင်းကလည်း ဝင်လာမယ့် ခရီးသွားတွေကို ပိတ်ပင်မှု ပြုထားပါတယ်။
အမေရိကန်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထား တောင်းဆိုခြင်း မပြုပေမဲ့ ဗြိတိန်၊ ဉရောပ၊ တရုတ်၊ အိန္ဒိယ စတဲ့နေရာတွေမှ လာမယ့်သူတွေကို ပြည်ဝင်ခွင့် ပေးမှာ မဟုတ်ဘူး။
ပြည်ဝင်ခွင့် ရသော်လည်း ဝင်ခွင့်မရနိုင်တဲ့ နေရာတွေလည်း ရှိနေပါတယ်။ အချို့ ဖြေဖျော်ရေးတွေက FDA အတည်ပြု ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း အထောက်အထား ပါဖို့လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံမှာ AstraZeneca ကိုဗစ်ကာကွယ်ဆေး ကြိမ်ရေ သန်း ၃၀၀ အတွက် မှာယူထားသော်လည်း အမေရိကန်နိုင်ငံ အစိုးရ FDA က AstraZeneca ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုမပေးရသေးပါဘူး။
ဒီတော့ AstraZeneca ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပေမဲ့ FDA အတည်ပြု ကိုဗစ်ကာကွယ်ဆေး မဖြစ်တဲ့အတွက် ဝင်ခွင့် ရမှာ မဟုတ်ဘူး။

WHO မှ ထုတ်ပြန်ထားတဲ့ emergency-listed ကိုဗစ်ကာကွယ်ဆေးတွေကို အစိုးရတိုင်းက လက်ခံအတည်ပြုပေးဖို့ တောင်းဆိုထားပါတယ်။
အီးယူအဖွဲ့ဝင် နိုင်ငံအချို့ အနေဖြင် အီးယူပါလီမန်ရဲ့ စည်းမျဉ်းတွေကို လျစ်လျူပြုပြီး Covishield ကာကွယ်ဆေးကို လက်ခံသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံထုတ်နဲ့ ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကိုတော့ ခါးခါးသီးသီး ငြင်းဆန်ကြပါတယ်။ အဲဒီအတွက်ကြောာင့် တရုတ်နိုင်ငံမှ ခရီးသွားများအနေဖြင့် ဥရောပခရီးစဉ်ကို သွားရောက်ဖို့ အခက်အခဲ ဖြစ်နေစေမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက အီးယူကို လာရောက်တဲ့ တရုတ်ခရီးသွားဦးရေ ၁၂ သန်း ရှိခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံအတည်ပြုပေးဖို့ ခဲယဉ်းမယ်လို့ ခန့်မှန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေးအမျိုးအမည်တွေကတော့
ရုရှားမှ Sputnik V
အိန္ဒိယမှ Covaxin
ကျူးဘားမှ Abdala တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ထိုးနှံတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကတော့
အိန္ဒိယမှ Covishield နဲ့ Covaxin
တရုတ်မှ Sinopharm နဲ့ Sinovac
တို့ ဖြစ်ပါတယ်။

 asean_injection_final_cropss.png

Read times Last modified on Friday, 23 July 2021 11:24
Rate this item
(0 votes)