What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 May 2018 14:49

ဖောလစ်အက်စစ် နှင့် ကင်ဆာရောဂါဆက်စပ်ပုံ

ဖောလစ်အက်စစ် နှင့် ကင်ဆာရောဂါဆက်စပ်ပုံ google.com

ဖောလစ်အက်စစ်(Folic acid) ဆိုတာ “ဘီ” အုပ်စုဝင် ဗီတာမင်တစ်မျိုးပါ။ ဆရာဝန်တော်တော်များများက ကိုယ်ဝန်ဆောင်မိခင်တွေကို အားဆေးအဖြစ်သောက်သုံးခိုင်းပါတယ်။

ဒီတခါတော့ ဖောလစ်အက်စစ်နှင့် ကင်ဆာဆက်စပ်ပုံလေးကို အသေးစိတ်ဖော်ပြပေးပါ့မယ်။

ကင်ဆာကို မြန်မာဆေးနည်းအဆိုအရ “မြစ်ပွားနာ” လို့ခေါ်ပါတယ်။ ကင်ဆာဆိုတဲ့နာမည်ကို လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ဖောလစ်အက်စစ်အားနည်းလို့၊ချို့တဲ့လို့ သွေးကင်ဆာတစ်မျိုးဖြစ်သော ( Acute Lymphocytic Leukaemia) ကိုဖြစ်စေသော အဓိကအကြောင်း ရင်းတစ်ခုဖြစ်ပါတယ်။

ကင်ဆာကို တချို့က မျိုးရိုးလိုက်ပြီးဖြစ်တာ၊ တချို့က ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ၊လို့ဆိုကြပါတယ်။ တချို့ကင်ဆာတွေကျတော့ ဓာတုဗေဒပစ္စည်းတွေ၊ အဆိပ်ဓာတ်တွေ၊ ဆေးဝါးတွေကြောင့် ဖြစ်ရတယ်လို့ ဆိုပြန်ပါတယ်။ ကင်ဆာရောဂါအကြောင်းဆွေးနွေးမယ်ဆိုရင် ဖြစ်တဲ့နေရာပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းဇာစ်မြစ်ကွဲပြားသွားပါတယ်။

လျှာနဲ့အာခံတွင်းပိုင်း ကင်ဆာဖြစ်ရတာဟာ အရက်သောက်ခြင်း၊ ငရုတ်သီး၊ငရုတ်ကောင်းများစားခြင်း၊ ဆစ်ဖလစ်ကာလသားရောဂါ၊ ချွန်ထက်သော သွားစတာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အသည်းကင်ဆာဆိုရင် အစားအသောက်တွေမှာပါတဲ့ မှိုတွေ၊ ဆိုးဆေးတွေ၊ အသည်းရောင်ဗိုင်းရပ်စ်ပိုးတွေ၊ ဓာတ်ရောင်ခြည်ထိတွေ့မှု စတဲ့ အကြောင်းတွေကြောင့်ဖြစ်တယ်လို့ဆိုရပါမယ်။

ကင်ဆာရောဂါကိုဘာကြောင့်ပဲဖြစ်ဖြစ် ထုးခြားတဲ့ အခြေခံအချက်တွေ ရှိနေပါတယ်။ ကင်ဆာရဲ့ အဖုအကျိတ်တွေဟာ ကလာပ်စည်း(ဆဲလ်) တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကြီးထွားတာမြန်တယ်။ သူ့ဘေးပတ်ဝန်းကျင်က ကလာပ်စည်းတွေထံရောက်ရှိလာတဲ့ အာဟာရတွေကို လုယူပြီး ကင်ဆာ ကလာပ်စည်းတွေက သုံးစွဲကြပါတယ်။

ကင်ဆာရဲ့သဘာဝ ကဘေးပတ်ဝန်းကျင်က ကလာပ်စည်းတွေကို ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းရှိတယ်။ သွေးကြော၊ လင့်ကြော၊ တွေက တစ်ဆင့် ခန္ဓာကိုယ်အနှံအပြားကို ပျံ့နှံရောက်ရှိသွားနိုင်တယ်။

ဆက်လက်ပြီးကင်ဆာနဲ့ဗီတာမင်ဆက်စပ်ပုံကို ဖော်ပြပေးပါမယ်။ ဇီဝဗေဒသဘောတရားအရ ကလာပ်စည်း ခေါ်ဆဲလ်များ တည်ဆောက်ရာမှ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးရှိပါတယ်။ အဲဒါက နျူးကလပ်အက်စစ် (Nucleic Acid) ပါ။ နျူးကလစ်အက်စစ် ကို RNA Ribonucleic Acid နဲ့ DNA Deoxyribonucleic Acid ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

ကလာပ်စည်းတွေ တည်ဆောက်ချင်ရင် နျူးကလစ်အက်စစ်ရှိမှ ဖြစ်ပါမယ်။ နျူးကလစ်အက်စစ် တည်ဆောက်ရာမှာ အရေးကြီးတဲ့ ဗီတာမင် နှစ်မျိုရှိပါတယ်။ ဗီတာမင် ဘီ “12” နဲ့ ဖောလစ်အက်စစ်တို့ပဲဖြစ် ပါတယ်။ ဘယ်ကလာပ်စည်းမှ ဗီတာမင် B12 နဲ့ ဖောလစ်အက်စစ် မရရင် ကြီးထွားရှင်သန်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် အခြေခံလိုအပ်တဲ့ ဖောလစ်အက်စစ်ကို ဆန့်ကျင်တဲ့ ဆေးဝါးတွေကို ကင်ဆာကုထုံးများတွင် အသုံးပြုခြင်းဖြစ်တယ်။ ကင်ဆာရောဂါရှင်များကိုလည်း ဖောလစ်အက်စစ်နဲ့ ဗီတာမင် ဘီ ၁၂ စားဆေးထိုးဆေး မပေးဖို့ တားမြစ်ခဲ့တာပါ။

ဒါပေမဲ့ အခုတစ်ဖန်နောက်ဆုံးတွေ့ရှိတဲ့ သတင်းတပုဒ်အရ ဖောလစ်အက်စစ်ချို့တဲ့လျှင် သွေးကင်ဆာတစ်မျိုးဖြစ်စေနိုင်တယ်လို့ ဆိုပြန်ပါတယ်။ ဒီနေရာမှာ “တန်ဆေး ၊ လွန်ဘေး” ဆိုတဲ့စကားပဲ သုံးရမလိုဖြစ်နေပါတယ်။

ဘာလို့လဲဆိုတော့ လူတို့ရဲ့ ဇီဝကမ္မဗေဒကို လေ့လာကြည်ရင် အရာရာမှာ တိကျလွန်းနေပါတယ်။ လူခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေက တိကျတယ်။ အပြန်အလှန်ထိန်းညှိမှုတွေ ရှိတယ်။ လိုအပ်ချက်ကို မှန်မှန်ကန်ကန်သိဖို့လိုပါတယ်။ လုပ်ငန်းတွေဟာ လိုလို့လည်းမရသလို၊ပိုလို့လည်းအကျိုးမရှိနိုင်ပါဘူး။

ဥပမာတစ်ခုပြောရရင် ဗီတာမင်အေဟာ မျက်စိအမြင်အာရုံအတ၊ွက်အရေးကြီးပါတယ်။ ဗီတာမင်အေချို့တဲ့ရင် ကြက်မျက်သင့်ရောဂါကစပြီး နောက်ဆုံးမျက်စိကွယ်တဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ဗီတာမင်အေ များလွန်းလျှင် အဆိပ်သင့်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အလားတူပဲ ဗီတာမင်စီ ဆိုရင် ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအား ကို ကောင်းစေပါတယ်။ ဒါပေမဲ့ လွန်ကဲပြန်ရင်လည်း အန္တရာယ်ရှိပြန်ပါတယ်။ နောက်ဆုံးဗျာ ခန္ဓာကိုယ်မှာ ရေလိုရင်မကောင်းသလို ရေပိုရင်လည်း အန္တရာယ်ဖြစ်စေတာပါပဲ၊

အခုလိုခေတ်ကျြီးမှာ အားဆေးတွေကလည်း တောင်ပုံယာပုံဖြစ်နေပါတယ်။ လွယ်လွယ်ကူကူဝယ်သောက်နေကျတဲ့ အားဆေးတွေကပိုရင် အန္တရာယ်ဖြစ်စေနိုင်တာပါ။ အကောင်းဆုံးကတော့ ဆရာဝန်ရဲ့ ညွန်ကြားချက်ရှိမှ အားဆေးကို သုံးစွဲသင့်ပါတယ်။ ဘယ်ဆေးပဲ သောက်သောက် တန်ဆေး၊လွန်ဘေး ရှိသည့်အတွက် သေချာဆင်ခြင်သုံးသပ်ပြီး ကျန်းမာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source: Dr Aye Kyaw

Read: ဆီးကျိတ်ကင်ဆာ လက္ခဏာများ

ဆီးကျိတ်ကင်ဆာ လက္ခဏာများ

Read times
Rate this item
(1 Vote)