မျက်စိ အဝေးမှုန်တာက မွေးရာပါ မဟုတ်ဘူး။ အရွယ်ရောက်မှ ဖြစ်တာဆိုရင် သက်သာစေဖို့ အစားအသောက်လေးတွေ ဆေးဝါးလေးတွေနဲ့ ကုသလို့ ရပါတယ်။ ဒီတော့ အဝေးကအရာတွေကို ဝါးတားတားပဲ မြင်နေရတဲ့ အဝေးမှုန်တာကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။
ပင်လယ်ငါး
ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်တို့လိုမျိုး omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒီပင်လယ်ငါးတွေက မျက်လုံးကို ကျန်းမာစေပြီး အမြင်အာရုံ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ပုံမှန် စားသုံးပေးမယ်ဆိုရင် အဝေးမှုန်တာကို သက်သာစေနိုင်သလို အသက်အရွယ်ရလာတဲ့အခါ ခံစားရနိုင်တဲ့ အမြင်အာရုံ ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ရေတိမ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညှင်းစိမ်း စတဲ့ ဟင်းရွက်တွေမှာ မျက်လုံးအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်ကြတဲ့ lutein နဲ့ zeaxanthin တို့ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်တွေက မျက်လုံးနဲ့အမြင်အာရုံကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အဝေးမှုန်တာ သက်သာစေသလို ရေတိမ် မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့လိုမျိုး ဥအမျိုးမျိုးမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အဝေးမှုန်တာကို သက်သာစေနိုင်သလို ကြက်မျက်သင့်တာ၊ မျက်လုံးခြောက်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီမှာ ဗီတာမင် A-နဲ့ ကာရိုတီးနွိုက် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အမြင်အာရုံကို ကျန်းမာစေသလို အဝေးမှုန်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်ရီသီးတွေ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့လိုမျိုး ဘယ်ရီသီးတွေက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေနိုင်သလို မျက်စိနာတာ၊ မျက်လုံးပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အမြင်အာရုံ ကျန်းမာစေဖို့ နဲ့ အဝေးမှုန်တာ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။
အခွံမာသီးတွေ
အယ်လ်မွန်သီး၊ ပီစတာချီယို၊ သစ်ကြားသီး စတဲ့ အခွံမာသီးတွေက ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံးကို ကျန်းမာစေသလို အဝေးမှုန်တာကို သက်သာစေမှာပါ။
အမဲသား
အနီရောင် အသားဖြစ်တဲ့ အမဲစားနဲ့ ကမာကောင်မှာ မျက်လုံးကို အားဖြစ်စေနိုင်တဲ့ ဇင့် ပါဝင်နေတာကြောင့် မျက်လုံးကို နေရောင်နဲ့ အခြားသော အလင်းတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးသလို အဝေးမှုန်တာ၊ ကြက်မျက်သင့်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။nဒါတွေအပြင် ရွှေဖရုံသီး၊ လိမ္မော်သီးတို့လိုမျိုး အသီးတွေကလည်း အမြင်အာရုံ ကျန်းမာစေပြီး အဝေးမှုန်တာ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အဝေးမှုန် လား …….. သက်သာအောင်လို့ အခုပြောပြခဲ့တာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ၂ မျိုးလောက် ပါဝင်အောင် ပုံမှန်လေး စားသုံးပေးပါ။ လိုအပ်တဲ့ စစ်ဆေး ကုသမှုတွေကိုလည်း ခံယူပေးပါ။
Hello Health Group