What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 April 2019 16:30

ငါးလေးအိုးကပ် လေမဖြတ်

ရှေးကမြန်မာ တိုင်းရင်းဆေး ဆရာကြီးများသည် “လေဖြတ်” ဝေဒနာသည်များကို အာရုံကြောများ ပြန်လည်ရှင်သန် စေရန်အတွက် ငါးကလေးအိုးကပ် ဓါတ်စာပေးလေ့ ရှိသည်ဟု “သမားစဉ်” မှတ်စုများတွင် ဖတ်ရှုရဖူးပါသည်။

“သမားစဉ်” ဆိုသည်မှာ သမားအစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့သည့် လက်တွေ့ ကုထုံးများ ဖြစ်ပါသည်။ စာရေးသူတို့ ၁၉၇၆ မှ စတင်ဖွင့်လှစ်သည့် တိုင်းရင်းဆေးသိပ္ပံ စတင်တက်ရောက်စဉ်က သင်ရိုးပုံနှိပ် စာအုပ်ဟူ၍ မရှိသေးဘဲ ဆရာကြီးများက မိမိတို့ အတွေ့အကြုံများကို နှုတ်ဖြင့် ပို့ချသည်ကို လိုက်ရေးမှတ် ရပါသည်။ စာရေးသူတို့၏ မှတ်စုများသည် “သမားစဉ်မှတ်စု” များပင် ဖြစ်ပါသည်။ ယခုအခါ တန်ဖိုးမဖြတ်နိုင်ပါ။

 

ငါးအမျိုးမျိုးတို့ အကြောင်းကို တိုင်းရင်းဆေးပညာ ရှုထောင့်မှ သင်ကြားရသောအခါ ငါးခူ၊ ငါးကျီး၊ ငါးပြေမ၊ ငါးသလဲတိုး စသည်တို့မှာ တက်စာဖြစ်သည်။ သားများ၊ လယ်သမားများ၊ မြစ်နား ချောင်းနား နေထိုင်သူများက ပို၍ စားသုံးကြသည်။ ထိုဆင်းရဲသားများတွင် လေဖြတ်ရောဂါ ဖြစ်ပွားမှု နည်းသည်။ အလွန်တွေ့ရခဲသည်။ ဆင်းရဲသားတို့အတွက် သဘာဝက ပေးထားသော ဆုလာဘ်များမှာ မြို့နှင့်မတူ။ ကွင်းပြင်မှ တိုက်ခတ်လာသော လေကောင်း လေသန့်။ ၎င်းလေတွင် ရာနှုန်းပြည့် သန့်စင်သော အောက်ဆီဂျင်ဓါတ် ပါဝင်သည်။

 

Read More : မျက်သားတက်ရောဂါ အကြောင်း သိကောင်းစရာ

 

“ငါးမြွေတိုး” နှင့် “ငါးဖယ်” တို့အကြောင်း တင်ပြလိုပါသည်။ စာရေးသူ ဆယ်တန်းကျောင်းသား အရွယ်က “ဝမ်းကိုက်” ရောဂါ ဖြစ်ဖူးသည်။ ဗိုက်ရစ်နာပြီး ခဏခဏ ဝမ်းသွားရပြီး ဒုက္ခအလွန်ရောက်ပါသည်။ ဝမ်းကိုက်ပျောက်ဆေးများ သောက်သောအခါ သက်သာသော်လည်း အမြစ်မပြတ်။ ထိုအခါ မိခင်ကြီးမှ ဈေးသွား၊ ငါးမြွေတိုး ဝယ်ပြီး မဆလာနှင့် ရောချက်ပေးပါသည်။ ၎င်းငါးမြွေတိုးဟင်း စားပြီးမှ ဝမ်းရောဂါမှာ အမြစ်ပြတ် ပျောက်ကင်းသွားပါသည်။ ဓါတ်စာကျမ်းများတွင် ငါးမြွေတိုးသည် သလိပ်နာ၊ သည်းခြေနာတို့ကို နိုင်၏။ ဝမ်းကိုက်ရောဂါ၊ ဆီးဝမ်းအောင့်သော ဝေဒနာတို့ကို ပျောက်စေတတ်၏။ ညောင်းနာကို ပျောက်စေ၏ဟု ပါရှိကြောင်း ဖတ်ရှုရသည်။ ထို့အတူ ငါးဖယ်သည်လည်း ဆီးအောင့်နာကို နိုင်သည်၊ ခွန်အားကို ဖြစ်စေသည်ဟု တွေ့ရသည်။ “ဝမ်းကိုက်လျှင် ငါးမြွေတိုး၊ ဆီးအောင့်လျှင် ငါးဖယ်” ဟု မှတ်သားထားကြ စေချင်သည်။

 

စာရေးသူသည် မြို့ကြီးများတွင် နေထိုင်သူများမှာ အသားစားများပြီး ငါးအစားနည်းသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် လေဖြတ်ရောဂါများကြောင်းကို လူနာရှင် အတော်များများကို မေးမြန်းကြည့်ပြီး သိခဲ့ရပါသည်။ အချို့လူနာများမှာ တစ်ခါတစ်ရံမှ ငါးစားသည်။ စားသည့်ငါးမှာလည်း ပင်လယ်မှ လာသောငါးကို ရက်၊ လကြာရှည် ရေခဲရိုက်ပြီး သိမ်းထားသော ငါးများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ရေခဲရိုက် ငါးများမှာ အဟာရဓါတ် မကြွယ်ဝနိုင်တော့သဖြင့် ရောဂါများကို မကာကွယ်နိုင်ပါ။ လတ်ဆတ်သော ငါးလေးများ စားပေးပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါမှ ကာကွယ်နိုင်ပါသည်။

 

စာရေးသူတို့၏ ရှေးမိဘ ဘိုးဘွားများ လက်ထက်က သားကြီးငါးကြီးများ သိပ်မစားကြပါ။ ခေါင်းတစ်ရာသား ငါးကလေးများကိုသာ များများစားလေ့ ရှိပါသည်။ ယနေ့စာရေးသူတို့ မိသားစု ထမင်းဝိုင်းတွင် ငါးသလဲတိုး ငါးလေးအိုးကပ် ဆီခြောက်ခြောက် နံနံပင်အုပ်ထားသော ဟင်းတစ်ခွက်၊ မုံလာဥချဉ်ဟင်း တစ်ခွက်၊ ကန်စွန်းရွက်ကြော် တစ်ခွက်၊ ငါးပိရည်နှင့် တို့စရာအစုံအလင်ဖြင့် စားရသောအခါ ခံတွင်းမြိန်ပြီး အဟာရလည်းဖြစ်၊ ငွေကြေးကုန်ကျမှုလည်း သက်သာ၊ ကျန်းမာရေး ရှုထောင့်မှလည်းကောင်း အကျိုးပြုနိုင်သော မြန်မာရိုးရာ အစားအစာအဖြစ် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

 

Source: ကြည်လွင်မြင့် (မုဒြာ)

Read times
Rate this item
(1 Vote)