အသက်ရှူကျပ်ခြင်း၊ မောပန်းခြင်းနဲ့ အသက်ရှူမဝခြင်း စတဲ့ခံစားမှုတွေဟာ လေကို လုံလုံလောက်လောက် မရတာကြောင့် ဖြစ်တတ်ပါတယ်။
အသက်ရှူမဝတဲ့ ခံစားမှုဟာ လူအမျိုးမျိုးမှာ မတူညီတဲ့ ခံစားချက်တွေကို ဖြစ်စေပါတယ်။ အများအားဖြင့် အသက်ရှူမဝခြင်းနဲ့ တွဲပြီး ရင်ဘတ်တင်းကျပ်ခြင်း ဒါမှမဟုတ် မွန်းကျပ်ခြင်းဆိုတဲ့ ခံစားချက်တွေကိုပါ ဖြစ်စေနိုင်ပါတယ်။
တစ်ခါမှမလုပ်ဖူးတဲ့ အားကစားပြုလုပ်တာ၊ ပြင်းထန်တဲ့ အားကစားလုပ်တာ၊ အပူချိန် မြင့်မားလွန်းတာနဲ့ အမြင့်ပိုင်းကို ရောက်သွားတာတွေကြောင့်လည်း အသက်ရှူ ကျပ်တတ်ပါတယ်။ ဒါ့အပြင် အသက်ရှူမဝခြင်းဟာ ကျန်းမာရေး ပြဿနာတစ်ခုခုရဲ့လက္ခဏာရပ်လည်း ဖြစ်နေနိုင်တာကြောင့် သင့်မှာ အကြောင်းရင်း ရှာမရတဲ့ အသက်ရှူကျပ်ခြင်းကို ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါတယ်။
အသက်ရှူမဝခြင်း ဖြစ်စေနိုင်သော ကျန်းမာရေး အခြေအနေများ
အသက်ရှူ မဝခြင်းဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ အများစုက နှလုံး ဒါမှမဟုတ် အဆုတ်အခြေအနေနဲ့ ဆက်စပ် နေတတ်ပါတယ်။ ခန္ဓာကိုယ်ထဲက တစ်သျူးတွေဆီကို အောက်ဆီဂျင် ပို့ဆောင်ခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဖယ်ရှားပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို နှလုံးနဲ့ အဆုတ်က ပါဝင်လုပ်ဆောင်နေတာကြောင့် အဲဒီအင်္ဂါအစိတ်အပိုင်းတစ်ခုခု ချို့ယွင်းသွားတာနဲ့ အသက်ရှူခြင်းအပေါ် ထိခိုက်မှုရှိသွားနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ တခြားပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေဟာလည်း အသက်ရှူမဝတာမျိုး ဖြစ်စေတတ်ပါတယ်။နှလုံးနဲ့ အဆုတ်ပြဿနာတွေအပြင် ကျောက်ကပ်ထိခိုက်ခြင်း၊ သွေးအားနည်းခြင်း၊ လှုပ်ရှားမှု လုံးဝမရှိခြင်း၊ ပူပင်သောကများခြင်း၊ ကိုယ်ဝန်ဆောင်နေရခြင်း၊ အာသီးရောင်ခြင်း၊ ကြောက်လန့်တုန်လှုပ်စရာ အခြေအနေတစ်ခုခုကို ကြုံလိုက်ရခြင်း စတဲ့အကြောင်းတွေ ကြောင့်လည်း အသက်ရှူမဝတဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။
ဆရာဝန်နှင့် ပြသသင့်သော အချိန်
သင့်အနေနဲ့ အသက်ရှူမဝခြင်းကို ပြင်းပြင်းထန်ထန် ခံစားနေရရင် ဒါမှမဟုတ် မောပန်းလွန်းနေရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။ အသက်ရှူမဝခြင်းဟာ ရင်ဘတ်အောင့်ခြင်း၊ မူးမေ့ခြင်း၊ ပျို့ချင်အန်ချင် ဖြစ်ခြင်းစတဲ့ ဝေဒနာတွေနဲ့ တွဲပြီးခံစားနေရရင် ဒါဟာနှလုံးရောဂါထခြင်း (Heart Attack)လိုမျိုး အရေးပေါ်အခြေအနေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။
ဆရာဝန်နှင့် ပြသရန် စီစဉ်ထားသင့်သော အခြေအနေများ
အသက်ရှူမဝခြင်းဟာ ခြေထောက်နဲ့ ခြေချင်းဝတ်ရောင်ရမ်းခြင်း၊ ပက်လက်လှဲလိုက်တဲ့အခါ အသက်ရှူရ ပိုမိုခက်ခဲသွားခြင်း၊ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူသံ တရွှီရွီမြည်ခြင်း၊ အသက်ရှူမဝတာက တဖြည်းဖြည်းနဲ့ ပိုဆိုးလာခြင်း စတဲ့ လက္ခဏာတွေနဲ့ တွဲနေပါက ဆရာဝန်နဲ့ ပြသဖို့ အစီအစဉ်ဆွဲထားဖို့လိုပါတယ်။
အသက်ရှူမဝခြင်း သက်သာစေရန် လိုက်နာသင့်သောနည်းလမ်းများ
၁။ ဆေးလိပ်ရှောင်ပါ ၊ ဆေးလိပ်ဖြတ်လိုက်တာနဲ့ အကျိုးကျေးဇူးကို ချက်ချင်းရမှာပါ။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ နှလုံးရောဂါ၊ အဆုတ်ရောဂါနဲ့ကင်ဆာရောဂါဖြစ်နှုန်းတွေက ချက်ချင်းလျော့ကျသွားပါလိမ့်မယ်။
၂။ ညစ်ညမ်းတဲ့လေထုကို ရှောင်ပါ ၊ ညစ်ညမ်းတဲ့ လေထုနဲ့ အဆိပ်အတောက်ရှိတဲ့ ပတ်ဝန်းကျင်ကို သင်တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုအပ်ပါတယ်။
၃။ ဆရာဝန်ကို မေးမြန်းထားပါ ၊ အသက်ရှူမဝတဲ့ ပြဿနာက ပိုဆိုးလာရင် သင့်အနေနဲ့ ဘာလုပ်သင့်သလဲ ဆိုတာကို ဆရာဝန်ကို မေးမြန်းပြီး သေချာမှတ်သား လိုက်နာဖို့ လိုအပ်ပါတယ်။
Source: ဇွန် (yatanarpon)