COVID-19 ဗီဇမျိုးကွဲသစ် Omicron ပျံ့နှံ့ကူးစက်မှု ကာကွယ်တားဆီးဖို့အတွက် ခရီးသည်ဝင်ခွင့် ပိတ်ပင်တဲ့ နိုင်ငံတွေထဲမှာ ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ သီရိလင်္ကာ၊ အိုမန် စတဲ့နိုင်ငံတွေလည်း ပါဝင်လာပါတယ်။
ဘော့ဆွာနာ၊ Eswatini၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံတွေက ခရီးသွားတွေကို ဒီဇင်ဘာလကစပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီလို့ ထိုင်းကျန်းမာရေးဌာနရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အကြီးတန်း တာဝန်ရှိသူတဦးက ပြောသွားပါတယ်။
အလားတူ သြစတြေးလျနိုင်ငံကလည်း တောင်အာဖရိက ၉ နိုင်ငံက သြစတြေးလျနိုင်ငံသား မဟုတ်သူတွေကို နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင်မယ်လို့ ဒီကနေ့မှာပဲ ကြေညာပါတယ်။ အဲဒီ တောင်အာဖရိက ၉ နိုင်ငံကနေ ပြန်လာတဲ့ သြစတြေးလျနိုင်ငံသားတွေနဲ့ မိသားစုဝင်တွေကတော့ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ၁၄ ရက်ကြာ သီးခြားခွဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။
တောင်အာဖရိက၊ ဘော့ဆွာနာ၊ Eswatini၊ ဇင်ဘာဘွေ၊ နမီးဘီးယားနဲ့ လီဆိုသိုနိုင်ငံတွေက ခရီးသည်တွေကို ဝင်ခွင့်ပိတ်ပင်ကြောင်း ဂျပန်နိုင်ငံက သောကြာနေ့မှာ ကြေညာခဲ့ပြီးတဲ့နောက် အဲဒီစာရင်းထဲမှာ နောက်ထပ် အာဖရိက ၃ နိုင်ငံ ဖြည့်စွက် ထပ်တိုးထားပါတယ်။
ကာတာလေကြောင်းလိုင်းကလည်း တောင်အာဖရိက၊ ဇင်ဘာဘွေနဲ့ မိုဇမ်ဘစ် နိုင်ငံတွေက ခရီးသည်တွေကို ပိတ်ပင်ကန့်သတ်လိုက်တယ်လို့ ဒီကနေ့မှာပဲ ကြေညာထားပါတယ်။