ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊
ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး ပြည်သူသို့ ပန်ကြားချက်ထုတ်ပြန်ထားပါသည်။
ယခုအချိန်ကာလ၌ ပြည်သူများနှင့် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသူများအားလုံးသည် COVID-19 ကူးစက်မှုဒုတိယလှိုင်း လာနိုင်သည်ဟူသောခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့် နေကြရမည် ဖြစ်ပါသည်။
မိမိတို့မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှု ပထမလှိုင်းကျရောက်ခဲ့မှုတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေးငယ်သောလှိုင်းသာဖြစ်ခဲ့သည်မှာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူများအားလုံးဝိုင်းဝန်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ကူးစက်ကပ်ရောဂါထိန်းချုပ်မှုနိယာမများနှင့် COVID-19 ဗိုင်းရပ်စ်ပိုး၏ ပြောင်းလဲလျက်ရှိသော အပြုအမူသဘောသဘာဝနှင့် ကူးစက်ဖြစ်ပွားမှုပုံသဏ္ဌာန်တို့ကို နောက်ခံထား၍စဉ်းစားပါက ဒုတိယလှိုင်းသည် ကြီးမားနိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုး တိုးတက်မှုကို ရိုက်ခတ်နိုင်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားလာခဲ့သော် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) ကို ဩဂုတ်လ (၁၃) ရက်နေ့တွင် ဗဟိုအဆင့်၌ ပြုလုပ်ခဲ့ပါသည်။
အလားတူ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ဆေးရုံကြီးများတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို သေချာစွာ စနစ်တကျလိုက်နာကြပါရန်နှင့် မပေါ့လျော့ကြပါရန် ထပ်မံပန်ကြားအပ် ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန