What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 23 January 2021 15:43

သင့်မှာ ခရုသင်းဆိုတဲ့ အရေပြားရောဂါဖြစ်နေပြီဆိုရင်…..

ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligo လို့ သုံးပါတယ်။

လက်တင်စကားမှာ "vitium"အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။"ligo"ဆိုတာ နောက်ဆက်စကား ပေါင်းစည်းခြင်း၊ပါ။ တော်တော်များများ မှားနေတာက vitiligoရဲ့ အသံထွက်ပါ။ တကယ့်အသံထွက်က "ဗစ်တယ်လိုက်ဂို"ဆိုမှ မှန်တယ်။ စာရင်းဇယားတွေအရ တစ်ကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁၀ရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။နာမည်ကျော်တွေထဲက မိုက်ကယ် ဂျက်ဆင်၊ဒေါ့ဂ် ဟမ်မာ၊ဂျိုး ရိုဂမ်နဲ့ ဟိုလီ မယ်ရီကွန်းတို့မှာ ဒီရောဂါရှိနေတာ တွေ့ရပါတယ်။

ရောဂါဆိုတာထက် စိတ်ညစ်စရာလို့ပြောရင် ပိုမှန်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်လို့ပါ။ ခရုသင်း၊သမင်ဖြူကွက်တွေ ဘာ့ကြောင့် ဖြစ်လာရလဲခရုသင်းကို ဖြစ်စေတာက melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်း ချို့တဲ့လို့ပါ။ အရေပြားတထောက်စာမှာ အသားအရောင် ပြောင်းလဲမှုဟာ melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကြောင့် ဖြစ်ပါတယ်။ မယ်လနင်ဆိုတာကို အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tyrosineကနေ ရရှိပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားကို ကာကွယ်ဖို့ melaninခေါ်တဲ့ အမည်းရောင် ပစ္စည်းတမျိုးကို melanocytesခေါ်တဲ့ အရေပြားဆဲလ်တွေက ထုတ်ပေးရပါတယ်။

ဘာေ့ကြာင့်လဲဆိုတော့ နေရောင်မှာ ပါဝင်တဲ့ဓာတ်ရောင်ခြည်တွေ၊ခရမ်းလွန်ရောင်ခြည် တွေကို မယ်လနင်(melanin)ဓာတ်က ကာကွယ်ပေးနိုင်လို့ပါ။ ခရုသင်းခေါ်တဲ့အရေပြားရောဂါမှာ ပြဿနာက မယ်လနင်(melanin)တွေ ချို့တဲ့တာ၊ပျက်ဆီးတာဖြစ်ပြီး အရေပြားကို အရောင်မခြယ်နိုင်တော့တာပါ။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတဲ့ နောက်ကွယ်က အကြောင်းခံကို မသိရသေးပါဘူး။ သိရတဲ့အကြောင်းတွေအရ ခုခံအားချင်း ပြန်တိုက်ခိုက်တဲ့autoimmune diseaseကြောင့် T-lymphocyteတွေက ဖျက်ဆီးလို့ ဖြစ်စေနိုင်တယ်။ဒါ့အပြင် genetic မျိုးရိုးနဲ့ ဆက်စပ်တာတွေကို တွေ့ရပါတယ်။စိတ်ဖိစီးမှု၊ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်စေနိုင်တယ် ယူဆကြတယ်။

ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ phenolဓာတ်တမျိုးကြောင့်လည်း ဖြစ်နိုင်သေးတယ်။အစားအသောက်ကြောင့် ဖြစ်တယ်လို့တော့ မတွေ့ရသေးပါဘူး။ တခါတရံ အသားမစားသူတွေမှာ အဖြူကွက်ငယ်တွေ တွေ့ရတတ်ပေမယ့် နောက်ပိုင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။

ခရုသင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ဆိုတော့

ဖြစ်စမှာ အဖြူကွက်တွေ ပေါ်မှန်းမသိ ပေါ်ပေါက်လာပါတယ်။ အများစုဟာ ယားတာ၊နာတာမျိုးမရှိတတ်ဘူး။ တခါတရံ ဖြစ်စမှာ ယားတာမျိုးတော့ ရှိနိုင်တယ်။အကွက်ငယ်ကနေ အကွက်ကြီးထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ နေရာကွက်ပြီး ဖြစ်နိုင်သလို တကိုယ်လုံးလည်း ဖြစ်နိုင်တယ်။ အကွက်ရဲ့အနားသတ်တွေက မညီမညာဖြစ်နေမယ်။အရောင်ရင့်တာ(သို့)အရောင်ဖျော့တာ နှစ်မျိုးလုံးဖြစ်နိုင်တယ်။ အသားမည်းသူတွေမှာ ပိုသိသာတယ်။ တခြားအရေပြားရောဂါတွေနဲ့ မှားနိုင်တယ်။ ၉၅ရာခိုင်နှုန်းဟာ အသက် ၄၀မတိုင်မှီ စဖြစ်ကြတယ်။အများစုဟာ အသက် ၁၀နှစ်မှ၃၀နှစ်အတွင်း ဖြစ်ကြတယ်။ ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး သုံးမျိုးခွဲထားတယ်။

၁။focal vitiligo-နေရာကွက်ပြီး ဖြစ်သလို မသိသာတတ်ဘူး။ဖြစ်ပြီးရင် ပျောက်ဖို့လွယ်တယ်။ ကလေးတွေမှာ သူ့ဘာသာပြန်ပျောက်သွားနိုင်တယ်။

၂။segmental vitiligo-ခန္ဓာကိုယ်တခြမ်းထဲမှာသာ ဖြစ်တယ်။အာရုံကြောရဲ့ dorsal rootမှာဖြစ်လို့ ကျောရိုးမရဲ့ တဖက်တည်းမှာ ကွက်ပြီးဖြစ်တယ်။ ပျံ့နှံဖို့လွယ်သလို လိမ်းဆေးပေးတဲ့အခါလည်း ပျောက်ဖို့ပိုလွယ်တယ်။

၃။generalised vitiligo-တကိုယ်လုံးအနှံ့တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ အဖြစ်လည်း များတယ်။အကယ်၍ အဖြူကွက်တွေက တပြင်လုံး နေရာအနှံ့ဖြစ်ရင် vitiligo universalisလို့ ခေါ်ပါမယ်။ အရှင်လတ်လတ် အဖြူဘဝပြောင်းသွားသူပေါ့။ သိစေချင်တာက မွေးရာပါmelaninဓာတ် လုံးဝချို့တဲ့တာမျိုးကို albinismလို့ ခေါ်ပါတယ်။မသိသူက အင်္ဂလိပ်ခေတ်က လူဝင်စားလို့ ယူဆကြတယ်။albinismနဲ့ကွာခြားတာက သမင်ဖြူ(vitiligo)ဆိုတာ မွေးရာပါ မဟုတ်ဘူး။

ခရုသင်းလို အရေပြားရောဂါကို ကျွမ်းကျင်ဆရာဝန်က ဆုံးဖြတ်ပေးရတယ်။ တခါတရံ နှင်းခူလိုတခြား အရေပြားရောဂါတွေနဲ့ မှားတတ်တယ်။ သိသာစေချင်ရင် wood's lamp(ultraviolet lamp)အလင်းပေးပြီး ခွဲခြားနိုင်တယ်။လိုအပ်ရင် အသားစဖြတ်ယူပြီး စမ်းသပ်နိုင်ပါတယ်။ တခြား ခုခံအားရောဂါတွေပါ ဆက်လက်စစ်ဆေးရတယ်။

ခရုသင်းကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ

သူများနဲ့ မတူတဲ့ အဖြူကွက်တွေကြောင့် စိတ်ဓာတ်ကျလွယ်လာတယ်။ စိတ်ဒဏ်ရာရလာတယ်။ ကိုယ့်ဘာသာ သိမ်ငယ်လာတယ်။ ယုံကြည်မှုမရှိတော့ဘူး။ နာတာရှည်ရောဂါဆိုပြီး လူထဲမသွားချင်တော့ဘူး။ ဒါ့ပြင် အရေပြားကို ကာကွယ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း ပျက်ဆီးတာမို့ နေရောင်ဒဏ်ကို ပိုခံစားရတယ်။ အသားအရေကြမ်းတာ၊မညီညာတာ ဖြစ်လာသလို နေလောင်လွယ်လာတယ်။ မျက်စိ၊နားစတာတွေမှာဖြစ်ရင် အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းတာ ဖြစ်နိုင်တယ်။ တချို့ကလည်း လက်မခံဘူး။ အများထင်တဲ့ အရေပြားကင်ဆာ ဖြစ်လာနိုင်ချေတော့ အင်မတန်နည်းတာ တွေ့ရတယ်။

ကုသတဲ့နည်းတွေကတော့ အမျိုးမျိုးရှိတယ်။ ကုသနည်းအမျိုးမျိုးရှိပေမယ့် ဝန်ခံရရင် လုံးဝပျောက်ကင်းအောင် မတတ်နိုင်ပါဘူး။ ကုသမှုရဲ့ တုံ့ပြန်မှုတွေမြင်တွေ့ဖို့ ၆လ-၂နှစ်ထိ ကြာနိုင်တယ်။သေးတဲ့အကွက်တွေကို မသိသာအောင်၊လျှော့နည်းအောင် လုပ်ပေးနိုင်ပါတယ်။ သိပ်မဆိုးတဲ့အကွက်တွေမှာ မိတ်ကပ်သုံးပြီး ဖုံးပေးနိုင်တယ်။

၁-ခရုသင်း(သမင်ဖြူ)ကွက်တွေမှာ နေလောင်ကာလိမ်းဆေး ပေးနိုင်တယ်။အနည်းဆုံး SPF30ပါဝင်တဲ့ နေလောင်ကာမျိုး လိမ်းပေးသင့်တယ်။ အရေပြားအရောင်ရင့်တာ၊မညီတာမျိုးကို လျှော့နည်းစေတယ်။

၂-စတီးရွိုက်လိမ်းဆေး ပေးနိုင်တယ်။ သောက်ဆေးမပေးသင့်ဘူး။ autoimmuneလို ခုခံအားစနစ်ကြောင့် ဖြစ်တဲ့အခါ အသုံးပြုနိုင်တယ်။ လိမ်းဆေးက အဖြူကွက်ကို လျှော့နည်းစေနိုင်သလို မထူးခြားတာလည်းဖြစ်နိုင်တယ်။မကောင်းတဲ့အချက်က အရေပြားကို ပါးလွှာစေပြီး သွေးကြောတွေ ပေါ်လာတာမျိုး ဖြစ်နိုင်တယ်။

၃-ရောင်ခြယ်ပြန်ဖြည့်ပေးတဲ့ tacrolimus၊pimecrolimusလို လိမ်းဆေးမျိုးပေးပြီး ပြုပြင်နိုင်တယ်။ ဘေးထွက်ဆိုးကျိုး ရှိတယ်။

၄-phototherapy အလင်းရောင်ပေးပြီး ဖျော့နေတဲ့အကွက်တွေကို ပြန်ဖြည့်ပေးတယ်။ UV Aသို့ UV Bလို ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်ပိုင်းမှာ ဆိုးကျိုးပိုနည်းတဲ့ UV Bကို အသုံးပြုလာကြတယ်။ ပိုကောင်း၊ပိုသိသာချင်ရင် psoralenလို လိမ်းဆေးမျိုးလိမ်းပြီး နေရောင်ပြပေးရပါတယ်။ artificial ပြုပြင်ထားတဲ့ နေရောင်၊နေထိချိန်ကို တဖြည်းဖြည်း ပိုကြာစေရတယ်။ လိုအပ်တဲ့အချိန်လောက်သာ ထိစေပြီး ကျန်တဲ့အချိန်ကို ဖုံးအုပ်ပေးရတယ်။ ၆လ-၁နှစ်လောက် ပုံမှန်လုပ်ပေးရတယ်။ တခါတရံ ခရုသင်းကွက်က ပိုသိသာလာတယ်။ လေ့လာမှုတခုမှာ vitamin B12နဲ့ folic acidပါ တွဲပေးရင် အလင်းပေးကုသခြင်းကို ပိုမိုအကျိုးရှိစေတယ်။

၅-အရေပြားအစားထိုးတယ်ဆိုတာ ကောင်းတဲ့အရေပြားဆဲလ်တွေကို transplant အစားထိုးတဲ့နည်းဖြစ်ပါတယ်။

၆-အဖြူကွက်ပမာဏပိုများရင်(၅၀ရာခိုင်နှုန်းမက)ဖြစ်ရင် ကျန်တဲ့ကောင်းနေတဲ့ အရေပြားကို အရောင်ချွတ်တဲ့နည်း သုံးပေးနိုင်ပါတယ်။ hydroquinone၊monobenzone လို အရောင်ချွတ်ဆေးမျိုး ပေးပြီး အရေပြားကို တသားတည်းဖြစ်အောင် အရောင်ချွတ်ပစ်တယ်။ monobenzone သုံးရင် permenantဖြစ်သလို တကိုယ်လုံးအဖြူ ဖြစ်သွားမှာကို ကြိုတင်သတိပေးရတယ်။

၇-laser treatmentဆိုတာ အရေပြားရောဂါတွေမှာ စမ်းသပ်အောင်မြင်နေတဲ့ ကုသနည်းဖြစ်ပါတယ်။ အရေပြားမှာ မကောင်းတာ၊အရုပ်ဆိုးတာမျိုး ရှိရင် လေဆာရောင်ခြည်သုံးပြီး ကုသနိုင်တယ်။ ခရုသင်းမှာ excimer laserဆိုတာကို အသုံးပြုရတယ်။ဖြစ်တဲ့အကွက်က သေးရင် ပိုအကျိုးရှိတာ တွေ့ရပါတယ်။

၈-Cosmetic camouflageဆိုတာ မိတ်ကပ်သုံးပြီး အရေပြားမညီညာတာကို ပြုပြင်ဖုံးကွယ်တာမျိုး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။ သာမန်မိတ်ကပ်ထက်သာတဲ့အချက်က ရေစိုခံပြီး ၃-၄ရက်လောက် ကြာရှည်ခံတာဖြစ်ပါတယ်။ အရောင်စုံကို ရွေးချယ်နိုင်တယ်။သတိပြုရမယ့် အချက်က နေလောင်တာကို ကာကွယ်ပေးမယ်မဟုတ်ဘူး။ အမြင်အာရုံကို လှည့်စားတဲ့သဘောသာ ဖြစ်ပါတယ်။

ခရုသင်းဟာ ကူးစက်ရောဂါမဟုတ်ပါဘူး။ ဒါ့ကြောင့် အတူနေမိသားစုဝင်တွေကို မကူးစက်နိုင်ပါဘူး။ ကံကောင်းတဲ့၊သိပ်မဆိုးတဲ့သူတွေဟာ ကုသမှုမလိုဘဲ သူ့ဘာသာပြန်ပျောက်သွားတယ်။ လိုက်နာသင့်တာက နေရောင်ထဲမှာ အကာအကွယ်မပါဘဲ မသွားသင့်ဘူး။ နေ့ပိုင်းအပြင်ထွက်လျှင် နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပေးသင့်တယ်။ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊အရက်၊ဘီယာ ရှောင်နိုင်ရင် ပိုကောင်းတယ်။ စိမ်းတဲ့ အသီးအရွက်များများစားပါ။ hydroquinoneပါဝင်တဲ့ ဘလူးဘယ်ရီ၊သစ်တော်သီး စတာတွေ ရှောင်ပါ။

စိတ်ဖိစီးမှုကင်းဝေးအောင် အိပ်ရေးဝဝအိပ်ပါ။ တရားထိုင်တာ၊ယောဂကျင့်တာမျိုးလုပ်ပေးနိုင်ပါတယ်။သောက်ဆေးထဲမှာ ginkgo bilobaသောက်ဆေးက ခရုသင်းကွက်တွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ omega 3ပါဝင်တဲ့ဆေးတွေလည်း ခရုသင်းအရေပြားမှာ အကျိုးရှိတယ်လို့ တွေ့ရှိရတယ်။ အားဆေးထဲမှာ vitamin A၊C၊E၊B12၊folic acid၊PABA၊iron၊copper၊zinc၊selenium ပါဝင်တဲ့အားဆေးမျိုးသောက်ပေးနိုင်တယ်။ phenylalanineအသားဓာတ်နဲ့ curcuminဓာတ်တွေက အကျိုးရှိတာ တွေ့ရတယ်။

အဖြူမြင်တိုင်း ခရုသင်းလို့တော့ မထင်စေချင်ဘူး။ တခြားရောဂါတွေလည်း ၁၀မျိုးမကရှိလို့ ဆရာဝန်နဲ့ သေချာပြသပါ။ လိုအပ်ရင် အရေပြားအထူးကုဆီသွားပြီး ကုသပါ။ ဆေးပညာမှာ တိုးတက်မှုတွေရှိပြီဖြစ်လို့ ကုသနိုင်ပါတယ်။

Read times Last modified on Saturday, 23 January 2021 15:45
Rate this item
(4 votes)