What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 March 2018 10:48

အချို့မှုန့်ဖြစ်လာပုံအဆင့်ဆင့်နှင့် စားသုံးမိခြင်း၏အကျိုးဆက်များ

အချို့မှုန့်ဖြစ်လာပုံအဆင့်ဆင့်နှင့် စားသုံးမိခြင်း၏အကျိုးဆက်များ google.com

အချိုမှုန့်လို့ လူသိများတဲ့ အဖြူရောင် အမှုန့်လေးတွေနဲ့ ဓာတုဗေဒ အခေါ်အရ မိုနိုဆိုဒီယမ် ဂလူတမိတ် (Monosodium glutamate) ဖြစ်ပါတယ်။

အမိုင်နိုအက်စစ် တစ်မျိုးဖြစ်တဲ့ ဂလူတမစ် အက်စစ် (Glu-tamic acid) မော်လီကျူး တစ်ခုရဲ့ ဆိုဒီယမ် အက်တမ်တစ်ခု (Sodium) ပေါင်းစပ်ထားတဲ့ ဓာတု ဓာတ်ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ MSG လို့ အတိုကောက် ခေါ်ပါတယ်။ အချိုမှုန့်ကို စတင်တီထွင်ခဲ့တဲ့ အဖွဲ့ ကတော့ ဂျပန်နိုင်ငံမှာ ရှိတဲ့ အာဂျီနိုမိုတို ကုမ္ပဏီ (Ajinomoto Co.,Inc.) ဖြစ်ပြီး စတင် ထုတ်လုပ်စဉ်က ကုန်ပစ္စည်း နာမည်ကို အာဂျီနိုမိုတို (Ajinomoto)လို့ နာမည် ပေးခဲ့တဲ့ အတွက် အချိုမှုန့်ကို အာဂျီနိုမိုတို လို့လည်းလူသိ များတယ်။

0913N Ajinomoto article main image

အာဂျီနိုမိုတိုရဲ့ အဓိပ္ပာယ်ကတော့ အရသာ ထူးကဲမှု (Essence of Taste) လို့ အဓိပ္ပာယ် ရပါတယ်။ တကယ်လည်း အချိုမှုန့် ထည့်လိုက်တဲ့ ပစ္စည်းဟာ အရသာ ထူးကဲလာလို့ ဈေးကွက်မှာ တွင်ကျယ် လာခဲ့ခြင်း ဖြစ်ပါတယ်။ MSG ကို ၁၉ဝ၉ ခုနှစ် မှာ စတင် တီထွင် ထုတ်လုပ်ခဲ့ရာမှ ယနေ့ထိ ဈေးကွက် ခိုင်ခိုင်မာမာ ရရှိထားတဲ့ ကုန်ပစ္စည်းတစ်ခုလို့ ပြောရင် မမှားပါဘူး။ အခုဆိုရင် နှစ်ပေါင်း ၁ဝ၆ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

အာဂျီနိုမိုတို ကုမ္ပဏီကို စတင် တည်ထောင်ခဲ့တဲ့ သူတွေဟာ ဂျပန်လူမျိုးတွေရဲ့ စားသုံးလေ့ ရှိတဲ့ ဓလေ့ကို အရင်ဆုံး လေ့လာခဲ့ကြ ပါတယ်။ ဂျပန်လူမျိုးတွေဟာ ပင်လယ်ရေညှိ (Seaweed) ကို ကြိုက်နှစ် သက်ပြီး ဟင်းခတ် အမွှေးအကြိုင် အဖြစ် ရာစုနှစ်ပေါင်း များစွာ အသုံးပြုခဲ့ ပါတယ်။ ဥပမာ-ငါးကို ပေါင်းပြီး ပင်လယ်ရေညှိ အပြားလေးနဲ့ ပတ်လို့ စားရရင် အရသာ ထူးကဲကြောင်း သိခဲ့တာ ကြာပါပြီ။ ဒါနဲ့ပဲ ပင်လယ် ရေညှိထဲမှာ ပါဝင်တဲ့ အရသာ ရှိစေတဲ့ ဓာတ်ပစ္စည်းကို ရှာဖွေခဲ့ရာက ၁၉ဝဝ ပြည့်နှစ် အလွန်မှာ ပင်လယ် ရေညှိ ထဲမှာပါတဲ့ ဂလူတမိတ် ဒြပ်ပေါင်း (Glutamate Salt) ကို စတင် တွေ့ရှိခဲ့ ပါတယ်။

ဒါနဲ့ပဲ အဲဒီ ဓာတ်ပစ္စည်းကို မူပိုင်ခွင့် ပြုလုပ်ပြီး ၁၉ဝ၉ ခုနှစ်မှာ MSG အနေနဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံး ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း စီးပွားဖြစ် ထုတ်တဲ့အခါမှာတော့ ပင်လယ်ရေညှိကို ကုန်ကြမ်း အနေနဲ့သုံးရင် စီးပွားရေး အရ တွက်ခြေ မကိုက်လာတော့ ဇီဝနည်းပညာ (Biotechnology) ကို အခြေခံတဲ့ သကြားကို အချဉ်ဖောက်တဲ့ နည်းစဉ် (Sugar Fermentation Method) ကို ပြောင်းလဲ အသုံးပြုခဲ့ ပါတယ်။

သကြားရည် သို့မဟုတ် ကာဗွန်ဟိုက်ထရိတ် အရည်ကို သဘာဝမှာ ရှိတဲ့ အဏုဇီဝ ပိုးလေးတွေ အသုံးပြုပြီး အမိုင်နိုအက်စစ် ဂလူတမိတ် ထုတ်လုပ်တဲ့ နည်းစဉ် ဖြစ်ပါတယ်။ ကြံကနေ ထုတ်တဲ့ သကြားရည်ပဲ ဖြစ်ဖြစ်၊ ပြောင်းတို့၊ ပီလောပီနံတို့ကနေ ရတဲ့ အရည် (Syrup) တွေကိုပဲ ဖြစ်ဖြစ် အချဉ်ဖောက်ခြင်း (Fermentation) ပြုလုပ်လို့ ရပါတယ်။ အဲဒီလို ပြုလုပ်တဲ့ အခါမှာ အဏုဇီဝ ပိုးလေးတွေဟာ သကြားတွေကို စားပြီး ဂလူတမစ် အက်စစ်တွေ ထုတ်ပေးပါတယ်။ အဲဒါကို ရေရှည်တည်တံ့ဖို့ ဆိုဒီယမ် အက်တမ်တစ်ခုစီနဲ့ ပေါင်းစပ် ပေးလိုက်တဲ့အခါ MSG (Monosodium Glutamate) အဖြူရောင် ပုံဆောင်ခဲလေးတွေ ရရှိပါတယ်။ အဲဒီ ပုံဆောင်ခဲလေးတွေကို အအေး ခံလိုက်ရင် အချိုမှုန့် ဖြူဖြူဖွေးဖွေးလေးတွေ ရပါတယ်။

အသုံးပြုတဲ့ ကုန်ကြမ်းကတော့ သဘာဝ ကုန်ကြမ်း ဖြစ်ပါတယ်။ ဥပမာ- ကြံ၊ ပြောင်း၊ ပီလောပီနံ အစရှိတဲ Starch ကြွယ်ဝတဲ့ သဘာဝပစ္စည်းတွေ ဖြစ်ပါတယ်။ အသုံးပြုတဲ့ အဏုဇီဝ ပိုးလေးတွေ ကလည်း သဘာဝမှာ ရှိတဲ့ ပိုးလေးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေကို အသုံးပြုတဲ့ နည်းစဉ်ကတော့ ဇီဝနည်းပညာ (Biotechnology) ဖြစ်ပါတယ်။ အချိုမှုန့်ဟာ သဘာဝမှာ တွေ့ရတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဒါကြောင့် လူလုပ် ဖန်တီးယူတဲ့ ဓာတုပစ္စည်း တစ်ခုသာ ဖြစ်ပါတယ်။ အဓိက ပါဝင်တဲ့ Glutamic Acid ဟာ ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား ဖြစ်တဲ့ Amino Acid တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ် အတွင်း လိုအပ်သ လောက်သာ ထုတ်လုပ် သုံးစွဲတဲ့ အတွက် Non-essential amino acid တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် အချိုမှုန့်ကို စားရင် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ထက် များစွာ ပိုလျှံသွားတဲ့ အတွက် ကျန်းမာရေး ဆိုးကျိုးတွေ ပေးတာ ဖြစ်ပါတယ်

အချိုမှုန့် (MSG) ဟာ ခန္ဓာကိုယ် အတွင်းမှာ GABA ဆိုတဲ့ ဓာတ်ပစ္စည်း အဖြစ် နောက်ဆုံး ပြောင်းလဲ သွားပါတယ်။ အဲဒီ GABA ဟာ လူကို ထိုင်းမှိုင်း စေပါတယ်။ Diazepam အိပ်ဆေး သောက်ထား သလို ဖြစ်ပြီး အိပ်ချင်စိတ်တွေ များနေ တတ်ပါတယ်။ ခြေတွေလက်တွေ မသယ်ချင် ဖြစ်လာ တတ်ပါတယ်။ တက်ကြွမှု၊ ဖျတ်လတ်မှုတွေ လျော့နည်း လာစေပါတယ်။ နောက်တစ်ခု ကတော့ အချိုမှုန့်ဟာ စွဲလမ်းမှု (Addition) ဖြစ်စေပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသလိုမျိုး ဖြစ်စေတော့ အချိုမှုန့်ပါတဲ့ ဟင်းနဲ့ စားနေကျ လူဟာ အချိုမှုန့် မပါရင် စာလို့ မကောင်းဘူးလို့ ထင်စေပါတယ်။ ဥပမာ-မုန့်ဟင်းခါး ဆိုင်မှာ ဟင်းရည်ထဲ အချိုမှုန့် ထည့်ပြီးချက်ရင် စားသုံးသူတွေကို ပိုမို ဆွဲဆောင်မှု ရှိပြီး အဲဒီ မုန့်ဟင်းခါးကိုပဲ မစားရ မနေနိုင် ဖြစ်လာ စေပါတယ်။ ရောင်းတဲ့သူ အတွက် ကောင်းပေမယ့် စားသုံးသူ အတွက်တော့ ကြာရင် ဒုက္ခတွေ့မှာ ဖြစ်ပါတယ်။ နောက်ပိုင်း လေ့လာ တွေ့ရှိချက်တွေ အရ အာရုံကြော အဖွဲ့အစည်းကို လှုံ့ဆော်ပေးနိုင်တဲ့ အတွက် ထုံတာ၊ ကျဉ်တာ၊ မီးစနဲ့ ထိုးသလို ပူလာတာ (Burning Sensation) တွေလည်း ဖြစ်တတ် ပါတယ်။

အထူးသဖြင့် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက် ဖြစ်ရင်တော့ အချိုမှုန့်ကြောင့် ဖြစ်တတ်တယ် ဆိုတာ သတိထား ရပါမယ်။ အသုံးများတာ ကြာလာရင် အာရုံကြော အဖွဲ့အစည်းကို ထိခိုက်ဖျက်ဆီးတဲ့ အတွက် ပါကင်ဆန် ရောဂါ (Parkinson’s disease) ၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ၊ ဟန်တင်တန်ရောဂါ (Huntington’s disease) နဲ့ MS လို့ အတိုကောက် လူသိများတဲ့ Mul-tiple Sclerosis ရောဂါ တွေဟာလည်း အချိုမှုန့် စားသုံးမှုနဲ့ ဆက်စပ်မှု ရှိနေမှန်း သိလာကြရ ပါပြီ။ ဒီကနေ့ ကလေးတွေမှာ အဖြစ်များတဲ့ အော်တစ်ဇင်ရောဂါ (Autism) ဟာလည်း ကလေးနဲ့ မိခင် ကိုယ်ဝန်ဆောင်သည် ကာလမှာ စားသုံးမှု ဒါမှမဟုတ် ကလေးမွေးပြီး နို့တိုက်စဉ် ကာလမှာ စားသုံးမှု ဒါမှမဟုတ် ကလေးကို ကျွေးတဲ့ အစာထဲမှာ အချိုမှုန့် ပါဝင်မှုတွေနဲ့ ပတ်သက်ပြီး သံသယတွေ ရှိလာလို့ လေ့လာမှုတွေလည်း ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

MSG ဟာ ပန်ကရိယ အကျိတ်ကို လှုံ့ဆော်ပေးတဲ့ အာနိသင် ရှိပါတယ်။ အဲဒီအခါမှာ အင်ဆူလင် ဟော်မုန်းတွေ ထွက်လာ ပါတယ်။ အင်ဆူလင် ဆိုတာ သွေးထဲမှာရှိတဲ့ ဂလူးကို့စ် သကြားဓာတ်ကို အသုံးပြု စေတဲ့ ဟော်မုန်း ဖြစ်တော့ သွေးထဲမှာ သကြားဓာတ်တွေ လျော့နည်းသွား စေပါတယ်။ ဒါကြောင့် လူဟာဆာ လောင်ခြင်းကို အမြဲဖြစ်စေပြီး အမြဲတမ်း စားနေရတဲ့ အတွက် ဝလာရခြင်း ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဆိုဒီယမ်တွေကလည်း ခန္ဓာကိုယ် ဖောသွပ်ခြင်းကို အားပေးပါသေးတယ်။ ဒါကြောင့် ရေပိုငတ် စေပါတယ်။ ရေသောက်လိုက်၊ စားလိုက်နဲ့ တဖြည်းဖြည်း ဝစေတာ ဖြစ်ပါတယ်။

နှလုံးရောဂါနဲ့ သွေးတိုးရောဂါသည်တွေ အနေနဲ့ MSG ကို ရှောင်ကြဉ် သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ MSG ဟာ နှလုံး ကြွက်သားတွေကို ထိခိုက်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ နှလုံးခုန် မမှန်တာ (Irregu-lar heart beat) ၊ နှလုံးကြွက်သားတွေ သေသွားတာ (Cardiac muscle arrest) ၊ ရင်ဘတ်အောင့်တာ (Chest pain) တွေ ဖြစ်တတ်ပါတယ်။

သွေးအတွင်း ဆိုဒီယမ်ဓာတ်တွေ ပိုများလာတဲ့ အတွက် သွေးတိုးကို ပိုဆိုးစေ ပါတယ်။ Congestive Cardiac Failure လူနာတွေ ဆိုရင် လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နှလုံးမှာရှိတဲ့ အဆို့ရှင် လေးတွေ မကောင်းတဲ့သူတွေ (Valvular Heart Disease) ၊ မွေးရာပါ နှလုံးရောဂါ ရှိသူတွေ (Congestive Heart Disease) လည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလမှာ အချိုမှုန့် ပါဝင်တဲ့ အစားအစာတွေ စားရင် မိခင်ရော ကလေးကိုပါ ထိခိုက် စေနိုင်တဲ့ အတွက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ အချိုမှုန့်ကြောင့် ဖောရောင် လွယ်ခြင်း၊ ကိုယ်ဝန်ဆိပ် တက်ခြင်းကို အားပေးခြင်း၊ သွေးတိုးစေခြင်း၊ အမော မခံနိုင်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေကို ကိုယ်ဝန် မဆောင်ထားစဉ် ကာလမှာ စားသုံးတာထက် ပိုမို ခံစားရလေ့ ရှိပါတယ်။

ဝမ်းထဲမှာ လွယ်ထားတဲ့ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်း ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ အတွက် ဥာဏ်ရည် မမီတဲ့ ကလေးတွေ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ချို့ယွင်းတဲ့ ရောဂါသည်လေးတွေ မွေးလာ တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန် စရှိပြီဆိုတာနဲ့ အချိုမှုန့် ပါဝင်တဲ့ အစားအစာတွေ၊ ဟင်းရန်တွေကို သတိထားပြီး ရှောင်ကြဉ်ဖို့ အထူး မှာကြား လိုပါတယ်။

အချိုမှုန့် စားရင် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေဟာ တစ်နေ့ထက် တစ်နေ့ များပြားလာ နေလို့ အထူး သတိပြုရမယ့် အခြေအနေ ဖြစ်လာပါတယ်။ အဓိက အနေနဲ့-

(၁) ခန္ဓာကိုယ် ဓာတ်မတည့်မှု ဖြစ်စေခြင်း (Food Allergics) ၊ အရေပြား ယားယံစေခြင်း၊ ပန်းနာရင်ကြပ် ဖြစ်စေခြင်း။

(၂) လည်ပင်းကြီးရောဂါ ဖြစ်စေခြင်း (Thyroid Enlargement) ၊ သိုင်းရွိုက်ဟော်မုန်းများ ပုံမှန်မထွက် တော့ခြင်း (Thyroid Dysfunction) ။

(၃) ဆီးချိုသွေးချို ရောဂါအမှတ်(၂) ဖြစ်စေခြင်း (Type II Diabetes mellitus) ။

(၄) မျက်စိ အမြင်အာရုံ ချို့ယွင်းစေခြင်း (Retina Damage) ။

(၅) ချွေးထွက်လွန်ခြင်း၊ ရေငတ်ခြင်း။

တို့ဖြစ်စေပါတယ်။ ထို့ကြောင့် အချိုမှုန့်လျော့စားခြင်း ဖြင့် ကျန်းမာတဲ့ ဘဝကိုတည်ဆောက်နိုင်ကြပါစေ။

Source: Dr:Khin Maung Lwin(Fame)

Read :ဦးနှောက်မှာ အကျိတ်ရှိနေလျှင် ပြသောလက္ခဏာများ

https://www.healthproducts.com.mm/articles/item/587-%E1%80%B9feature-for-brain-tumors.html

ဦးနှောက်မှာ အကျိတ်ရှိနေလျှင် ပြသောလက္ခဏာများ

Read times Last modified on Wednesday, 21 March 2018 17:00
Rate this item
(0 votes)