ထိုင်းမှာ ကျန်းမာရေးအတွက် ဆားခွန် စည်းကြပ်မည်
ယခုနှစ်မှာ ဆားခွန်ကို ထိုင်းနိုင်ငံမှာ စတင်စည်းကြပ်ဖို့ သတ်မှတ်ထားပေမဲ့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဆားလုပ်ငန်းကဏ္ဍ ပြင်ဆင်ဖို့ အချိန်ရစေဖို့ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အချိန်ပေးမှာ ဖြစ်ပြီး နောက်နှစ်ကျမှ စတင်စည်းကြပ်နိုင်ဖွယ် ရှိပါတယ်။
ထိုင်းနိုင်ငံမှာ ပျမ်းမျှ ဆားစားသုံးမှုက လူတစ်ဦး တစ်ရက် ၃,၆၃၆ မီလီဂရမ် ဖြစ်ပါတယ်။ လက်ဖက်ရည်ဇွန်းနဲ့ ချဉ်တွယ်ရင် ၁ ဇွန်းခွဲစာလောက် ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organisation က အကြံပြုထားတာက ၂,၀၀၀ မီလီဂရမ်ထက် ၂ ဆ နီးပါး ဆားကို စားနေကြတာ ဖြစ်ပါတယ်။
ဆားစားသုံးနှုန်း လျော့ကျရေးကွန်ရက် ဖြစ်တဲ့ Thai Low Salt Network ရဲ့ ဥက္ကဋ္ဌ Dr Surasak Kantachuvesiri က "ကျွန်တော်တို့ ဓလေ့က အငန်စားတယ်။ အသားဆားနယ်၊ ငါးငံပြာရည် စားတယ်" လို့ ပြောပါတယ်။
လူဦးရေရဲ့ ၁၀% (ဦးရေ ၇ သန်း) မှာ နာတာရှည်ကျောက်ကပ် ဒုက္ခပေးနေတာ ဆားစားတာများလို့ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်တွေ ခန္ဓာထဲ ရောက်တာ များတာကြောင့် ဖြစ်နိုင်ပါတယ်။
ဆားစားတာ များလွန်းရင် သွေးတိုးခြင်း၊ နှလုံးရောဂါ၊ ဆီးချို အစရှိတဲ့ ရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။
Kidney Disease Friends' Association of Thailand ရဲ့ ဥက္ကဋ္ဌ Thanaphon Dokkaeo, president က စိုးရိမ်စရာ အခြေအနေလို့ သုံးသပ်ပါတယ်။
"ကျောက်ကပ်ဆေးဖို့ လိုအပ်တဲ့သူ ဦးရေ တိုးလာတဲ့အပြင် ကျောက်ကပ်ပျက်စီးခြင်း နောက်ဆုံးအဆင့် ရောက်နေသူတွေလည်း ပိုများလာနေပါတယ်" လို့ သူက ပြောပါတယ်။
အစိုးရရဲ့ ရည်မှန်းချက်က နေ့စဉ် ဆားစားတဲ့ပမာဏကို ၁၀ နှစ်တာအတွင်း ၂၀ % လျှော့ချပေးဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် သကြားအခွန်ကို ၂၀၁၇ မှာ စတင်စည်းကြပ်ခဲ့ပြီး အချိုရည်တွေမှာ သကြားထည့်တာ လျော့ကျစေခဲ့ပါတယ်။
ဟန်ဂေရီ၊ ပေါ်တူဂီ၊ ဖီဂျီ အစရှိတဲ့ နိုင်ငံတွေမှာ ဆားပါဝင်မှု များတဲ့ စားသောက်ကုန်အထုပ်တွေအပေါ် အခွန်စည်းကြပ်ပါတယ်။ စားသုံးသူများကို အသိပညာပေးခြင်း၊ အထုပ်ပေါ်မှ ဆားပါဝင်မှုကို ဖော်ပြစေခြင်း အစရှိတဲ့ နည်းလမ်းများဖြင့်လည်း စည်းရုံးဆောင်ရွက်ကြပါတယ်။
ထိုင်းနိုင်ငံမှာ ဆားခွန် စည်းကြပ်ရင် စားသောက်ကုန် လုပ်ငန်းများအတွက် အခက်အခဲ ရှိလာနိုင်ပါတယ်။ အသင့်ပြုတ်စား ခေါက်ဆွဲထုတ်မှာ ပါဝင်တဲ့ ဆားပမာဏက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ သတ်မှတ်ထားတဲ့ တစ်နေ့တာ ဆားစားရန် အများဆုံး ပမာဏ ၂,၀၀၀ မီလီဂရမ်ရဲ့ ၈၀% ပါဝင်နေပါတယ်။
ထိုင်းတွေ စားနေကျ အရသာပုံစံနဲ့အညီ အသင့်ပြုတ်စား ခေါက်ဆွဲထုပ်၊ ကြာဆန်ထုပ် စတာတွေကို စီမံထားကြရတာကြောင့် အငန်လျော့ပြီး အရသာ ပေါ့ရွှတ်ရွှတ် ဖြစ်နေရင် ရောင်းအား ထိုးကျသွားနိုင်ပါတယ်။ ရောင်းအားအကောင်းဆုံး ခေါက်ဆွဲထုပ်ကို အရသာအပြောင်းခံဖို့ဆိုတာ ကုမ္ပဏီအနေဖြင့် အတော်စွန့်စားရမှာ ဖြစ်ပါတယ်။
ဒီတော့ ဆားကို ထည့်နေကျအတိုင်း ထည့်ပြီး ဆားခွန် ပေးဆောင်ရတာအတွက် ရောင်းဈေးကို ဈေးမြှင့်လိုက်ကြမှာ ဖြစ်ပါတယ်။