What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 June 2022 15:47

လေဖြတ်ရောဂါ၏ ရှေ့ပြေးလက္ခဏာ ၆ ချက်

လေဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု ဒုတိယမြောက် အများဆုံးရောဂါ ဖြစ်ပါတယ်။

လေဖြတ်မည့် ရှေ့ပြေး အလားအလာများကို သိထားခြင်းဖြင့် ကြိုတင် ကာကွယ်စရာ ရှိတာ ကာကွယ်နိုင်ကာ လေဖြတ်ခြင်းရန်မှ ကင်းဝေးကြမည် ဖြစ်ပါတယ်။ လေဖြတ်မှု ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ဦးနှောက် သွေးကြောထဲတွင် သွေးခဲများ စုပိတ်ကာ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်းကြောင့် ဦးနှောက်လုပ်ငန်း အချို့ရပ်ဆိုင်းကာ လေဖြတ်ရတတ်သည်။

နောက်ပုံစံတစ်မျိုးမှာ ဦးနှောက်သွေးကြော ပေါက်ကာ ဦးနှောက်အခြား အစိတ်အပိုင်းများသို့ သွေးမရောက်တော့ဘဲ ခန္ဓာကိုယ်လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ ရှေ့ပြေး လက္ခဏာများကို သိထားခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်နိုင်မည်။

မြင်ကွင်း နှစ်ထပ်ဖြစ်လာရင်

မျက်လုံး တစ်ဖက်က ကောင်းပြီး နောက်တစ်ဖက်က မြင်ကွင်းတွေ နှစ်ထပ်ဖြစ်နေ၊ ဝေဝါးနေပြီဆိုလျှင် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ ဆိုတာ သတိထားပါ။ အလုပ်ပင်ပန်းရုံ၊ စာတွေ တအားဖတ်ရုံနဲ့ မျက်လုံးက မြင်ကွင်း နှစ်ထပ်ဖြစ်တာမျိုး တော်တော်ရှားပါတယ်။ နေရင်းထိုင်ရင်း မြင်ကွင်းနှစ်ထပ် ဖြစ်လာပြီဆိုရင်တော့ လေဖြတ်နိုင်ခြေ လက္ခဏာပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြောထဲတွင် သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှု နည်းနေပြီဆိုလျှင် မျက်လုံးသွေးကြောများသို့ အောက်စီဂျင်လည်း အရောက်နည်းသဖြင့် အမြင်တွေ နှစ်ထပ်ဖြစ်ကာ ဝေဝါးခြင်း ဖြစ်ပါတယ်။

လက်တွေ ပုံမှန်ထက် ပိုကြာကြာ ထုံနေရင်

အိပ်နေတုန်း ဖိထားမိသဖြင့် လက်တွေ၊ ခြေတွေထုံနေပြီး လှုပ်မရတာမျိုး ၊ ထိတွေ့ အာရုံမသိတာမျိုး ကြုံရတတ်သည်။ သို့သော် ခဏနေလျှင် ပုံမှန်ပြန်ဖြစ်သွားသည်။ ပုံမှန် ပြန်မဖြစ်ဘဲ တော်တော်ကြာအောင် ထုံနေပြီဆိုလျှင်တော့ လေဖြတ်မည့် ရှေ့ပြေး လက္ခဏာဆိုတာ သတိထားပါ။ ဦးနှောက် အနောက်ဘက်ခြမ်းကနေ စီးဝင်သော သွေးကြောများတွင် သွေးခဲများစု ပိတ်ခြင်းမျိုး၊ သွေးယိုခြင်းမျိုး ဖြစ်ပွားလာလျှင် လက်နှင့်ခြေများကို ထိန်းချုပ်သော ဦး နှောက်အပိုင်းများသို့ သွေးအရောက်နည်းကာ ထိတွေ့မှု အာရုံခံနိုင်စွမ်း ကျဆင်းကာ လူသည် ထုံနေတတ်သည်။

ပြောမည့် စကား ပါးစပ်ဖျားကျမှ မေ့သွားရင်

ပြောမည့်စကား ပါးစပ်ဖျားကျခါမှ မေ့သွားတာမျိုး မကြာမကြာ ကြုံရပြီဆိုလျှင် ဦးနှောက် အတွင်း သွေးအရောက် နည်းနေပြီဆိုတာ သတိရပါ။ သွေးကြောပိတ်ကာ သွေးစီးဆင်းမှု လျော့နည်းလာခြင်းကြောင့် မှတ်ဉာဏ်ကို အထောက်အကူ ပေးသော ဦးနှောက်အပိုင်းများသို့ သွေးအရောက်နည်းကာ ပြောမည်ကြံလိုက် မေ့သွားလိုက် ဆိုတာမျိုး ပိုဖြစ်ပွားရသည်။ ထိုပြဿနာကြုံပြီဆိုလျှင် ကျွမ်းကျင် ဆရာဝန်နှင့် ပြသကာ လေမဖြတ်အောင် နေထိုင်မှုပုံစံများ ပြု ပြင်ရမည်။

ယိုင်တိယိုင်တိုင် ခဏ ခဏ ဖြစ်ရင်

လမ်းလျှောက်ရင်း မူးခနဲလိုလို ဖြစ်သွားကာ လူကယိုင်တိယိုင်တိုင် ဖြစ်သွားတာမျိုး ကြုံရပြီဆိုလျှင် လေဖြတ်အန္တရာယ် သတိထားပါ။ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းသော ဦးနှောက်အပိုင်းများသို့ သွေးအရောက် နည်းနေခြင်းကြောင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်းနည်းကာ ထိုသို့ ယိုင်တိုင်တိုင်တွေ ဖြစ်လာခြင်း ဖြစ်သည်။ သွေးအရောက် နည်းရခြင်းသည် ဦးနှောက် သွေးကြောများ အတွင်း သွေးခဲများ စုပိတ်လာခြင်းကြောင့် ဖြစ်နိုင်ရာ နောက်ဆုံးအဆင့်ထိ ပိတ်သွားကာ ဦးနှောက် သွေးရရှိမှု ရပ်သွားတာမျိုး မဖြစ်ခင် ကျွမ်းကျင် ဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူရမည်။

စကားပြောရင် လျှာလိပ်ပြီး ဗလုံးဗထွေးတွေ ထွက်လာရင်

အကိုက်အခဲ ပျောက်ဆေးတွေ သောက်ပြီးရင် ဘေးထွက်ဆိုးကျိုး အဖြစ် လျှာလိပ်ပြီး စကား ဗလုံးဗထွေး ဖြစ်တတ်သည်။ ဘာဆေးမှ မသောက်ပါဘဲ ဗလုံးဗထွေးတွေ ဖြစ်လာပြီဆိုရင်တော့ လေဖြတ်မည့် အန္တရာယ်ရှိသည်။ သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးယိုခြင်းကြောင့် ဦးနှောက်အတွင်း သွေးစီးဆင်းမှု နည်းလာကာ စကားပြောဆိုမှု ထိန်းချုပ်သည့် ဦးနှောက်အပိုင်း စွမ်းရည်ကျလာခြင်း ဖြစ်နိုင်သည်။

ခေါင်းတွေ မကြာမကြာ ကိုက်နေရင်

ဦးနှောက်ထဲမှာ မာဂျရင်းတွေ များနေလျှင် ခေါင်းကိုက်တာ ထုံးစံ ဖြစ်သည်။ မာဂျရင်းမများဘဲ ကိုက်နေတာ ဆိုလျှင်တော့ လေဖြတ်နိုင်ခြေ သတိထားပါ။ မာဂျရင်းများလို့ ခေါင်းကိုက်ခြင်းနှင့် ဦးနှောက်ထဲ သွေးမလောက်လို့ ခေါင်းကိုက်လာ ခြင်းသည် ပုံစံအားဖြင့် ဆင်တူတတ်သည်။ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်နှင့် ပြသ စစ်ဆေးခံမှသာ အဖြေကို တွေ့ရတတ်သည်။ ဦးနှောက် သွေးကြောများထဲ သွေးခဲများ၊ အနည်အနှစ်များ စုပုံလာခြင်းကြောင့် သွေးကြောပိတ်ကာ ဦးနှောက်သည် သွေးလည်ပတ်မှု နှေးသွားခြင်း၊ ယာယီရပ်ဆိုင်းခြင်းမျိုး ဖြစ်ခြင်းကို လေဖြတ်ခြင်းဟု ခေါ်သည်။

ဦးနှောက်သွေးကြော ပေါက်လျှင်လည်း ဦးနှောက်သည် သွေးမရတော့ဘဲ လေဖြတ်နိုင်သည်။ အဓိကမှာ သွေးကြောကို ပိတ်ဆို့စေသည့် သွေးခဲနှင့် အနည်အနှစ်များ သွေးထဲ နည်းနိုင်သမျှ နည်းအောင် နေထိုင်ဖို့ ဖြစ်သည်။ ကိုလက်စထရောများ စေသော အစားအစာများ ရှောင်ကြဉ်ခြင်း၊ သွေးလှည့်ပတ်မှု ကောင်းအောင် တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်းဖြင့် သွေးတွင်းမှာ အမှိုက်ကင်းကာ သွေးအားကောင်းပြီး လေဖြတ်ခြင်းဘေးမှ အဝေးဆုံး ဖြစ်ကြမည်။

Read times
Rate this item
(3 votes)