မိန်းကလေးတွေမှာ အဖြူဆင်းတာကလည်း ဓမ္မတာတစ်ခုပါပဲ။
အပျိုဖော်ဝင်စကနေ သွေးဆုံးချိန်အထိ အဖြူဆင်းတတ်ကြပါတယ်။ သာမန် ဖြစ်ရိုးဖြစ်စဉ် ရိုးရိုးအဖြူဆင်းတာပဲ ဖြစ်တာကြောင့် ရောဂါရယ်လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါတစ်ခုခု ရှိလာတဲ့အခါ အဖြူဆင်းတာ ပြောင်းလဲသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်းအများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်းအများ ကွာခြားနိုင်ပါတယ်။ မိန်းကလေးတစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏချင်းလည်း မတူညီနိုင်ပါဘူး။
မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း
တချို့မိန်းကလေးတွေက အသန့်ကြိုက်လွန်းတာကြောင့် ကြော်ငြာကောင်းတဲ့ မိန်းမကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ်ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း သန့်စင်လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို ဖယ်ရှားလိုက်တာကြောင့် ပြင်ပက ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ်နိုင်တော့ဘဲ ပိုးဝင်လွယ်စေပါတယ်။
အဖြူဆင်းများခြင်း
အဖြူဆင်းများရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှုများတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥကြွေချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါတယ်။
အဖြူဆင်းခြင်းနှင့် ပိုးစွဲကပ်ခြင်း
မိန်းမကိုယ်မှာ ပိုးစွဲကပ်တာကို သိနိုင်တဲ့အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ်ယားယံနေတယ်၊ အဖြူဆင်းတဲ့အခါ အနံ့နံမယ်၊ အရောင်ပြောင်းနေမယ်။ ညိုညစ်ညစ် အရောင်ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။
Tip
- အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ
- အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။
- မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။
- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ
- ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ
- Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။
Source: အလင်း(ဆေးဝါး)