ယူကေရဲ့ နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဖြစ်ပါတယ်။ သူဟာ ယူကေနန်းတွင်းမှာ နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပါတယ်။
အဲလစ်ဇဘက်ဟာ စကော်တလန် ဘယ်လ်မော်ရယ် စံအိမ်မှာ ကျန်းမာရေး အစောင့်အရှောက်ခံယူနေရတယ်လို့ ဘာကင်ဟမ် နန်းတော်က ကြေညာပြီနောက် များမကြာမီ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံကြောင်း ဘာကင်ဟမ်နန်းတော် ထုတ်ပြန်လိုက်ပါတယ်။ သူ့ရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့ သိရချိန်မှာ မိသားစုဝင်တွေဟာလည်း စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ကို သွားရောက်ခဲ့ကြပါတယ်။
ယူကေရဲ့ နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဆိုတဲ့နောက် ပြည်သူတွေက ဘာကင်ဟမ်နန်းတော်ရှေ့၊ ဝင်ဆာရဲတိုက်၊ ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့တွေမှာ စုရုံးရောက်ရှိပြီး ပန်းစည်းတွေနဲ့ လေးနက်စွာဂါရဝပြု ဝမ်းနည်းကြောင်းပြသတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ လန်ဒန်မြို့လယ် က Piccadilly Circus မှာဆိုရင်လည်း ဘုရင်မကြီးရဲ့ ရုပ်ပုံကို ပြသထားပြီး ပြည်သူတွေက အမှတ်တရဓာတ်ပုံတွေရိုက်ကြပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေ နဲ့ ကမ္ဘာ့အကျော်ကြားဆုံး အဆောက်အဦတချို့မှာလည်း အဲလစ်ဇဘက်ဘုရင်မကြီးကိုဂါရဝပြုတဲ့အနေနဲ့ မီးထွန်းတာ၊ ဓာတ်ပုံတွေချိတ်ဆွဲထားတာမျိုးနဲ့ ပြည်သူတွေက ဝမ်းနည်းပူဆွေးကြောင်းပြသကြသလို ဂါရဝပြုကြတာလည်းရှိပါတယ်။
ဗြိတိန်ဘုရင်မကြီး Elizabeth ကွယ်လွန် အနိစ္စရောက်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ သူဟာ ဘုရင်မတပါး ထက်ပိုပြီး အစဉ်တစိုက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ တည်တည်တည်ငြိမ်ငြိမ်နဲ့ လိုက်လျောညီထွေစွာ ဖြတ်သန်း နိုင်ခဲ့သူဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ မျိုးဆက်သစ်တွေ အတွက် ဂုဏ်ယူစရာတခု ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီး Jill Biden က ကြာသပတေးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။
အဲလစ်ဇဘက်အလက်ဇန္ဒြား မေရီ ဝင်ဆာ ကို ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ လန်ဒန်မြို့က ဘာကလေ စကွဲ အနီးမှာရှိတဲ့ အိမ်မှာ ပဉ္စမမြောက် ဂျော့ချ် ဘုရင်ရဲ့ ဒုတိယသားတော် ယော့ခ်မြို့စား အဲလ်ဘတ်နဲ့ ကြင်ယာတော် လေဒီ အဲလစ်ဇဘက် ဘိုးစ် လီယွန်တို့ရဲ့ ပထမမြောက် သမီးတော်အဖြစ် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကြီးက အရှိန်အဟုန်နဲ့ ပြောင်းလဲနေချိန်မှာ မယိမ်းမယိုင် တည်ငြိမ်နေတာ ကိုပြပါဆို လူတော်တော်များများက နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကိုပဲ ညွှန်းဆိုကြမှာ ဖြစ်ပါတယ်။
BBC Burmese
Myanmar Health Products Guide