What's New




Tuesday, 14 March 2023 19:05

ပေါင် ၂၀ လျှော့ချနိုင်ခဲ့တဲ့ အီလွန်မတ်စ်လို ဝိတ်ချဖို့ ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းမှ ရနိုင်သော အကျိုးကျေးဇူးများ

ပေါင် ၂၀ လျှော့ချနိုင်ခဲ့တဲ့ အီလွန်မတ်စ်လို ဝိတ်ချဖို့ ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းမှ ရနိုင်သော အကျိုးကျေးဇူးများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲ ပါဝင်တဲ့ Elon Musk က ပြတ်တောင်းပြတ်တောင်း အစာမစားခြင်း intermittent fasting နည်းလမ်းဖြင့် ဝိတ်ချခဲ့ဖူးပါတယ်။

ပြတ်တောင်းပြတ်တောင်း အစာမစားခြင်း intermittent fasting နည်းလမ်းဟာ ဝိတ်ကျခြင်းအပြင် အခြားအကျိုးကျေးဇူးများကိုလည်း ရရှိစေပါတယ်။

ယမန်နှစ် ၂၀၂၂ မှာ အီလွန်မတ်စ် ဝိတ်ချခဲ့ပါတယ်။ သူက ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းနှင့် ဝိတ်မခြင်းတို့ကို တွဲပြီး လုပ်ကိုင်ခဲ့ပါတယ်။ ထို့အပြင် ဝိတ်ကျဆေးကိုလည်း ဆရာဝန်ညွှန်ကြားချက်နှင့်အညီ မှီဝဲခဲ့ပါတယ်။ Novo Nordisk အမှတ်တံဆိပ်ရဲ့ semaglutide ဆေးဖြစ်တဲ့ Wegovy ကို မှီဝဲပါတယ်။ ရလဒ်အဖြစ် ပေါင် ၂၀ ကျသွားခဲ့ပါတယ်။

 

ဆေးဝါး မမှီဝဲ၊ အလေးမ,မဘဲ ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းသက်သက်ကိုပဲ တစ်လကျင့်သုံးရုံဖြင့် အလိုလိုနေရင်း ပင်ပန်းမောလျနေတာ ကင်းစင်ပါတယ်။ အလုပ်မှာ ထိထိရောက်ရောက် လုပ်ကိုင်နိုင်စေပါတယ်။

 

ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းကို ကျင့်သုံးမယ်ဆိုရင် အရင်ဆုံး သဘောပေါက်ထားရမယ့်အချက်က ဘာတွေ အစားရှောင်မယ် ဆိုတာထက် "ဘယ်အချိန်မှာ မစားဘူး" ဆိုတာက ပိုအရေးကြီးတယ်လို့ ကာယကြံ့ခိုင်ရေး နည်းပြဆရာ Farren Morgan က ဆိုပါတယ်။ 

 

"ကာယလေ့ကျင့်ခန်းနှင့် နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်တွေ လုပ်ဆောင်နေစဉ် နာရီအတန်ကြာ အစာမစားဘဲ အစာရှောင်ခြင်းဖြင့် နောက်ဆုံးမှာ ကိုယ်ခန္ဓာမှ  အဆီပိုများကို လောင်ကျွမ်းစေပြီး ဝိတ်ကျပါတယ်။ အချို့သော ရောဂါများကို ကာကွယ်နိုင်ပါတယ်။ ဖြစ်နေတဲ့ ရောဂါတချို့ နောက်ပြန်ဆုတ်သွားစေပါတယ်" လို့ သူက ပြောပါတယ်။

 

ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းကို ကျင့်သုံးမယ်ဆိုရင် လွယ်ကူတဲ့ အစီအစဉ်ကို ရွေးချယ်သုံးစွဲဖို့ Morgan က အကြံပြုပါတယ်။

အဲဒီလွယ်ကူတဲ့နည်းလမ်းကို "16:8" လို့ ခေါ်ကြပါတယ်။ အစာစားတာကို တစ်နေ့တာ ၂၄ နာရီမှာ ၈ နာရီအတွင်းမှာ စားပြီး ကျန်တဲ့ ၁၆ နာရီလုံးလုံး အစာမစားဘဲ နေရပါတယ်။ 

ဥပမာ မွန်းတည့်ချိန်ကစလို့ ည ၈ နာရီအထိ အစာစားနိုင်ပြီး ည ၈ နာရီနောက်ပိုင်း အစာစားခြင်း ရှောင်ကြဉ်ရပါမယ်။ နောက်တစ်နေ့ မွန်းတည်ချိန်အထိ ဖြစ်ပါတယ်။

 

ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ ဥပုသ်စောင့်ခြင်း နည်းလမ်းဖြင့် ပြတ်တောင်းပြတ်တောင်း အစာမစားခြင်းကို ကျင့်သုံးမယ်ဆိုရင် မနက် ၄ နာရီမှ မွန်းတည့်ချိန်အထိ အစာစားနိုင်ပြီး မွန်းတည့်ပြီးချိန်ကစလို့ နောက်တစ်နေ့မနက် ၄ နာရီအထိ အစာမစားဘဲ နေရမှာ ဖြစ်ပါတယ်။

 

နောက်တစ်နည်းက "5:2" ဖြစ်ပြီး ကျင့်သုံးဖို့ ခဲယဉ်းပါတယ်။ ရက်သတ္တပတ် တစ်ပတ် ၇ ရက်တွင် ၅ ရက်မှာ ပုံမှန်စားနေကျအတိုင်း စားပြီး ကျန်တဲ့ ၂ ရက်ကို ၅၀၀ ကယ်လိုရီထက် ပိုမစားရရပါဘူး။ အခက်အခဲက စားမယ့် အစားအစာမှာ ပါတဲ့ ကယ်လိုရီပမာဏကို သိဖို့ ခဲယဉ်းနေတာ ဖြစ်ပါတယ်။

 

အဲဒီထက် ပိုခက်ခဲတဲ့နည်းလမ်းက "စား ရပ် စား" "Eat Stop Eat" အစီအစဉ်ဖြစ်ပါတယ်လို့ Morgan က ပြောကြားပါတယ်။

"စား ရပ် စား" ကျင့်သုံးပြီး ဝိတ်ချရင် တစ်ပတ်မှာ တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ ၂၄ နာရီ ပတမလည် အစာမစားဘဲ နေရပါတယ်။

ဘာတွေ အကျိုးထူးသလဲ။

သွေးအတွင်း သကြားဓာတ် ရေချိန်ကို အကောင်းဆုံးထိန်းညှိပေးခြင်း၊ 

နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ 

သွေးပေါင်ချိန်နှင့် ကိုလက်စထရောများ လျှော့ချပေးခြင်းနှင့် 

ကိုယ်အလေးချိန်ပိုမိုကျစေရန် ဇီဝဖြစ်စဉ်လုပ်ဆောင်ချက်များကို ပြောင်းလဲခြင်းတို့ကို တွေ့ကြုံခံစားရကြောင်း Morgan က ပြောကြားပါတယ်။ 

 

တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ၂၄ နာရီ ကျော်လွန်ပြီး အစာမစားဘဲနေရင်တော့

" နောင်တစ်ချိန် အစာငတ်ရင် ရိက္ခာအဖြစ် ယူသုံးဖို့ ကိုယ်ခန္ဓာက အဆီတွေကို ပိုမိုသိုမှီးပါတယ်။ ကိုယ်ခန္ဓာရဲ့ အလိုအလျောက် အလိုက်သင့် တုံ့ပြန်ဆောင်ရွက်ချက် ဖြစ်ပါတယ်" လို့ Morgan က ပြောကြားပါတယ်။ 

 

အများစုအဖို့ လွယ်ကူတဲ့နည်းလမ်း "16:8" က ဆီလျော်ပါတယ်။ ကိုယ်ခန္ဓာက အလိုက်သင့် တုံ့ပြန်ပေးတဲ့အတွက် ကျင့်သားရတဲ့အခါ ဆာ်လောင်ခြင်း မခံစားရတော့ပါဘူး။ ဒါပေမဲ့ လျှာမှာ အရသာ ရှိတာတစ်ခုခု စားချင်တဲ့ဆန္ဒ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲဒါကလည်း ကိုယ်ခန္ဓာအတွက် အာဟာရ မှီဝဲအောင် အစားအစာ စားချင်စိတ် ဖြစ်ပေါ်အောင် အလိုအလျောက် လှုံ့ဆော်ပေးလိုက်တာ ဖြစ်ပါတယ်။ 

ကယ်လိုရီကို မစားမသောက် ရှောင်ကြဉ်ခြင်း ဖြစ်လို့ အချိုရည် မသောက်ရပါဘူး။  ရေသောက်နိုင်ပါတယ်။ ကော်ဖီသောက်ချင်ရင် ဘလက်ကော်ဖီ သောက်နိုင်ပါတယ်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 14 March 2023 19:05
Rate this item
(0 votes)