What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 03 August 2022 15:25

VR ပုံရိပ်ယောင်နည်းပညာသုံးပြီး ခေါင်းချင်းဆက်အမြွှာကို ခွဲစိတ်ပေး

VR ပုံရိပ်ယောင်နည်းပညာသုံးပြီး ခေါင်းချင်းဆက်အမြွှာကို ခွဲစိတ်ပေး New York Post

ဦးခေါင်းချင်းဆက်ပြီး မွေးလာကြတဲ့ ဘရာဇီးက အမြွာညီအစ်ကိုကို VR ပုံရိပ်ယောင်နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ကြပါတယ်။

သုံးနှစ်သား ဘာနာဒိုနဲ့ အာသာလီမာ ညီအစ်ကိုကို ရီယိုဒီဂျနေးရိုးမြို့မှာ ခွဲစိတ်ပေးခဲ့ကြတာဖြစ်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဂရိတ်အော်မွန်လမ်းဆေးရုံရဲ့ ကြီးကြပ်မှုအောက်မှာ ဒီခွဲစိတ်မှုတွေကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ခွဲစိတ်မယ့် ဆရာဝန်အဖွဲ့ဟာ ကလေးတွေကို CT နဲ့ MRI စကင်ရိုက်ယူထားတဲ့ ရလဒ်တွေကိုကြည့်ပြီး ပုံရိပ်ယောင်နည်းပညာနဲ့ ခွဲစိတ်မှုကို လပေါင်းအတော်ကြာ စမ်းသပ်နေခဲ့ကြပါတယ်။

အခုခွဲစိတ်မှုဟာ ခန္ဓာကိုယ်အစိတ်အပိုင်းချင်းဆက်နေတဲ့ ကလေးတွေကို ခွဲစိတ်ပေးခဲ့မှုတွေထဲမှာ အရှုပ်ထွေးဆုံးဖြစ်တယ်လို့ ခွဲစိတ်မှုကို ငွေကြေးထောက်ပံ့ခဲ့တဲ့ ပရဟိတအဖွဲ့ Gemini Untwinded က ပြောပါတယ်။

ဒီအဖွဲ့ကို ၂၀၁၈ မှာ စတည်ထောင်ခဲ့သူ ခွဲစိတ်ဆရာဝန် နူးရ် အူလ် အိုဝါဆေး ဂျီလာနီဟာ အခုခွဲစိတ်မှုမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

youtube1.jpg

မတူတဲ့ နိုင်ငံတွေမှာ ရှိနေကြတဲ့ ဆရာဝန်တွေက သူတို့ခေါင်းမှာတပ်ထားတဲ့ ပုံရိပ်ယောင်နည်းပညာသုံး စက်တွေကတစ်ဆင့် ခွဲစိတ်ခန်းတစ်ခုမှာ အတူတူလုပ်ကြသလို ပူးတွဲခွဲစိတ်ခဲ့ကြတာဖြစ်တယ်လို့ ဒေါက်တာဂျီလာနီက ပြောပါတယ်။ ဒါဟာ ခွဲစိတ်သမိုင်းမှာ ပထမဆုံးလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

ကလေးတွေကို ခုနှစ်ကြိမ်ခွဲစိတ်ပေးခဲ့ကြရပြီး နောက်ဆုံးအကြိမ်တစ်ခုကတင် ၂၇ နာရီ ကြာခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှုမှာ ဆရာဝန်နဲ့ ဆေးပညာရှင် အယောက် ၁၀၀ နီးပါးပါဝင်ခဲ့ပါတယ်။

 ဘာနာဒိုနဲ့ အာသာလီမာ

နည်းပညာအစွမ်း အံ့မခန်း

VR ပုံရိပ်ယောင် နည်းပညာသုံးလာနိုင်တော့ ကလေးတွေကို အမှန်တကယ်မခွဲစိတ်ခင် သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကိုယ်ချင်းဆက်နေတဲ့ အစိတ်အပိုင်းတွေကို ကြိုတွေ့နေ သိနေပြီး ခွဲစိတ်တာကို အကြိမ်ကြိမ် စမ်းလုပ်ကြည့်နိုင်တဲ့ အတွက် ကလေးတွေကို အန္တရာယ်မရှိစေအောင် လုပ်နိုင်ခဲ့တယ်လို့ ဒေါက်တာဂျီလာနီက ဆိုပါတယ်။

ဒီလို နည်းပညာသုံးပြီး ခွဲစိတ်နိုင်တာဟာ အင်္ဂါဂြိုဟ်ပေါ်လူရောက်တဲ့ သဘောမျိုးပဲလို့ သူကပြောပါတယ်။

ကလေးတွေကို ခွဲစိတ်ပေးဖို့ အရင်ကလည်း ကြိုးစားပေးခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး၊ ဒါကြောင့် အခုနောက်ဆုံး ခွဲစိတ်ဖို့ပြင်ကြတဲ့အခါ အရင်ခွဲထားတဲ့ ဒဏ်ရာက တစ်ရှူးအသားစတွေကြောင့် ပိုပြီး ရှုပ်ထွေးခဲ့ပြီး အန္တရာယ်များတဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်အပေါ် သူ့အနေနဲ့ စိုးရိမ်မှုရှိခဲ့တယ်လို့ ဒေါက်တာ ဂျီလာနီက ပြောပါတယ်။

၂၇ နာရီကြာ ခွဲစိတ်မှု အတွင်းသူက အစာစားဖို့နဲ့ ရေသောက်ဖို့ တစ်ကြိမ် ၁၅ မိနစ်နဲ့ လေးခါပဲ နားခဲ့ပါတယ်လို့ ဒေါက်တာဂျီလာနီက ပြောပါတယ်။ ခွဲစိတ်မှုအပြီးမှာ လုံးဝမဟန်နိုင်တော့အောင် ဖြစ်ခဲ့ပေမဲ့ ကလေးတွေရဲ့ မိသားစုရဲ့ အပျော်တွေကို တွေ့ရတဲ့အတွက် သူလည်း စိတ်ကျေနပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကလေးနှစ်ယောက်စလုံးက ဆေးရုံမှာရှိနေကြပြီး သိသိသာသာ အခြေအနေကောင်းကြတယ်။ သူတို့ကို ခြောက်လတာစောင့်ကြည့်ပြီး နာလန်ထူလာအောင် လုပ်ပေးသွားကြမယ်လို့ သိရပါတယ်။

people

အတွေ့အကြုံများခဲ့သူ

ဒေါက်တာဂျီလာနီအတွက် အခုအကြိမ်ဟာ ကိုယ်ချင်းဆက်အမြွာတွေကို ခွဲစိတ်ခွဲခြားပေးတဲ့ ခြောက်ကြိမ်မြောက်အတွေ့အကြုံပါ။ အရင်ကသူဟာ ပါကစ္စတန်၊ ဆူဒန်၊ အစ္စရေးနဲ့ တူရကီက ကလေးတွေကို ခွဲစိတ်ပေးဖူးပါတယ်။

ဘာနာဒိုနဲ့ အာသာတို့ဟာ အသက်လေးနှစ်နီးပါးရှိကြပြီမို့ ဦးခေါင်းချင်း ဦးနှောက်ချင်းဆက်နေကြလို့ ခွဲစိတ်ပေးခဲ့ရတဲ့ အမြွာတွေထဲမှာ အသက်အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာဂျီလာနီရဲ့ ပရဟိတအဖွဲ့ရဲ့ လေ့လာချက်အရ ကလေးမွေးဖွားမှုပေါင်း ခြောက်သောင်းမှာ တစ်ကြိမ် ကိုယ်ချင်းဆက်ကလေးတွေ မွေးဖွားတတ်ပြီး အဲဒီထဲကမှ ဦးနှောက်ချင်းဆက်နေတဲ့ ကလေးအမြွာက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ဆိုပါတယ်။

Source: BBC Myanmar

youtube.jpg

Read times
Rate this item
(1 Vote)