What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 December 2016 14:31

ဦးနှောက်ရောင်ခြင်းအကြောင်း သိထားစရာ

ဦးနှောက်ရောင်ခြင်းအကြောင်း သိထားစရာ Google.com

ဦးနှောက်ရောင်ခြင်းအကြောင်း သိထားစရာ
ဦးနှောက်ရောင်ခြင်း (Encephalitis) မှာ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော ရောဂါ ဖြစ်သည်။

အလွန် ပြင်းထန်ပါက အသက်အန္တရာယ် ဆုံးရှုံးသည် အထိ ဖြစ်နိုင်သောကြောင့် အချိန်မီ ကုသမှု ခံယူရန် လိုအပ်သည်။
လက္ခဏာများ
- အများစုတွင် သာမန် ဖျားနာခြင်းနှင့် ဆင်တူသော လက္ခဏာများ ဖြစ်သည့် ခေါင်းကိုက်ခြင်း ၊ ဖျားနာခြင်း ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် မောပန်း နွမ်းနယ်ခြင်းတို့လောက်ကိုသာ တွေ့ရတတ်သည်။
- အချို့တွင်မူ မည်သည့် လက္ခဏာများကိုမှ ပြလေ့မရှိပေ။
ပြင်းထန်သော အခြေအနေများတွင်
- ထင်ယောင်ထင်မှား ဖြစ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ဝေဝါးခြင်း ၊ တက်ခြင်း။
- အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အာရုံကို မခံစားနိုင်တော့ခြင်း ၊ မလှုပ်ရှားနိုင်ခြင်း ၊ ကြွက်သားများ အားနည်းခြင်း။
- နှစ်ထပ် မြင်ခြင်း ၊ ကြက်ဥပုပ်နံ့ ကဲ့သို့သော အနံ့များ အလိုလို ရနေခြင်း။
- စကားပြောရာနှင့် အကြားအာရုံတို့တွင် ချို့ယွင်းခြင်း ၊ သတိမေ့မြောသွားခြင်း တို့ကို ကြုံတွေ့ရနိုင်ခြင်း။
- ကလေးများတွင် ငယ်ထိပ် ဖောင်းလာခြင်း ၊ ပျို့ခြင်း၊ အန်ခြင်း ၊ တစ်ကိုယ်လုံး တောင့်တင်းလာခြင်း ၊ ချော့၍ မတိတ်အောင် ငိုခြင်း ၊ နို့မစို့ခြင်း၊ အစားမစားခြင်း ၊ ဂျီကျခြင်းတို့ ဖြစ်တတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- အများအားဖြင့် ရေယုန်ရောဂါပိုး ( Herpes simplex virus ) ၊ Ebstein-Barr virus ၊ ပိုလီယို ရောဂါပိုး (Polio virus)၊ Coxsackie virus ၊ ခြင်မှ တစ်ဆင့် ကူးစက်သော အချို့သော ဗိုင်းရပ်စ်ပိုးများ၊ မွှားကောင် မှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ပိုး၊ ခွေးရူးပြန် ဗိုင်းရပ်စ် (Rabies) နှင့် ကလေးများတွင် ဖြစ်ပွားလေ့ရှိသော ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားတတ်သည်။
- ဘတ်တီးရီးယားပိုးနှင့် အခြားသော အကြောင်းအရာများကြောင့် ဖြစ်တတ်သည်။
ဖြစ်နိုင်ချေ များသူများ
- ကလေးငယ်များနှင့် အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။ ရေယုန် ဗိုင်းရပ်စ်ပိုး (Herpes simplex virus) ကြောင့် ဖြစ်သော ဦးနှောက်ရောင်ခြင်းမှာ အသက် ၂၀ နှင့် ၄၀ ကြားတွင် အဖြစ်များသည်။
- ကိုယ်ခံအား ကျနေသော သူများ (ဥပမာ – ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဖြစ်နေသူများ၊ ကိုယ်ခံအားကို ချပေးသော ဆေးများ သောက်နေရ သူများ) နှင့် ခြင်နှင့် မွှားကောင်များ ပေါများသော နေရာတွင် နေသူများမှာ အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
- အများစုမှာ လက္ခဏာ အနည်းငယ်သာ ပြပြီး ရက်သတ္တပတ် အတွင်းတွင် ပျောက် ကင်းသွားတတ်ပြီး နောက်ဆက်တွဲ ပြဿနာများ မကြုံတွေ့ရတတ်ပေ။
- အလွန် ပြင်းထန်သော အခြေအနေများတွင် ဦးနှောက် ထိခိုက်ပြီး မေ့မြောသွားခြင်းနှင့် အသက် ဆုံးရှုံးသည် အထိ ဖြစ်နိုင်သည်။
- ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ မှတ်ဥာဏ်များ ပျက်စီးခြင်း၊ ကိုယ်တစ်ခြမ်း သို့မဟုတ် ကိုယ်တစ်ပိုင်း မလှုပ်ရှားနိုင်တော့ခြင်း၊ အကြားနှင့် အမြင် အာရုံဆိုင်ရာများ ချို့ယွင်းခြင်း၊ စကားပြော မပီသခြင်း တို့ကိုလဲ ကြုံတွေ့ရနိုင်သည်။
ကုသခြင်း
- ရောဂါ လက္ခဏာများ ဖြစ်သော ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းတို့ကို သက်သာစေရန် အနားယူခြင်း၊ အရည်များများ သောက်ခြင်း၊ အကိုက်အခဲ ပျောက်ဆေးများ သောက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
- ထို့ပြင် ဆရာဝန်၏ ညွှန်ကြားချက် အတိုင်း ဗိုင်းရပ်စ် ပိုးသတ်ဆေး များကို သောက်နိုင်ပါသည်။
အလွန် ပြင်းထန်သော အခြေအနေများတွင်
- ဆေးရုံ တက်ရောက်ကာ အသက်ရှူစက်၏ အကူအညီကို ယူရခြင်း။
- လိုအပ်သော သတ္ထုဓာတ်များကို သွေးကြော အတွင်းသို့ တိုက်ရိုက် သွင်းပေးရခြင်း။
- ရောင်ရမ်းမှုကို သက်သာစေသော ဆေးများ သုံးခြင်း။
- အတက်ကျ ဆေးများ သုံးခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
ဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ
- လက် မကြာခဏ ဆေးကြောခြင်း၊ သန့်ရှင်းအောင် ထားခြင်း။
- အစားအစာနှင့် အိုးခွက် ပန်းကန်များကို အများနှင့် ရောနှော၍ အသုံး မပြုခြင်း။
- ခြင်နှင့် မွှားများ အကိုက် မခံရအောင် ကာကွယ်ခြင်း။
- ကလေးများတွင် အဖြစ်များသော ဗိုင်းရပ်စ်ပိုးများအတွက် ကာကွယ်ဆေး ထိုးခြင်း တို့ကို ပြုလုပ်နိုင်သည်။
Source: healthcare.com.mm

Read times Last modified on Friday, 23 December 2016 14:42
Rate this item
(0 votes)