အမျိုးသမီး ၇၀ ရာခိုင်နှုန်းလောက်ဟာ သားအိမ်အသားလုံး ဖြစ်တတ်ပါတယ်။
သားအိမ်အသားလုံးရဲ့ အရွယ်အစားက ပဲစေ့ အရွယ်ကနေ စပျစ်သီးအရွယ်အထိ အမျိုးမျိုး ရှိတတ်ပါတယ်။ သားအိမ် အသားလုံးတွေက ကင်ဆာ မဟုတ်ပေမယ့် ဗိုက်ပြည့်တာ၊ သွေးဆင်းများတာစတဲ့ မသက်မသာ ဖြစ်ရတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ သားအိမ်အသားလုံး ရှိနေချိန်မှာ အောက်ပါ အစားအသောက်တွေကို စားရင် အသားလုံးကို ကျုံ့သွားစေမှာ မဟုတ်ပေမယ့် ပိုဆိုးမသွားအောင်နဲ့ အထွေထွေ ကျန်းမာရေး ကောင်းနေအောင် ပံ့ပိုးပေးနိုင်ပါတယ်။
အဓိက စားသင့်သော အစားအစာများ အခွံချွတ်မထားသော ကောက်နှံတစ်ခုလုံး
ကောက်နှံစာတွေကို များများစားတာက ခန္ဓာကိုယ်တွင်းစနစ်ကို သန့်စင်စေပြီး အဆိပ်နဲ့ အညစ်အကြေးတွေကို ထွက်ရှိနှုန်း များစေပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေက ဆန်လုံးညို၊ ပေါင်မုန့်ညို၊ အညိုရောင် ခေါက်ဆွဲစတာတွေ ဖြစ်ပါတယ်။ ဒီလို အစာတွေကို စားရာမှာ ဂျုံမှုန့်၊ ဂျုံစေ့ စတာတွေနဲ့ တွဲစားပေးပါ။
လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ
စားတဲ့အစာထဲမှာ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများထည့်စားပေးပါ။ သားအိမ်အသားလုံး ဖြစ်တာကြောင့် သွေးဆင်းများနေရင် သံဓာတ်ဆုံးရှုံးမှု များတာကြောင့် သံဓာတ်ပမာဏ ပြန်ဖြည့်နိုင်အောင် ဟင်းနုနယ်ရွက်လို အစိမ်းရောင်အရွက်ကို စားပေးသင့်ပါတယ်။ သင်္ဘောသီးကိုလည်း စားပေးပါ။ သင်္ဘောသီးမှာပါဝင်တဲ့ အင်ဇိုင်းဟာ အစာကြေစေပြီး ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို ကင်းအောင် ကူညီပါတယ်။
ရှောင်သင့်သော အစားအစာများ
သားအိမ်အသားလုံး ဖြစ်နေချိန်မှာ ရှောင်သင့်တဲ့ အစာတွေက ပြုပြင်ထားတဲ့ အသားတွေ ဖြစ်ပါတယ်။ အဲဒီအသားတွေက ဟော်မုန်းတချို့ကို တိုးစေတာကြောင့် သားအိမ်အသားလုံး ကြီးထွားမှုကို ဖြစ်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် အသားစားမယ်ဆိုရင် သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ အဆီနည်း အသားတွေကိုပဲ စားသင့်ပါတယ်။
Source: ကြယ်စင် (yatanarpon)