အသက်အန္တရာယ်ဖြစ်စေနိုင်သည့် စပ်ဆေးများကို ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်နှင့် ဆေးဆိုင်ပိုင်ရှင်များအနေနှင့်လည်း စပ်ဆေးရောင်းချခြင်းကို ချက်ချင်းရပ်ဆိုင်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တွေ့ရှိချက်များအရ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဈေးကွက်အတွင်း ရောင်းချသော စပ်ဆေးများတွင် သက်တမ်းကုန်ဆုံးနေသော ဆေးဝါးများ၊ မှတ်ပုံတင်မထားသော ဆေးဝါးများ၊ သုံးစွဲရန်မသင့်သည့် ဆေးဝါးများ ပါဝင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စပ်ဆေးများ သောက်သုံးခြင်းဖြင့် ရောဂါလက္ခဏာကို ခေတ္တသာ သက်သာစေနိုင်ပြီး အမြစ်ပြတ်စေရန် ကုသမှုခံယူခြင်းမဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ရာမှ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားသည်။ “စပ်ဆေးအပြင် သက်တမ်းလွန်ဆေး၊ လိုင်စင်မရှိတဲ့ဆေးတွေရောင်းရင် အရေးယူဖို့ ညွှန်ကြားချက် ထွက်ထားတယ်။ ပထမအကြိမ်တွေ့ရင် သုံးလပိတ်မယ်၊ ဒုတိယအကြိမ်တွေ့ရင် ခြောက်လပိတ်မယ်၊ တတိယအကြိမ်ဆိုရင်တော့ တရားစွဲမယ်ဆိုတာကို”ဟု FDA ၏ ရန်ကုန်တိုင်းတာဝန်ခံ ဒေါက်တာမင်းဝန်က ပြောဆိုသည်။
စပ်ဆေးများအဖြစ် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ စတီးရွိုက် (Steroid) ဆေးနှင့် ပဋိဇီဝဆေးများကို ပမာဏအမျိုးမျိုး ရောစပ်ကာ အမှုန့်ကြိတ်ခြင်း အပါအဝင် ပုံသဏ္ဍန်အမျိုးမျိုးပြုလုပ်၍ ရောင်းချလျက်ရှိကြောင်း၊ ထိုကဲ့သို့ ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ စည်းကမ်းမဲ့အသုံးပြုခြင်းကြောင့် ဆေးယဉ်ပါးခြင်း (ဆေးမတိုးခြင်း) များဖြစ်စေသဖြင့် အလွန်ကြီးမားသော ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် စပ်ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အစာအိမ်အနာဖြစ်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လေဖြတ်ခြင်းစသည့် အန္တရာယ်များကြောင့် အသက်သေဆုံးသည်အထိဖြစ်နိုင်ကြောင်း FDA ထံမှသိရသည်။
Source:thevoicemyanmar