What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 27 December 2018 17:34

လက်သည်း ဆိုးဆေးတွေမှာ အန္တရာယ် ဓာတုပစ္စည်း ၃ မျိုး ရှိတယ်

လေ့လာတွေ့ရှိချက်တွေ အရ လက်သည်း ဆိုးဆေးတွေထဲမှာ အလွန် ရှုပ်ထွေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေကြောင်း သိရှိရပါတယ်။

အဓိကကျပြီး အန္တရာယ်ရှိတဲ့ chemical (ဓာတုပစ္စည်း) တွေကတော့ Formaldehyde, Dibutyl Phthalate (DBP) နှင့် Toluene တို့ပဲ ဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းတွေကို များသောအားဖြင့် အရည်အသွေး ညံ့ပြီး ဈေးပေါတဲ့ လက်သည်း ဆိုးဆေးတွေမှာ ပိုတွေ့ရလေ့ ရှိပါတယ်။ ကုမ္ပဏီကြီးတွေကတော့ ဒီ ဓာတုပစ္စည်းတွေကို မပါဝင်စေဘဲ customer တွေကို ဆွဲဆောင်ကြတာပါပဲ။

 

၁။ Formaldehyde

Formaldehyde ဟာ လူသေအလောင်းများ တာရှည်ခံစေဖို့နဲ့ ဘက်တီးရီးယားတွေရဲ့ ဒဏ်မှ ကာကွယ်တဲ့ နေရာတွေမှာ သုံးလေ့ ရှိပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ ကော်လို ကပ်နိုင်မှု အားကောင်းတဲ့ အတွက် ကြိတ်သား၊ အထပ်သား ပရိဘောဂ ပစ္စည်း လုပ်တဲ့ အခါမျိုးတွေမှာလည်း သုံးတတ်နေကြပါတယ်။ အခုအခါမှာတော့ လက်သည်းဆိုးဆေး တော်တော်များများမှာ ဒီ ဓာတုပစ္စည်းကို သိပ်မတွေ့ရတော့ပါဘူး။ Formaldehyde ကို အစကတော့ လက်သည်း ဆိုးဆေးတွေ ပိုမို မာကျော တောက်ပဖို့ အတွက် ရည်ရွယ်ပြီး သုံးခဲ့ကြတာပါ။ အပြည်ပြည်ဆိုင်ရာ ကင်ဆာ သုတေသန အဖွဲ့ရဲ့ တွေ့ရှိချက် အရကတော့ ဒီ Formaldehyde ဟာ ကာစီနိုဂျင် (Carcinogen) လို့ ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်း တစ်ရပ် ဖြစ်နေပါတယ်။ အဆုတ်နဲ့ နှာခေါင်းပိုင်း ဆိုင်ရာ ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။ Formaldehyde ပါဝင်တဲ့ လက်သည်း ဆိုးဆေးတွေ ဆိုးရုံနဲ့ ကင်ဆာ မဖြစ်နိုင်ပေမယ့်လည်း ဒီ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်း ပါဝင်တဲ့ လက်သည်း ဆိုးဆေးတွေကိုတော့ အထူး သတိပြုပြီး ရှောင်ရှားသင့်ပါတယ်။

 

၂။ Dibutyl Phthalate (DBP)

ပလတ်စတစ် ပစ္စည်းတွေ ပြုလုပ်တဲ့ နေရာမှာ သုံးတဲ့ ဓာတုပစ္စည်းပါ။ ကွေးနိုင်၊ ကောက်နိုင်တဲ့ သတ္တိရှိတဲ့ အတွက် ရေချိုးခန်းသုံး လိုက်ကာ၊ မိုးတွင်းစီး ဖိနပ်တွေ လုပ်တဲ့ နေရာမှာ သုံးကြတယ်။ ဒီ ဓာတုပစ္စည်းကို လက်သည်း ဆိုးဆေးထဲမှာ အသုံးပြုတာကတော့ လက်သည်း ဆိုးဆေးသား အက်ကွဲခြင်း မရှိဖို့ပါ။ DBP ဟာ ကင်ဆာရောဂါ ဖြစ်စေတဲ့ Carcinogen မဟုတ်ပေမယ့် DBP ပါဝင်တဲ့ လက်သည်းဆိုးဆေး ဆိုးထားတဲ့ ကိုယ်ဝန်ဆောင်တွေကနေ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ US မှာတော့ လက်သည်း ဆိုးဆေးထဲမှာ DBP ပါဝင်မှုကို တားမြစ်ခြင်း မရှိသေးပေမယ့် EU နိုင်ငံတွေမှာတော့ အလှကုန် ပစ္စည်းများထဲမှာ DBP ပါဝင်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပါပြီ။ လက်သည်း အလှ နှစ်သက်သူတွေ အနေနဲ့ DBP ပါဝင်မှုကို အဓိကထားပြီး ကြည့်ရမယ့် အချက်ပါ။

 

၃။ Toluene

လက်သည်းဆိုးဆေး ဆေးသား ပြောင်ချောစေဖို့ ထည့်ထားတဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။ လက်သည်းဆိုးဆေး အတော်များများမှာ တွေ့ရပါတယ်။ Toluene ကို ဓာတ်ဆီထဲမှာလည်း တွေ့ရသလို၊ TNT လို့ခေါ်တဲ့ အဝါရောင်ရှိတဲ့ ပေါက်ကွဲမှု အားကောင်း လောင်စာ တစ်မျိုးထဲမှာလည်း တွေ့ရပါတယ်။ Toluene ဟာ အာရုံကြော စနစ်ကို ထိခိုက်စေနိုင်တဲ့ အပြင် မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိ ယားယံခြင်း၊ အော့အန်ခြင်း၊ သားလျှောခြင်းနဲ့ အသည်းနှင့် ကျောက်ကပ် ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီအရာတွေဟာ ကြီးကြီးမားမား ထိခိုက်မှု မရှိနိုင်ဘူး ဆိုပေမယ့် လက်သည်းဆိုးဆေးနဲ့ လှချင်သူတို့ အတွက် ပြန်ပေးဆပ်ရမယ် ဆိုရင်တော့ မတန်ဘူးလို့ ထင်မိပါတယ်။ EU ရဲ့ တားမြစ်တဲ့ ဓာတုပစ္စည်းထဲမှာ အခုဆိုရင် Toluene လည်း ပါဝင်လာပါပြီ။ ဒီ ဓာတုပစ္စည်း ၃ မျိုး မပါဝင်တဲ့ Brand တချို့ကတော့ OPI, butter LONDON, Sally Hansen Salon, Essie, MAC , Rescue Beauty Lounge, Wet n'Wild, NYC, Deborah Lippmann, Chanel နဲ့ Zoya တို့ပဲ ဖြစ်ပါတယ်။

Source: Internet (yatanarpon)

 

Read: ဆီးကျိတ်ကြီးခြင်း

ဆီးကျိတ်ကြီးခြင်း

Read times Last modified on Wednesday, 27 February 2019 15:12
Rate this item
(0 votes)