စင်ကာပူတွင် တတိယမြောက် မျောက်ကျောက်လူနာ အတည်ပြု
စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (ဇူလိုင် ၇ ) မှာ နောက်ထပ် မျောက်ကျောက်လူနာတစ်ဦး အတည်ပြုကြောင်း ထုတ်ပြန်ကြေညာပါတယ်။
တတိယမြောက် မျောက်ကျောက်လူနာက အသက် ၃၆ နှစ် အမျိုးသား အိန္ဒိယလူမျိုးနွယ် ဖြစ်ပါတယ်။ မကြာသေးခင်ကမှ အမေရိကန်နိုင်ငံမှ စင်ကာပူသို့ ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ယခုအခါ အမျိုးသား ကူးစက်ရောဂါကုဆေးရုံမှာ ကုသမှု ခံယူနေပြီး ကျန်းမာရေး အခြေအနေ တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
လူနာက ဇွန်လ ၂ ၈ ရက်မှာ အခြား ရောဂါလက္ခဏာများနှင့်အတူ စအိုနာကျင်မှု ဝေဒနာခံစားရတယ်။ နောက်တော့ မျောက်ကျောက် အရေပြားအနာတွေ ရက်အနည်းငယ်အတွင်း ပေါ်ပေါက်လာခဲ့ပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
ဇူလိုင်လ ၆ ရက်မှာ ဆေးကုသမှု ခံယူခဲ့ပြီး သူ့ကို ဆေးရုံတင်ထားလိုက်ပါတယ်။ ဇူလိုင်လ ၇ ရက်မှာ ဆေးစစ်ချက် အဖြေရရှိခဲ့ရာ မျောက်ကျောက် အတည်ပြုပါတယ်။
စင်ကာပူနိုင်ငံရဲ့ ပထမဆုံးမျောက်ကျောက်လူနာကလည်း နိုင်ငံခြားမှ ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဗြိတိသျှလူမျိုး အသက် ၄၂ နှစ်ရှိ အမျိုးသားလေယာဉ်အမှုထမ်းတစ်ဦးဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့လက မျောက်ကျောက်လူနာ အတည်ပြုခဲ့ပါတယ်။
ပထမဆုံး ပြည်တွင်းကူးစက်မှုက စင်ကာပူနိုင်ငံရဲ့ ဒုတိယမြောက် မျောက်ကျောက်လူနာ ဖြစ်ပြီး အသက် ၄၅ နှစ် အမျိုးသား မလေးလူမျိုးဖြစ်ပြီး စင်ကာပူမှာ နေထိုင်သူ ဖြစ်ပါတယ်။ သူ့ကို ဇူလိုင်လ ၆ ရက်မှာ မျောက်ကျောက်လူနာ အတည်ပြုခဲ့ပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်သူ ၆ ထောင်ကျော်ရှိ
နိုင်ငံပေါင်း ၅၈ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူပေါင်း ၆ ထောင်ကျော်တွေ့ရှိပြီး ၈ဝ ရာခိုင်နှုန်းကျော်က ဥရောပမှာဖြစ်ပွားနေတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အရေးပေါ် အခြေအနေတရပ်အဖြစ် ကြေညာသင့်မသင့် ဒီလနှောင်းပိုင်းလောက်မှာ ဆုံးဖြတ်ဖို့ ခန့်မှန်းကြောင်းလည်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့မှာ ဗုဒ်ဓဟူးနေ့က ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံမှု အတိုင်းအတာနဲ့ ပတ်သက်ပြီး သူအနေနဲ့ စိုးရိမ်ကြောင်းနဲ့ ရောဂါ နဲ့ပတ်သက်ပြီး စမ်းသပ်မှုနည်းပါးတာ၊ ဖြစ်ပွားနေတဲ့သူအများအပြားနဲ့ပတ်သက်လို့ သတင်းမရရှိကြတာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။
အာဖရိက တိုက်မှာ ပုံမှန်လို ပျံနှံဖြစ်ပွားနေတဲ့ အဲဒီ မျောက်ကျောက်ရောဂါဟာ တုပ်ကွေးရောဂါနဲ့ ဆင်တူပြီး သိပ်မပြင်းထန်ပေမယ့် အရေပြားမှာတော့ အဖု့အပိန့် ဒဏ်ရာတွေဖြစ်ပွားစေပါတယ်။
လက်ရှိဖြစ်ပွားပျံနှံမှုဟာ မေလက စတင်ခဲ့ပါတယ်။ ဗိုင်ရပ်ကူးစက်မှုမှာ အများစုကတော့ အသက် ၂၁ နှစ် နဲ့ ၄ဝ အကြား အမျိုးသားများဖြစ်ကြပါတယ်။ အဲဒီအထဲမှာ အများစုက အမျိုးသားချင် လိင်ဆက်ဆံကြသူတွေဖြစ်ကြတယ်လို့ WHO ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး Dr Hans Henri P Kluge က ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါပေမယ့်လည်း အိမ်ထောင်စုဝင်တွေ၊ လိင်ကွဲဆက်ဆံသူတွေ နဲ့ လိင်ဆက်ဆံခြင်း မပြုကြသူတွေ နဲ့ ကလေးငယ်တွေအကြားမှာလည်း အဲဒီရောဂါဟာ ဖြစ်ပွားတာတွေ အနည်းငယ်တွေ့ရတယ်လို့လည်း ပြောပါတယ်။
#MyanmarHealthGuide
Telegram Channel
https://t.me/Guid4U