အမေရိကန်ဆေးကုမ္ပဏီထုတ် ဖိုင်ဇာကိုဗစ်ကာကွယ်ဆေး ၄ သန်းကျော်ကို မြန်မာနိုင်ငံက လက်ခံရရှိဖို့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီဆေးတွေကို GAVI COVAX Facility အစီအစဉ်နဲ့မြန်မာနိုင်ငံက ရရှိဖို့ရှိနေတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က မှာယူတင်သွင်းပြီး ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ဆေးစတင်ထိုးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ လူဦးရေ ၈.၆၈ သန်းကျော် ကာကွယ်ဆေးထိုးပြီးဖြစ်ပြီး ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးပြီးသူ ၃.၉၂ သန်းရှိတယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
ကာကွယ်ဆေးတစ်ကြိမ်ထိုးထားသူ အရေအတွက်ကတော့ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှု ၈ ရာခိုင်နှုန်းရှိတယ်လို့ အောက်တိုဘာလ ၅ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
GAVI အဖွဲ့က ပြီးခဲ့တဲ့ဇူလိုင်လကတည်းက မြန်မာနိုင်ငံကို လာရောက်ကာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ဖိုင်ဇာ ကာကွယ်ဆေးများပံ့ပိုးရာမှာ လိုအပ်တဲ့ အအေးလမ်းကြောင်းများ အသင့်ဖြစ်ရေးနဲ့ ဆေးထိုးအပ်များကိစ္စကို ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ရရှိမယ့် ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးက လေးသန်း လေးသောင်းကျော် ရရှိမှာဖြစ်ပြီးတော့ ဆိုင်နိုဗက်ဆေးကတော့ ၂ သန်းကျော်ရရှိဖို့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဖိုင်ဇာဆေးတွေကို ဘယ်လိုအစီစဥ်တွေနဲ့ ဘယ်လိုအုပ်စုတွေကို ထိုးပေးဖို့ရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းပြောကြားခဲ့တာ မရှိပါဘူး။
လတ်တလော မြန်မာနိုင်ငံက ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဥ်မှာ လူမျိုးမရွေး ဘာသာမရွေး ထိုးပေးနေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ကာကွယ်ဆေးထိုးပေးနေကြောင်းလည်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီတဲ့ ဗစ်ကာကွယ်ဆေးတွေကို ၅ ကြိမ်မြောက် နဲ့ ၆ ကြိမ်မြောက်မှာ အကူအညီပေးတဲ့ အစီအစဥ်အတွက် လက်ခံရရှိခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
GAVI ၊ UNICEF နဲ့ WHO တို့ရဲ့ပူးတွဲကြေညာချက်မှာတော့ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေးတွေပို့ဖို့အတွက် နောက်ဆုံးအတည်ပြုချက်ဟာ လူမျိုး၊ ကျားမ ၊လူမှုအဆင့်အတန်းနဲ့ နိုင်ငံရေးနှီးနွယ်မှုအရ ခွဲခြားခြင်းမရှိဘဲ ပြည်သူတွေကို ပို့ဆောင်ပေးနိုင်ခြင်းပေါ်မှာ မူတည်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်နှစ်ကုန်မှာ ကိုဗစ်ကာကွယ်ဆေးကို ၁၈ နှစ်ပြည့်ပြီးသူ လူဦးရေ ၅၀ ရာခိုင်နူန်းထိုးပေးဖို့လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကို စက်တင်ဘာ လကုန်မှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်ရမယ်ဆိုတဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ နိုင်ငံပေါင်း ၅၀ ကျော်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အရပ်သားအစိုးရဖြစ် တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ အစိုးရက စတင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စပြီးထိုးပေးတဲ့ ဆေးက အောက်စဖို့ဒ်ဆေးလို့ လူသိများတဲ့ အက်ထရာဇန်နက်ကာ ရဲ့ လိုင်စင်နဲ့ အိန္ဒိယကထုတ်တဲ့ ကိုဗစ်ရှီးဖြစ်ပါတယ်။
ကိုဗစ်ရှီး ဆိုတာက နိုင်ငံတကာမှာ လူသိများပြီးသား ဖြစ်ပြီး ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်ရဲ့ သုတေသနပိုင်းမှာ ပါဝင်မှုကြောင့် အောက်စဖို့ ကိုဗစ်ကာကွယ်ဆေးလို့လည်း သိကြတဲ့ အက်ထရာဇန်နက်ကာ ရဲ့ ဆေးဖော်နည်း သုံးခွင့်နဲ့ အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute of India (SII) က ထုတ်လုပ်တာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ကျန်းမာရေး ဝန်ထမ်းအချို့စထိုးနေတဲ့ အချိန်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့လို့ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းဟာ နှောင့်နှေးသွားခဲ့ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူမှုနဲ့ လှူဒါန်းမှုတွေအရ ကာကွယ်ဆေး ၂၃ သန်းကျော်ရှိထားပြီး နောက်ထပ် ကာကွယ်ဆေး ၁၄ သန်းတရုတ်နိုင်ငံက ဝယ်ယူမှုနဲ့လှူဒါန်းမှုတွေအရ လက်ခံရရှိဖို့ရှိတယ်လို့ ပြောပါတယ်။
ကာကွယ်ဆေးထိုးပြီးသူတွေအားလုံးကိုလည်း QR code ပါတဲ့လက်မှတ် ထုတ်ပေးနေတယ်လို့ပြောပါတယ်။
အခုထပ်မံရရှိမယ် ဖိုင်ဇာ အပါအဝင် ကိုဗစ်ကာကွယ်ဆေးတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့ အညီ ဦးတည်အုပ်စုအလိုက် ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Source: bbc.com/burmese