အသက်ရှူနေတာက အလိုလို ရှူနေတာဆိုတော့ သတိမထားမိဘူး။ မကျန်းမမာဖြစ်တဲ့အခါ အသက်ရှူမဝတာ အသက်ရှူမရတာ ဖြစ်လာရင်တော့ အသက်ရှူတာကို သတိမူမိပါတယ်။
တကယ်တော့ ကျန်းမာရေး ကောင်းစေတဲ့ အသက်ရှူနည်း ရှိပါတယ်။
အသက်ရှူတဲ့အခါ ဘာတွေဖြစ်သလဲဆိုတာ Edith Cowan University မှ ကာယလေ့ကျင့်ခန်းနဲ့ အားကစား သိပ္ပံသုတေသနဌာနမှ ဘိုင်အိုမက္ကင်းနစ် ပါမောက္ခ Tony Blazevich က ရှင်းပြပါတယ်။
လေကို ရှူသွင်းလိုက်တာဟာ လေထဲမှ အောက်ဆီဂျင်ကို ရယူဖို့ ဖြစ်ပါတယ်။ အောက်ဆီဂျင်က အဆုတ်ထဲကနေတစ်ဆင့် သွေးစီးကြောင်းထဲ ရောက်သွားတယ်။ ကြွက်သားများ၊ ကိုယ်တွင်းအင်္ဂါများထံ ပေးပို့တယ်။ သူတို့အတွက် အောက်ဆီဂျင်က လောင်စာဆီသဖွယ် ဖြစ်ပါတယ်။
"ခင်ဗျားရဲ့ ဦးနှောက်က အောက်ဆီဂျင် အများကြီး လိုအပ်တယ်။ နှလုံးကလည်း လိုအပ်တယ်။
နေ့စဉ် လုပ်ကိုင်သမျှအတွက်လည်း အောက်ဆီဂျင် လိုအပ်ပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းအင်ကို အောက်ဆီဂျင်ကနေ ရတယ်" လို့သူက ပြောတယ်။
ပုံမှန် အလိုအလျောက် အသက်ရူနေရင် တစ်မိနစ်ကို ၁၆ ကြိမ် ရှူတယ်။
"စိတ်လှုပ်ရှားတာကို ငြိမ်အောင်လုပ်ဖို့ အသက်ရှည်ရှည်ရှူပေးရတယ်။ တစ်မိနစ်ကို ခြောက်ကြိမ် ကနေ ရှစ်ကြိမ်အထိ ရှူမယ်" လို့ Tony Blazevich က ပြောပြတယ်။
အသက်ပြင်းပြင်း မရှူရင် သွေးစီးကြောင်းထဲ အောက်ဆီဂျင် အလုံအလောက် မရောက်ဘူး။ အဲဒါ နေ့စဉ်ဘဝအတွက် မကောင်းဘူးလို့ သူက သတိပေးပါတယ်။
ကိုယ်ကာယ လှုပ်ရှားနေချိန် လေကို ဝဝ ရှူဖို့ လိုတယ်။ လေကို အချိန်တိုတိုမှာ များများရှူချင်ရင် ပါးစပ်ဟပြီးရှူသွင်းရမယ်။ ပြန်ထုတ်တော့ နှာခေါင်းကနေ ထုတ်ရမယ်။
"ရေကူးရင် အသက်ရှူကြသလိုမျိုး ရှူရမယ်။ လေရှူသွင်းဖို့ အချိန်တိုတိုပဲ ရတယ်။ ကျွန်တော်တို့ လေတွေ အများကြီးကို အချိန်နည်းနည်းလေး အတွင်းမှာ ပါးစပ်ဟပြီး ရှူသွင်းတယ်" လို့ သူက ပြောပြတယ်။
"ရေကူးတဲ့သူက လေပြန်ထုတ်တဲ့အခါ ပါးစပ်ကနေ ပြန်ထုတ်တာလည်း ရှိတယ်။ ခေါင်းက ရေအောက်ထဲ ရောက်နေရင် အသက်ရှူထုတ်တာကို နှာခေါင်းပေါက်ကနေ ထုတ်မယ်။ ဖြည်းဖြည်းလေး ထုတ်မယ်။ အဆုတ်က ရှူသွင်းထားတဲ့ လေထဲမှာ ပါလာတဲ့ အောက်ဆီဂျင်တွေ ယူဖို့ အချိန်ပိုရလို့ အောက်ဆီတွေ ပိုများများ ယူတယ်"
အောက်ဆီဂျင်ပိုရသဖြင့် လိုအပ်နေတဲ့ စွမ်းအင်ကို ပိုဖြည့်ဆည်းနိုင်တယ်။ ကိုယ်ကာယ လှုပ်ရှားနေလို ကုန်သွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့်ပေးနိုင်စေတယ်။
ဒီတော့ ရေကူးသမားလို အသက်ရှူပေးကြရမယ်။
ဒါပေမဲ့ ပြေးလွှားနေတဲ့ ကာယလှုပ်ရှားမှုမျိုးမှာ အသက်ရှူတာနဲ့ လှုပ်ရှားမှု နရီစည်းချက် ကိုက်ဖို့ လိုတယ်။ အားထည့်ပြီး လွှားကနဲ ခြေလှမ်းလိုက်ချိန်တိုင်း အသက်ရှူသွင်းတာ အချိန်ကိုက် ဖြစ်နေရမယ်။ ဒီတော့ ပြေးလွှားနေတာမျိုးဆိုရင် အသက်ကို တိုတိုရှူပြီး ခြေလှမ်းတွေနဲ့ အံကိုက် ဖြစ်နေစေရမယ်။
"မြေကြီးခြေတစ်ဖက်အကျမှာ ရှူထုတ်ပြီးချိန် အံကိုက်ဖြစ်ရမယ်" လို့ သူက ပြောပြတယ်။
ရှူသွင်းတာ နည်းတူ ရှူထုတ်တာကလည်း အရေးပါကြောင်း သူက သတိပေးတယ်။
ပြေးလွှားပြီးသွားလို့ အမောဖြေရင်တော့ အသက်ကို ရှည်ရှည် ရှူရမယ်။
အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပြီးရင် ပြန်မထုတ်ခင် အသက်အောင့်တာမျိုး လုပ်မယ်ဆိုရင် သတိထားဖို့ သူက ပြောတယ်။
"ခင်ဗျားက အသက်ဝဝ ရှူသွင်းလိုက်တယ်။ ပြီးတော့ အသက်အောင့်ထားလိုက်ရင် သွေးပေါင်ချိန်တက်မယ်။ သွေးတိုးသလို ဖြစ်ပြီး နှလုံးထိခိုက်တတ်တယ်။ heart attack ရဖို့ ဖြစ်နိုင်ခြေ များသွားမယ်"
အသက်အောင့်ထားတာ မလုပ်ပဲ ဖြည်းြဖည်းချင်း ပြန်ထုတ်ပေးတာက နည်းလမ်းကျတယ်လို့ ဆိုပါတယ်။
t