What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 October 2020 11:08

COVID-19 ကူးစက်မှု၊ သေဆုံးမှုနဲ့ ဆေးရုံဆင်းအရေအတွက် တိုးလာရတဲ့ အကြောင်းရင်း

ရန်ကုန်မြို့မှာ မကြာခင်ရက်ပိုင်းအတွင်း နေ့စဉ် ကိုဗစ်ပိုးတွေ့၊ သေဆုံးနဲ့ ဆေးရုံဆင်း အရေအတွက် ရုတ်ချည်းပြန်များလာတာ ဘာကြောင့်ပါလဲလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက မေးရာမှာ ဒေါက်တာသန်းနိုင်စိုးက အရင်ရက်တွေက ကြွေးကျန်တွေပါ အမြန်ဆုံးစစ်လိုက်ရလို့ အခုလို ပိုးတွေ့သူ ၂,၀၀၀ ဝန်းကျင် ပြန်များလာတာပါလို့ အခုလို စရှင်းပြပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး - “သူတို့ အမြန်ဆုံး စစ်လိုက်တာပေါ့။ ကြွေးကျန်တွေလည်း ရှင်းလိုက်တာပေါ့။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က Positive လူနာတွေ ဒီဘက်မှာ လာပုံနေတာ။ အဲဒါကြောင့် တက်သွားတာပါ။ ဒီရက်ထဲမှာတော့ ထပ်တက်နေဦးမှာပဲ။ အခုကတော့ ကောင်းလာတာ RDT ပေါ်လာတာပေါ့။ အမြန်စစ်တဲ့ ကိရိယာလေ။ Rapid Diagnosis Test ပေါ့။

 

RDT ပေါ်လာတော့ တော်တော်များများက အထူးသဖြင့် Immediate Test (ချက်ချင်းစစ်တဲ့) စင်တာတွေပေါ့၊ လတ်လတ်ဆတ်ဆတ် ချက်ချင်းယူတဲ့ဟာတွေဆို RDT နဲ့ ဖြေရှင်းလို့ရနေပြီ။ တဖက်က စစ်တာနဲ့ တွေ့တာနဲ့ Rate (နှုန်း) လေးကတော့ သိပ်မဆိုးဘူးပေါ့။ ကျနော်တို့ ဆက်ပြီးတော့ အခြေအနေကတော့ တန်းနေတယ်လို့ပဲ ပြောရမှာပေါ့။ Graph (ဂရပ်ဖ်မျဉ်း) မှာ တင်းခံနေတဲ့သဘောပေါ့။ ကျနော်တို့ ဆက်ပြီး အားစိုက်ထုတ်လိုက်ရင်တော့ အကျဘက်ကို ဦးတည်မယ်လို့ မှန်းရတာပေါ့။ ဒီဘက်က ကျနော်တို့ ဝီရိယ စိုက်ထုတ်တဲ့ အပိုင်းကတော့ လျှော့လို့မရဘူးပေါ့။ လျှော့လိုက်ရင် ကူးစက်ရောဂါရဲ့ သဘာဝအရ တတ်နိုင်သမျှ ဂရပ်ဖ်မျဉ်း အပေါ်ထောင်ဖို့ ကြိုးစားတာပဲ။”


ကိုဝင်းမင်း - နောက်တခုက စစ်တာတွေ များတဲ့အတွက် လက်ကျန်တွေလည်း ရှိလာတယ်ပေါ့၊ အဲဒီအတွက် တစုံတရာ နားထားရတဲ့ သဘောမျိုးလည်း ကြားပါတယ်။ အဲဒီ ထူးခြားမှုလေးရော။

ဒေါက်တာသန်းနိုင်စိုး - “ဟုတ်ကဲ့ပါ၊ အဓိကတော့ PCR (ပုံမှန်စစ်တာ) ပေ့ါ။ သုံးရက် လေးရက် နားတယ်ဆိုတာ၊ NHL (အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန) တခုတည်း PCR အကြွင်းအကျန်တွေ ရှင်းရအောင် ခဏနားထားတာ။ ကျန်တဲ့စင်တာတွေကတော့ ဆက်ပြီး စစ်နေတယ်။ ပြီးတော့ RDT (အမြန်စစ်တာ) နဲ့ စစ်တာလည်း အများကြီးဖြစ်လာတယ်၊ တောက်လျှောက် ဆောင်ရွက်နေတယ်။”

 

ကိုဝင်းမင်း - နောက်တခု သေဆုံးမှု အနေအထားက ၄၈၊ ၅၀ နီးပါး ကပ်လာတယ်။ အများဆုံးလို့ ပြောလို့ရတာပေါ့၊ နေ့စဉ်ထွက်တဲ့ စာရင်းတွေထဲမှာ။ အဲဒါနဲ့ ပတ်သက်လို့ရော ထူးခြားမှု တွေ့မိလား။

ဒေါက်တာသန်းနိုင်စိုး - “သမားတော်ကြီးတွေ ဆွေးနွေးတဲ့အထဲမှာ ထူးခြားတာ တခုကတော့ လူနာတွေရဲ့ Deteriorate ဖြစ်တာပေါ့၊ ဆိုးသွားတာပေါ့။ တော်တော်လေး မြန်တယ်ပြောတယ်။ လာတဲ့အချိန်တုန်းက သိပ်မသိသာဘူး၊ ကောင်းနေပေမယ့် အောက်ဆီဂျင်ကျတယ်၊ တခါတည်း ICU (အထူးကြပ်မတ်ကုသဆောင်) ထဲရောက်တယ်၊ ရောက်ပြီးတော့ မကြာခင် အသက်ဆုံးရှုံးတာတွေလည်း ရှိတယ်။ အထူးသဖြင့် အသက်အရွယ် ကြီးတဲ့လူတွေ၊ ရောဂါအခံရှိတဲ့လူတွေ။ ရောဂါရဲ့ အခြေအနေက ခန့်မှန်းရခက်တယ်၊ ခုနကလို ပြင်းထန်သွားတဲ့အကြောင်း ပြောတယ်ပေါ့နော်။”

 

ကိုဝင်းမင်း - ဒီနေရာမှာ အရေးကြီးတာတော့ ရောဂါအခံရှိတဲ့သူတွေ အဖြစ်များတဲ့အတွက် နောက်မကျဘဲ စောစောလာဖို့ပေါ့။ သူတို့ကို အဓိက ဘာထပ်မှာချင်သေးလဲ။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ စောစောလာဖို့ တော်တော်အရေးကြီးပါတယ်။ တချို့ဆို စောစောလာရဲ့သားနဲ့တောင် ရောဂါရဲ့ အပြောင်းအလဲက နောက်က ဆေးပညာသဘာဝအရ လိုက်လို့မမီတာတွေတောင် ရှိတယ်ပေါ့။ အဲတော့ စောစောမလာတဲ့လူကတော့ ဘယ်လောက်အထိ အန္တရာယ်ကြီးလဲဆိုတာ မှန်းကြည့်တာနဲ့တင် သိသာပါတယ်။”

 

ကိုဝင်းမင်း - နောက်တခုက ဆေးရုံဆင်းတဲ့လူလည်း တော်တော်များလာတာ တွေ့ရတယ်။ ဆင်းတဲ့ပမာဏ အများဆုံးထင်တယ်၊ တနေ့အတွင်းမှာ ၂,၆၉၂ ယောက်၊ ၂,၇၀၀ နီးပါးပေါ့။ အဲဒီအပေါ်မှာရော ထူးခြားမှုရှိလား။

ဒေါက်တာသန်းနိုင်စိုး - “အဲဒါကတော့ ကျနော်တို့ Strategy (မဟာဗျူဟာ) ပြောင်းတာလေး နည်းနည်းလုပ်လိုက်တယ်။ အဓိကတော့ Scientific Evidence-based (သိပ္ပံနည်းကျအထောက်အထားအရ) ပဲပေါ့။ အရင်တုန်းက Positive (ပိုးတွေ့အဖြေထွက်တာ) ဖြစ်မှ Positive ဖြစ်တဲ့ရက်က စရေတွက်တာ ၁၁ ရက်က။ အခုကတော့ Date of Swab (အာခေါင်တို့ဖတ်) ဆိုတာ၊ Swab ယူတဲ့နေ့ကနေ စရေတွက်တာ။ အဲဒီလိုပဲ ကြားထဲမှာ ၃ ရက်လောက် အဖြေစောင့်ရတဲ့ လူတွေက ၃ ရက်လောက် စောဆင်းလို့ ရသွားတယ်။

 

၂ ရက် ကြိုစောင့်ခဲ့ရတဲ့ သူတွေက ၂ ရက် စောဆင်းလို့ရတယ်။ အနည်းဆုံးက အမြန်ဆုံး ဆိုတဲ့လူတောင် ၁ ရက် အဖြေစောင့်ရတယ်။ အဲ့တော့ ၁ ရက် အဖြေစောင့်ရတဲ့လူကလည်း ၁ ရက် စောဆင်းလို့ရသွားတယ်။ ဒါကတော့ Clinical Management Committee (ကုသမှုစီမံရေးကော်မတီ) ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းလဲလိုက်တာပေါ့။ စနေနေ့ညထဲက ညတွင်းချင်း အစည်းအဝေး ဆုံးဖြတ်ချက် အတည်ပြုပြီးတာနဲ့ ည ၁၂ နာရီကျော်တာနဲ့ ဆင်းကြပြီပေါ့။”

 

ကိုဝင်းမင်း - ဒါ သိပ္ပံနည်းကျလည်း ကိုက်တယ်ဆိုတော့ ပြဿနာ မရှိပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ လူထုကြားမှာ စိုးရိမ်မှုရှိမှာရော စိုးရိမ်လား။

ဒေါက်တာသန်းနိုင်စိုး - “သူတို့ ပြန်မေးတယ်၊ သူတို့ကို အရင် ဆေးရုံမှာထားတာက ဘယ်နေ့မှ ပြန်ဆင်းရမလဲဆိုတာ။ ဒါပေမယ့် စောဆင်းလာတယ်ပေါ့။ ဒါပေမယ့် ဟုတ်တယ် စောဆင်းတာလည်း မှန်တယ်။ ဒါပေမယ့် အဖြေထွက်တဲ့နေ့မှ စရေတွက်ရင်တော့ သူက လိုသေးတယ်။

 

ဒါပေမယ့် သူ့ရဲ့ နှာခေါင်း အာခေါင်တို့ဖတ် ယူသွားတဲ့ရက်နဲ့ ဆိုရင်တော့ မစောဘူးပေါ့၊ ဒါ ကွက်တိလောက်ပဲဆိုတာ ကျနော်တို့ ပြောတယ်။ အာခေါင် တို့ဖတ် မတိုင်ခင်မှာ Symptom (ရောဂါလက္ခဏာ) ပြခဲ့တဲ့ရက်တောင် ရှိဦးမှာ တကယ်တမ်းဆိုရင်။ ဒါတောင် Swab (အာခေါင်တို့ဖတ်) ယူတဲ့နေ့ကတော့ Evidence (အထောက်အထား) ရှိတဲ့နေ့ပေါ့။”


ကိုဝင်းမင်း - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ၊ အခုလို ကျန်းမာရေး ဝန်ထမ်းတွေလည်း ပင်ပန်းနေပြီမို့ အခက်ခဲဆုံး စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

VOA Burmese 

Read times
Rate this item
(0 votes)