What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 January 2022 23:15

ကိုဗစ်ပိုး ရှိ-မရှိ ပိုမိုတိကျအောင် ဘယ်လိုစမ်းသပ်မလဲ

ကိုဗစ်ပိုး ရှိ-မရှိ ပိုမိုတိကျအောင် ဘယ်လိုစမ်းသပ်မလဲ


Omicron ပိုးကူးစက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အမြင့်ဆုံးအခြေအနေကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းနေချိန်မှာပဲ ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့ပစ္စည်း လိုအပ်ချက်တွေလည်း မြင့်တက်လာနေပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုး စမ်းသပ်စစ်ဆေးတဲ့ ပစ္စည်းတွေဟာ လက်တွေ့ထိရောက်မှု ရှိပါသလား? ကျွမ်းကျင်သူတွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ဆိုတာကို ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

နည်းပညာကျွမ်းကျင်သူ Jordan Erby နဲ့ အတွဲ Julia Weil တို့ ၂ ဦးဟာ ကိုဗစ်ရောဂါပိုး ရှိမရှိ မကြာမကြာ စစ်ဆေးခံလေ့ ရှိပါတယ်။

“အပေါင်းအသင်းတွေနဲ့ တွေ့တဲ့အခါ ရောဂါဖြန့်တဲ့သူဆိုပြီး စိုးရိမ်ဖို့ မလိုအောင် စစ်ဆေးခံတာပါ။”

Julia Weil ကတော့ အသက်ကြီးတဲ့ ဆွေမျိုးတွေဆီ အလည်အပတ် မသွားခင် အချိန်မျိုးမှာ ကိုဗစ်ပိုးရှိမရှိ အလွယ်တကူ အိမ်မှာပဲ ကိုယ်တိုင်စစ်ကြည့်တတ်ပေမဲ့၊ ကျွမ်းကျင်သူတွေကိုယ်တိုင် နှာခေါင်းတို့ဖတ် နမူနာယူပြီး ဓာတ်ခွဲခန်းကိုပို့ စစ်ဆေးတာမျိုးကို ပိုသဘောကျတယ်လို့ ပြောပါတယ်။

“လုပ်ရတာ တော်တော်လေး လွယ်ပါတယ်။ ဒါပေမဲ့လည်း အဖြေကိုတော့ သိပ်အားမရပါဘူး။”

၂၀၂၀ ပြည့်နှစ်မှာ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကိုဗစ်ရောဂါ လက္ခဏာရှိသူတွေ ကိုယ့်ဖာသာ မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ စစ်ဆေးနိုင်တဲ့ antigen နည်းဟာ၊ ဓာတ်ခွဲခန်းမှာ ၄၈ နာရီကြာ စစ်ဆေးရတဲ့ PCR စနစ်လောက် တိကျမှု မရှိတာ တွေ့ရှိထားတာပါ။

ဗာဂျီးနီးယား တက္ကသိုလ်က ဆေးဖက်ဆိုင်ရာ အဏုဇီဝပညာဌာန တွဲဖက်ညွှန်ကြားရေးမှူး Alexandra Bryson ကလည်း PCR စနစ်နဲ့ စစ်ဆေးမှုက ရရှိတဲ့ အဖြေကပိုမို တိကျတာ တွေ့ရတယ်လို့ ပြောပါတယ်။

“BionaxNOW antigen နဲ့ စံချိန်မီ PCR စစ်ဆေးမှုတွေကို ယှဉ်ကြည့်တဲ့အခါ antigen နဲ့ စစ်တာက ကိုဗစ်ကူးစက်ခံရသူတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ အဖြေလွဲနေတာ တွေ့ခဲ့ရပါတယ်။”

ရလဒ်မြန်မြန်ဆန်ဆန်သိနိုင်တဲ့ antigen နဲ့ စစ်ဆေးမှုတွေဟာ Omicron ကိုဗစ်ပိုးသစ်ကို စစ်ဆေးရာမှာ ထိရောက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ ခိုင်မာတဲ့ အထောက်အထား အချက်အလက် မရှိသေးပါဘူး။ ဒါပေမဲ့လည်း စိတ်ချရတဲ့ အဖြေမျိုးရနိုင်အောင် သတိထား ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။

အမေရိကန် ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Robert Bollinger ကတော့ ရောဂါလက္ခဏာ ရှိတယ်ဆိုရင် တကြိမ်မက စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါတယ်။

“ရောဂါလက္ခဏာရှိနေတယ်၊ ပြင်းထန်တဲ့ အအေးမိရောဂါလက္ခဏာမျိုးတွေလည်း ရှိနေမယ်ဆိုရင်၊ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ပိုးတွေ အများအပြား ရှိနေတဲ့အတွက် ဒီလိုအချိန်မှာ စစ်ဆေးကြည့်တဲ့အခါ ရလဒ်က တိကျလေ့ရှိပါတယ်။ အဖြေမြန်မြန်ဆန်ဆန် သိနိုင်အောင် အကြိမ်ကြိမ် စစ်ဆေးဖို့လည်း ကျနော်တို့ တိုက်တွန်းလေ့ ရှိပါတယ်။ antigen နဲ့ တကြိမ်စစ်ပြီးသွားပေမဲ့ နောက်ထပ် ၂၄ နာရီကနေ ၃၆ နာရီလောက်မှာ ထပ်စစ်တာမျိုး လုပ်နိုင်ပါတယ်။”

ကယ်လီဖိုးနီးယားတက္ကသိုလ်က ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ပါမောက္ခ Dr. Peter Chin-Hong ကလည်း ကိုဗစ်ပိုး ရှိမရှိ ကိုယ့်ဖာသာ စစ်ဆေးရာမှာ နှာခေါင်းတို့ဖတ် နမူနာကို စနစ်တကျယူဖို့ လိုတယ်လို့ ပြောပါတယ်။

“စစ်ဆေးတဲ့အမျိုးအစားအပေါ် မူတည်ပြီး၊ တို့ဖတ်နမူနာကို တဖက် ၁၀ ကြိမ်လောက် ယူရပါမယ်။ ပြီးရင်တော့ ဗူးထဲကိုထည့်၊ အချိန်မှတ်ရမှာပါ။ အချိန်စောပြီး ကြည့်မိရင်၊ ပိုးကင်းစင်တယ်ဆိုပြီး အဖြေမှားတတ်သလို၊ နောက်ကျရင်လည်း ဓာတ်ပြုတဲ့ ပုံစံမှာ ထိခိုက်တတ်ပါတယ်။”

သမ္မတ Joe Biden အစိုးရကတော့ အမေရိကန် မိသားစုတွေအတွက် ကိုဗစ်ရောဂါပိုး စစ်ဆေးရေးပစ္စည်း သန်း ၅၀၀ ဖြန့်ဝေဖို့ ကတိပေးထားပြီး၊ ဒေသန္တရ အစိုးရတွေကလည်း စစ်ဆေးရေးစခန်းသစ်တွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင် အများပြည်သူ ဘေးကင်းလုံခြုံရေးဌာန ပြောခွင့်ရ Hannah Winant တို့လို တာဝန်ရှိသူတွေကလည်း လိုအပ်ရင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးကြဖို့ တိုက်တွန်းနေကြတာပါ။

“ရောဂါပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကိုဗစ်ရောဂါ ကူးစက်မှုတွေကို ဟန့်တားနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေကို လိုက်နာကြဖို့ ကျမတို့ရဲ့ ပြည်သူတွေကိုရော ကမ္ဘာတလွှားက ပြည်သူတွေကိုပါ သတိပေးနေရတာပါ။ ဒါတွေကတော့ ထိတွေ့ဆက်ဆံမှုတွေကို ရှောင်ကြဖို့၊ ကိုယ့်မိသားစုဝင် မဟုတ်တဲ့ သူတွေရှိတဲ့ အဆောက်အဦးတွေနဲ့ အခန်းတွေမှာ နှာခေါင်းစည်း ဝတ်ကြဖို့၊ အရေးအကြီးဆုံးကတော့ ကာကွယ်ဆေး ထိုးကြဖို့ပါ။”

အမေရိကန်မှာ အခုအခါ ကိုဗစ်ရောဂါ ကူးစက်မှုတွေရဲ့ ၉၈ ရာခိုင်နှုန်းဟာ Omicron ပိုးကူးစက်ခံရသူတွေဖြစ်ကြောင်း ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုခဲ့တာပါ။ Omicron ပိုးကြောင့် အမေရိကန်မှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ ဇန်နဝါရီလ ၁၉ ရက်နေ့လောက်မှာ အမြင့်ဆုံးအဖြစ် ၁.၂ သန်းအထိ ရှိလာနိုင်ပြီး၊ တဖြည်းဖြည်း ပြန်လျော့ကျလာမယ်လို့လည်း ဝါရှန်တန်တက္ကသိုလ်က သုတေသီတွေ ခန့်မှန်းထားကြပါတယ်။
ဗွီအိုအေ

Read times Last modified on Friday, 14 January 2022 23:16
Rate this item
(0 votes)