What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 September 2020 13:04

မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသခွင့်ပြုရန် အဆင့်သင့် မဖြစ်နိုင်သေးကြောင်း သိရ

မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည်ရှိ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများအား လက်ခံကုသပေးနိုင်ရန် အဆင့်သင့်မဖြစ်သေးကြောင်း ပုဂ္ဂလိကဆေးရုံအသင်း(အထက်မြန်မာပြည်) အတွင်းရေးမှူး ဦးစိုးမြင့်ထံမှ သိရသည်။

 

နေပြည်တော်တွင် စက်တင်ဘာလ(၁၈)ရက်နေ့၌ ပြုလုပ်ခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အချက်များထဲမှ COVID-19 လူနာများအား ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသခွင့်ပြုပေးရန် မူဝါဒအားဖြင့် သဘောတူညီခဲ့ပြီး အသေးစိတ်ပြင်ဆင်ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအချက်အား သဘောတူညီချက် ရရှိထားသော်လည်း မူအားဖြင့်သာရှိသေးပြီး ပုဂ္ဂလိကဆေးရုံများအနေဖြင့် ကုသပေးရန်မှာ လောလောဆယ် အဆင့်သင့်မဖြစ်သေးကြောင်း ပုဂ္ဂလိကဆေးရုံအသင်း(အထက်မြန်မာပြည်) အတွင်းရေးမှူး ဦးစိုးမြင့်က ပြောကြားခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့်လည်း ပုဂ္ဂလိကဆေးရုံများအသင်းမှာ COVID-19 လူနာများအား လက်ခံကုသပေးချင်သည့် ဆေးရုံရှိပါက တင်ပြပေးရန် တောင်းခံထားတယ်လို့ ၎င်းက ပြောကြားခဲ့သည်။

 

ဆက်လက်ပြီးလည်း COVID-19 ရောဂါကုသရန် အစိုးရက သတ်မှတ်ပေးထားသည့် ဆေးရုံများတွင် တိုးချဲ့လူနာများအား လက်ခံခြင်းကြောင့် ၎င်းဆေးရုံများတွင်ရှိနေသည့် Non COVID လူနာများအား ပုဂ္ဂလိကဆေးရုံများကနေ အချိုးကျ လက်ခံကုသပေးနိုင်ရန် ညှိနှိုင်းနေပြီး အဆင့်သင့်နီးနီးဖြစ်နေပြီဟု ပြောကြားခဲ့သည်။


လက်ရှိအခြေအနေရ မန္တလေးမြို့ရှိ COVID-19 သံသယလူနာများအား မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင်သာ လက်ခံပေးနေပြီး ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသပေးရန် နေရာအပါအဝင် အခြားပြင်ဆင်မှုများ လိုအပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့် ကပြောကြားခဲ့ကြောင်း သိရသည်။


ပုဂ္ဂလိကဆေးရုံအသင်း(အထက်မြန်မာပြည်)တွင် အသင်းဝင်ဆေးရုံပေါင်း(၆၀)နီးပါးရှိသည်ဟု သိရသည်။

မန္တလေးသတင်းဌာနခွဲ

MRTV

Read times
Rate this item
(0 votes)