What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 05 August 2022 15:47

အလှပျက်စေတဲ့ တင်းတိပ်

ကြည်လင်ရှင်းသန့်ပြီး လှပတဲ့ အသားအရေမျိုးကို လူတိုင်း လိုချင်ကြပါတယ်။

ဒါပေမယ့် တချို့သူတွေမှာတော့ မျက်နှာမှာ အမဲစက်တွေ ၊ ဝက်ခြံတွေက ကိုယ်ပိုင်အလှတရားတွေကို နည်းပါးစေသလို မိမိကိုယ်ကို ယုံကြည်တဲ့ စိတ်လေးတွေကိုပါ ရိုက်ချိုးခံနေရတဲ့ အဖြစ်တွေ ရှိပါတယ်။ အလှတရားကို နည်းပါးစေတဲ့ အကြောင်းအရာထဲက အဖြစ်များတဲ့ အရာတစ်ခုကတော့ တင်းတိပ်တွေပဲ ဖြစ်ပါတယ်။ တင်းတိပ်ကို ဆေးပညာအရ Melasma လို့ခေါ်ပါတယ်။

ပါးပြင်၊ နဖူးပြင် ၊ နှာတံ ၊ အပေါ်နှုတ်ခမ်းနဲ့ မေးစေ့တွေမှာ အဖြစ်များပါတယ်။ တစ်ခါတစ်ရံ နေရောင်ပြင်းထန်စွာ ထိတတ်တဲ့ လက်လိုနေရာမျိုး လည်ပင်းလိုနေရာမျိုးတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

အမဲရောင် ၊ အညှိရောင် ဒါမှမဟုတ် အညှိဖျော့ဖျော့ ပုံမျိုးနဲ့ ရှိနေတတ်ပြီး နာကျင်ခံစားရတာမျိုးတော့ မဖြစ်တတ်ပါဘူး။ တင်းတိပ်ဟာ ယောက်ကျားမိန်းမ မရွေး ဖြစ်နိုင်ပေမယ့် ရက်စက်လှတဲ့ သဘောသဘာဝအရ အလှကြိုက်တဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

အမျိုးသားတွေမှာ ၁၀% လောက်ပဲ ဖြစ်တတ်ပါတယ်။

အသားဖြူသူနဲ့ အသားမဲတဲ့သူမှာဆို အသားမဲတဲ့သူ အသားအရေ လတ်တဲ့သူတွေမှာ အဖြစ်များပါတယ်။

ဒီလိုဖြစ်ရတာဟာ အသားအရောင် ရှိတဲ့သူတွေဟာ ဖြူတဲ့သူတွေထက် ရောင်ခြယ်ပစ္စည်းတွေ ပိုထွက်လို့ ဖြစ်နိုင်ပါတယ်။

 

youtube1.jpg

မိသားစုမှာ တင်းတိပ်ရှိတဲ့ သူရှိရင် မိမိမှာလည်း ပိုဖြစ်နိုင်ချေတွေ ရှိပါတယ်။ နေရောင်ခြည်နဲ့ အချိန်ကြာစွာ ထိတွေ့ခြင်းဟာလည်း တင်းတိပ်ကို ဖြစ်စေနိုင်သလို နေရောင် ခဏ တွေ့ရုံနဲ့ကို ပျောက်ကင်းသွားတဲ့ တင်းတိပ်တွဟာ ပြန်ပြန်ဖြစ်နေတတ်ပါသေးတယ်။

ဒါကြောင့်လည်း တင်းတိပ်ဟာ အရှင်းမပျောက်ဘဲ ခဏခဏ ပြန်ဖြစ်နေတာပါ။

ဟော်မုန်းဓာတ် အပြောင်းအလဲတွေကလည်း တင်းတိပ်ကို ဖြစ်စေနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန် တင်းတိပ်ဖြစ်ပြီး ကလေးမွေးပြီးရင် ပြန်ပျောက်သွားတာမျိုးတွေ ရှိသလို တချို့ သန္ဓေတားဆေးတွေဟာလည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်စေလို့ တင်းတိပ်ဖြစ်စေတာတွေ ရှိပါတယ်။

ဒါ့အပြင် ပြင်းထန်လှတဲ့ အလှပြင်ပစ္စည်းတွေဟာလည်း တင်းတိပ်ကို ပိုဆိုးစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီအလှပျက်စေတဲ့ တင်းတိပ်တွေကို ပျောက်အောင် ကုသလို့ရပါတယ်။ Hydroquinone ၊ Tretinoin ပါတဲ့ လိမ်းဆေးတွေ လူးပေးတာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။

လွယ်လွယ် ကူကူလည်း ဝယ်လို့ ရသလို ဆိုးဝါးလှတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း နည်းပါးပါတယ်။

Tretinoin ဟာ ဗီတာမင် A က နေ ရရှိတဲ့ ဓာတ်ဖြစ်တဲ့ အတွက် အသားအရောင်မဲညစ်ခြင်းတွေကို သက်သာစေရုံမကဘဲ အသားအရေ ပါးလွှာနေတာတွေကိုလည်း ထူစေတဲ့အတွက် နေရောင်ခြည်ဒဏ်ကိုလည်း အနည်းငယ် ကာကွယ်နိုင်ပါတယ်။

မသက်သာရင်တော့ ဆေးဝါးအကူနဲ့ အမဲစက်တွေကို ချွတ်ပေးတာမျိုး ၊ လေဆာကို အသုံးပြုပြီး ပျောက်ကင်းအောင် လုပ်ပေးတာမျိုး အလင်းနဲ့ ကုသတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

ဒါပေမယ့် ဒီနည်းတွေက ဘေးထွက်ဆိုးကျိုးလေးတွေ အနည်းအကျဉ်းရှိတတ်ပါတယ်။ တခါတလေမှာ အချိန်နည်းနည်းယူပြီး ကုသရတာမျိုးလည်း ရှိပါတယ်။

ထိရောက်တဲ့ အကျိုးကျေးဇူးတွေ ရရှိဖို့ လိုက်နာရမယ့် အချက်တွေကို ဂရုတစိုက်လိုက်နာဖို့လည်း လိုပါတယ်။

ဒါ့အပြင် နေရောင်ဟာ တင်းတိပ်ကို ဖြစ်စေတဲ့ အဓိက တရားခံဖြစ်သလို ပိုလည်း ဆိုးဝါးစေလို့ နေရောင်ခံ လူးဆေးတွေကို လူးပေးဖို့ လိုပါတယ်။

နေသိပ်မပူလို့ဆိုပြီး မလိမ်းတာမျိုး မလုပ်ဘဲ နေ့တိုင်း လိမ်းသင့်ပါတယ်။ SPF 30 ကျော်ပါတာမျိုး၊ Zinc oxide ဒါမှမဟုတ် titanium dioxide ပါတာမျိုးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

နေရောင်ခံလူးဆေးကို အပြင်မထွက်ခင် ၁၅ မိနစ်လောက်အလိုမှာ လူးပေးသင့်ပါတယ်။ ၂ နာရီ ၃ နာရီလောက်ကြာတိုင်းမှာ ထပ်လူးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နောက်တစ်ခုက နေကာမျက်မှန် ဝတ်ဆင်တာမျိုး ဦးထုပ်အကြီးကြီး ဆောင်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ အလှပြင် ပစ္စည်းတွေ အသုံးပြုတော့မယ်ဆိုရင်လည်း အရမ်းပြင်းထန်မျိုးတွေ မသုံးသင့်ပါဘူး။

မိမိနှင့် သင့်တင့်တဲ့ အလှကုန်ပစ္စည်းတွေ ရွေးချယ်အသုံးပြုနိုင်ပြီး စိတ်ဒုက္ခတွေ ဖြစ်ပြီး ယုံကြည်မှုတွေနည်းပါးစေတဲ့ တင်းတိပ်တွေကနေ ကင်းဝေးနိုင်ကြစေဖို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်အပ်ပါတယ်။

Dr. မေ

Myanmar Health Products Guide

youtube.jpg

Read times
Rate this item
(1 Vote)