အူမကြီး အတွင်းနံရံများ ရောင်ရမ်းမှု အချိန်ကြာမြင့်လာသောအခါ အနာဖြစ်ခြင်းကို အူမကြီးအနာဟု ခေါ်သည်။
လက္ခဏာများကတော့ အူမကြီး အနာဖြစ်သူများတွင် ဖြစ်သောနေရာကို လိုက်၍ ရောဂါ လက္ခဏာများ ကွာခြားတတ်သည်။
လက္ခဏာများ အနေဖြင့် ဝမ်းသွားခြင်း ၊ ဝမ်းဗိုက် ထိုး၍ အောင့်ခြင်း ၊ ဝမ်းသွားရာတွင် သွေးပါခြင်း၊ အချွဲများ ပါတတ်ခြင်း ၊ မကြာခဏ ဝမ်းသွားလိုခြင်း ၊ ဝမ်းသွားချင်စိတ် ဖြစ်သော်လည်း ဝမ်းမသွားနိုင်ခြင်း၊ ဝမ်းကိုက်ခြင်း ၊ ကိုယ်အလေးချိန် လျော့သွားခြင်း ၊ မောပန်း နွမ်းနယ်ခြင်း ၊ ဖျားခြင်း ၊ ကလေးငယ်များတွင် ကိုယ်ခန္ဓာ ကြီးထွားမှု နောက်ကျခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ ပြင်းထန်မှုမှာ ဖြစ်ပွားသောနေရာကို မူတည်ကာ ကွာခြားသည်။ အသက်ငယ်သူများတွင် ဖြစ်ပွားပါက ပို၍ ပြင်းထန်လေ့ရှိပါတယ်။
ဖြစ်ပွားရသော အကြောင်းရင်းကို သေချာစွာ မသိရသေးပါ။ လေ့လာမှုများအရ ကိုယ်ခံအားစနစ် မကောင်းခြင်းကြောင့် ဝင်ရောက်လာသော ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများကို ပြန်လည် ခုခံနိုင်စွမ်းနည်းသောကြောင့် အူလမ်းကြောင်းအတွင်း ရောင်ရမ်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် အူမကြီးအနာမှ သွေးယိုခြင်း ၊ အူမကြီးပေါက်ခြင်း ၊ အူမကြီးမှ ရေကို ကောင်းစွာ မစုပ်ယူနိုင်သောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း ၊အသည်းရောဂါဖြစ်ခြင်း ၊ အရိုးပွခြင်း ၊ အရေပြား၊ အရိုးအဆစ်များ၊ မျက်လုံးနှင့် ပါးစပ်အတွင်းသားများ ရောင်ရမ်းခြင်း ၊ အူမကြီးလျင်မြန်စွာ ရောင်ရမ်းလာကာ ပိုးဝင်ခြင်း ( Toxic megacolon) ၊ သွေးကြောများတွင်း သွေးခဲများ ဖြစ်လွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။
အူမကြီးနာကြောင့် အသက် မဆုံးရှုံးနိုင်သော်လည်း ၎င်း၏ နောက်ဆက်တွဲ ပြဿနာများမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောကြောင့် ဝမ်းသွားသည့် အလေ့အထ ပြောင်းသွားခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဝမ်းတွင်းသွေးပါခြင်း ၊ ဝမ်းလျှောခြင်း၊ ဝမ်းလျှောပါက ဆေးသောက်သော်လည်း မသက်သာတတ်ခြင်း ၊ အကြောင်းရင်းမရှိဘဲ ဖျားနာခြင်းတို့ ကြုံတွေရပါက နီးစပ်ရာဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူသင့်ပါတယ်။
ကုသခြင်း
အူမကြီးအနာကို ဆေးများဖြင့်သော်လည်းကောင်း၊ ခွဲစိတ်၍သော်လည်းကောင်း ကုသနိုင်ပါတယ်။ ဆေးများအနေဖြင့် ရောင်ရမ်းခြင်းကို သက်သာစေသည့် Aminosalicylate , Corticosteroid ကဲ့သို့သော ဆေးများ ၊ ခုခံအားစနစ်ကို လျော့ချပေးသော ဆေးများ ၊ ပိုးသတ်ဆေးများ ၊ ဝမ်းသွားခြင်းကို သက်သာစေသော ဆေးများ ၊ နာကျင်မှုကို သက်သာစေသော ဆေးများ ၊ သံဓာတ် အားဖြည့်ဆေးများကို အသုံးပြုနိုင်ပါတယ်။
ခွဲစိတ်မှုများအနေဖြင့် အူမကြီးနာ ဖြစ်သည်အပိုင်းကို ဖြတ်ထုတ်ခြင်း ၊ အူမကြီး တစ်ခုလုံးကို ဖြတ်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ အူမကြီး အနာဖြစ်ပွားသူများတွင် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများသည်။ ထို့ကြောင့် အူမကြီးဦးပိုင်း၏ ဘယ်ဘက်တွင် အနာဖြစ်ပွားပါက ၁ဝနှစ်လျှင်တစ်ကြိမ် ၊ အူမကြီးဦးပိုင်း အများစုတွင်ဖြစ်လျှင် ၈နှစ်လျှင်တစ်ကြိမ် ၊ အူမကြီး နှောင်းပိုင်းတွင် အနာဖြစ်လျှင် ၂နှစ်လျှင်တစ်ကြိမ် ကင်ဆာ ဖြစ်မဖြစ်ကို စစ်ဆေးသင့်ပါတယ်။
အူမကြီးအနာ ဖြစ်ပွားသူများတွင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ပိုမို မဆိုးရွားလာစေရန် အစားအစာများနှင့် နေထိုင်မှုပုံစံကို ပြောင်းလဲရန် လိုအပ်ပါတယ်။ နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကျဉ်ပါ။ အဆီများသော အစာများကို ရှောင်ကျဉ်ပါ။ အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များကို ရှောင်ကျဉ်ပါ။ အစပ်၊ အရက်နှင့် ကဖင်း တို့ကို ရှောင်ကျဉ်ပါ။ အစာကို နည်းနည်းနှင့် ခဏခဏစားပါ။ ရေများများ သောက်ပါ။ ဗီတာမင်နှင့် သတ္ထုဓာတ်များကို ဖြည့်စွက်စားသုံးပါ။ အူမကြီးနာဖြစ်ပြီး ကိုယ်အလေးချိန် လျော့ကျလာပါက အာဟာရဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပါ။
စိတ်ဖိစီးမှု များခြင်းသည် အူမကြီးနာ၏ လက္ခဏာများကို ပိုမို ဆိုးရွားစေသောကြောင့် စိတ်ဖိစီးမှုကို လျော့ချရန် ၊ လေ့ကျင့်ခန်းလုပ်ပါ။ အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပါ။
Ref: Mayo Clinic (healthcare.com.mm)