တရုတ်နိုင်ငံ ရှီအန်းမြို့ကို တင်းတင်းကျပ်ကျပ် လော့ဒေါင်းချထား
တရုတ်နိုင်ငံ ရှီအန်းမြို့မှာ ကိုဗစ်ကူးစက်မှု တားဆီးရေး လော့ဒေါင်းချလိုက်လို့ ဒေသခံ တချို့ စားစရာမလုံမလောက် ဖြစ်နေတယ်လို့ ပြောပါတယ်။
အာဏာပိုင်တွေက ရိက္ခာအလုံအလောက်ရှိတယ်လို့ အခိုင်အမာ ပြောနေပေမဲ့ လော့ဒေါင်း ပိတ်ဆို့မှုတွေကြောင့် လူတွေလက်ထဲ စားစရာရဖို့ တော့ ခက်ခဲနေတာပါ။
ကိုဗစ် ကူးစက်မှု ဖြတ်တောက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ လူ ၁၃ သန်းကို အိမ်ထဲမှာပဲနေဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။
တရုတ်နဲ့ တခြားနိုင်ငံတွေရဲ့ လော့ဒေါင်းမတူတာက ဒေသခံတွေဟာ မဖြစ်မနေ လိုအပ်တဲ့ စားစရာ ဝယ်ဖို့ ကိစ္စနဲ့တောင် အပြင်မထွက်ရတာပါ။
အစိုးရကတော့ စားစရာတွေ လိုက်ဝေပေးပေမဲ့ လူအများအပြား ရိက္ခာတွေ မရကြသေးဘဲ အခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
အခုဆိုရင် လော့ဒေါင်းချလိုက်တာ ၁၀ ရက်လောက် ရှိပါပြီ။ တရုတ်မှာ ကူးစက်သူ လုံးဝ မရှိစေရ မူချထားချိန် ဒီမြို့မှာ ဖြစ်လာတဲ့ ကူးစက်မှုက အဆိုးဆုံး ဖြစ်လာတာပါ။
အစပိုင်းကတော့ တစ်အိမ်တစ်ယောက် အပြင်ထွက်ခွင့်ပြီး နှစ်ရက်ခြားတစ်ခါ စားစရာနဲ့ တခြား အခြေခံလိုအပ်တာတွေ ဝယ်ခွင့်ပြုထားခဲ့ပါသေးတယ်။
ဒါပေမဲ့ တနင်္လာနေ့ကစပြီး မြို့ခံတွေအနေနဲ့ ကိုဗစ် စစ်ဖို့ အပြင်ထွက်တာက လွဲလို့ အပြင်မထွက်ဖို့ စည်းကမ်းတွေ တင်းကျပ်လိုက်တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စားစရာတွေနဲ့ မရှိမဖြစ်လိုတာတွေ ကူညီပေးကြဖို့ လူတွေက တရုတ်ဆိုရှယ်မီဒီယာ ဝေဘိုကနေ တောင်းဆိုနေပါတယ်။ လူအများအပြားက အစိုးရက ဝေပေးတဲ့ ရိက္ခာတွေ မရကြသေးဘူးလို့ ပြောကြပါတယ်။
အိမ်ရာတွေမှာဆိုရင် ဂိတ်တံခါးတွေအထိ အစိုးရက လိုက်ဝေပေမဲ့ အိမ်တံခါးဝအထိအရောက်ထိပို့မယ့် စေတနာ့ဝန်ထမ်းတွေတော့ မလုံလောက်တာမျိုးတွေ ရှိတယ်လို့ အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ရေးပါတယ်။
အစိုးရပေးတဲ့ စားစရာ ရပြီးသူတစ်ဦးကတော့ အစိုးရက အခမဲ့ဝေပေးတဲ့ စားစရာတွေက အတော်များပြီး မိသားစုတစ်စု သုံးလေးရက်လောက် စားလို့ရမယ်လို့ ပြောပါတယ်။
တရုတ်ရဲ့ တင်းကျပ်တဲ့ မူဝါဒအရ ရှီအန်းမြို့မှာ ဘတ်စကားဂိတ်တွေပိတ်ထား၊ လေယာဥ်အထွက်တွေ ပိတ်ထားပြီး ရှီအန်းမြို့ရှိရာ ရှန်ရှီးပြည်နယ်မှာ လူသန်းပေါင်းများစွာကို ကိုဗစ်စစ်ဆေးတာတွေ လုပ်နေပါတယ်။
ရှီအန်းမြို့မှာ ဒီဇင်ဘာ ၉ ရက်ကစပြီး ကိုဗစ် တွေ့သူ ၁၃၀၀ ကျော် ရှိလာခဲ့တာဖြစ်ပြီး တရုတ်က ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ကို ဖေဖော်ဝါရီလမှာ လက်ခံကျင်းပဖို့ ရှိနေတာပါ။
တရုတ်မှာ ကိုဗစ်စဖြစ်ကတည်းက ကူးစက်သူ တစ်သိန်းသုံးသောင်းကျော်နဲ့ သေဆုံးသူ ငါးထောင့်ခြောက်ရာကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။