ပြည်တွင်းသို့ အသားဖြူဆေး တံဆိပ်များ ဝင်ရောက်လျက်ရှိရာ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့် ထောက်ခံချက် လက်မှတ် ရပြီး တရားဝင် တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ် အသုံးပြုသင့်ကြောင်း အရေပြား ဆရာဝန် အချို့က ပြောသည်။
"အသားဖြူဆေးတွေကို သောက်သုံးတာတွေ များလာတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဆေးကြောင့် ဖြစ်ရတဲ့ ကြီးကြီးမားမား ရောဂါရယ်လို့တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် သူတို့ ညွှန်ကြားချက် အတိုင်းပဲ သုံးသင့်တယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း လှချင်တာ တစ်ခုကြောင့် တစ်ဘဝလုံးစာ ဘေးမဖြစ်စေချင်ဘူး" ဟု အရေပြား ဆရာဝန် ဒေါက်တာ မျိုးသန့်က ပြောသည်။
အွန်လိုင်း ဈေးကွက်အတွင်း၌လည်း အသားဖြူဆေး ရောင်းချခြင်းမှာ ယခင်နှစ်များထက် ပိုမို တွင်ကျယ်လာခဲ့ပြီး အဆိုပါ ဆေးအများစုမှာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ (FDA) အသိအမှတ်ပြု ဆေးများဖြစ်ကြောင်း သိရသည်။ "အရင်က ဒီဆေးတွေကို မြင်ဖူးတယ်။ ထိုင်းနိုင်ငံမှာတော့ အများကြီး ရှိတယ်။ ဒါပေမယ့် မသောက်ရဲဘူး။ အခုကျတော့ သောက်တဲ့သူတွေ များလာပြီး တကယ်ဖြူတယ်ဆိုတော့ သောက်ဖြစ်တယ်။ ချက်ချင်းတော့ ဖြူမလာပေမယ့် တဖြည်းဖြည်းချင်းတော့ သိသာလာပါတယ်" ဟု အသုံးပြုသူ မယမင်းချိုက ပြောသည်။ အဆိုပါ ဆေးများတွင် FDA လက်မှတ် ရရှိပြီးသား ဆေးများ ပါဝင်ကာ ထိုင်းနိုင်ငံရှိ အရေပြား ဆေးရုံမှ ထုတ်လုပ်သည့် ဆေးများလည်း ပါဝင်နေပြီး တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်နေသည့် ဆေးများလည်း ရှိနေကြောင်း သိရသည်။
"ဈေးကွက်ထဲမှာ ပစ္စည်းအတုတွေက ရှိနေတယ်။ အဲဒီအတုတွေက အွန်လိုင်းပေါ် တင်ရင်တော့ ပစ္စည်းအစစ်ပုံတွေနဲ့ ကြော်ငြာပြီး ဝယ်ူတွေဆီ လာပို့တဲ့ အချိန်ကျမှ အတုမှန်း သိရလို့ ငွေကလည်း သွင်းပြီးသားဆိုတော့ အခက်အခဲတွေ ဖြစ်ကုန်တယ်" လို့ A-Ra skin care မှ မပိုးအိမ်က ပြောသည်။ အသားဖြူစေရန် သောက်သုံးရသည့် သောက်ဆေးတင်မက အသားလှခရင်မ်၊ အသားဖြူ ဆပ်ပြာ စသည့် အမျိုးအစားများကိုလည်း အမျိုးသမီးပါမက အမျိုးသားများပါ အသုံးပြုမှု များလာကြောင်းနှင့် သောက်ဆေး အနေဖြင့် တစ်ဘူးလျှင် ၃၀,၀၀၀ မှ ၆၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
တရားမဝင် ရောက်ရှိနေသည့် ပစ္စည်း အတုများလည်း ရှိနေသဖြင့် အသားဖြူဆေးများနှင့် ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များကို အသေးစိတ် လေ့လာပြီးမှသာ ရွေးချယ် စိစစ် သောက်သုံးသင့်သည်ဟု မပိုးအိမ်က ပြောသည်။
Source: ကြူကြူးကို (Yatanarpon)