What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 December 2020 17:55

အူအတက်ရောင် ရောဂါနှင့် ကျန်းမာရေး အန္တရာယ်

အူအတက်ရောင်ခြင်းမှာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်သည့် ရောဂါဖြစ်ကြောင်း လူသိများသော်လည်း အူအတက်နှင့် ပတ်သက်ပြီး သေချာစွာ မသိသဖြင့် ရမ်းသန်း ဆေးကုသမှု ခံယူခြင်းမျိုးလည်း ရှိကြသည်။

 

ယင်းအတွက် “အူအတက် ရောင်ရမ်းတာ ခွဲရမယ် ပြောတယ်”၊ “မခွဲချင်လို့ မရဘူးလား” “ခွဲရင်ရော ဘာတွေ ဖြစ်နိုင်မလဲ” အစရှိသဖြင့် မေးခွန်းများ မေးမြန်းလာကြသည်။ လတ်တလောတွင်လည်း အူအတက် ရောင်ရမ်းနာရောဂါများ အဖြစ်များလာလျက် ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းမှ သိရသည့်အတွက် သိကောင်းစရာအဖြစ် တင်ဆက်လိုက်ပါသည်။


အူအတက်ဆိုတာ

“အူအတက်ဆိုတာ လူတိုင်းမှာ မွေးရာပါ အင်္ဂါအစိတ်အပိုင်းအဖြစ် ရှိပါတယ်။ အချို့လူတွေ ထင်နေကြတာက အူမှာ အတက်လေး ပေါက်လာတယ် ထင်နေတာ။ အဲဒါလဲ မှားသိတာ တစ်ခုပဲ” ဟု ပါမောက္ခ ဒေါက်တာ မြသိန်းဟန် ဗိုလ်မှူးချုပ်(ငြိမ်း) အထွေထွေ ခွဲစိတ်ကု ဆရာဝန်ကြီးက ပြောသည်။ အူအတက်သည် အူမကြီး၏ အစဦးဖြစ်သည့် ဖောင်းပွသော အပိုင်းဆုံး အူမကြီးအတွင်းရှိ အလျားလိုက် တည်ရှိနေသော ကြွက်သားမျှင်များ ပေါင်းစုံသည့် နေရာတွင်ရှိသော ချင်းလက်တက်ကဲ့သို့ အခေါင်းပါသော ရှည်မျောမျော အချောင်းငယ်ဖြစ်ကြောင်း သိရသည်။

 

အူအတက်၏ တည်နေရာ အူ

အူအတက်သည် အူမကြီးနှင့် အခေါင်းချင်း ဆက်နေသော ကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်ကာ ဝမ်းဗိုက်၏ ယာဘက်ခြမ်း အောက်ပိုင်းတွင် တည်ရှိကြောင်း သိရသည်။

 

အူအတက် ဘာကြောင့်ရောင်

“အူအတက်ရဲ့ အခေါင်းအမြှေးပါးနဲ့ အူအတက် နံရံမှာရှိတဲ့ အဆီရည်ကျိတ်တွေဟာ ဗိုင်းရပ်စ်ရောဂါပိုး၊ ဒါမှမဟုတ် ဗက်တီးရီးယားပိုးတွေကြောင့် ရောင်ရမ်း ကြီးထွားလာပြီးတော့ အူအတက်ရဲ့အခေါင်းကို ပိတ်ဆို့တာမျိုး၊ ဒါမှမဟုတ် မာလကာသီးစေ့၊ ဆီးစေ့တို့က ပိတ်ဆို့တာမျိုး၊ ဝမ်းချုပ်လို့ စမြင်းတုံးလေးတွေ ပိတ်တဲ့အခါမှာ အူအတက်ထဲမှာ သားနံရည်၊ သွေးပုပ်၊ ပြည်ပုပ်တွေ စုဆောင်းလာပြီး အူအတက်ရောင်ရမ်း ဖောင်းကားလာခြင်း ဖြစ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာ မြသိန်းဟန်က ပြောသည်။

 

အချိန်လွန်ရင် အသက်အန္တရာယ်ရှိနိုင်

အူအတက် ရောင်ရမ်းခြင်းကို အချိန်မီ မကုသနိုင်ပါက အူအတက် ထိပ်ဖျားနှင့် ပိတ်ဆို့နေသော အရင်းပိုင်းများ ပုပ်ဆွေးပေါက်ထွက်ကာ ပြည်ပုပ် သွေးပုပ်များ ဗိုက်တစ်ပြင်လုံး ပျံ့နှံ့သွားတတ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပျံ့နှံ့သွားပါက ဝမ်းဗိုက် အတွင်းပိုင်းကို ဖုံးလွှမ်းကာ ကွယ်ပေးထားသော အမြှေးပါးပါ ရောင်ရမ်းကာ သားနံရည် ပြည်ပုပ်များ ပျံ့နှံ့နေပြီး ယင်းမှတစ်ဆင့် သွေးကြောများထဲဝင်ကာ သွေးအဆိပ်တက်ခြင်း ဖြစ်ပြီး ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများဖြစ်သော အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ဦးနှောက်များပါ ထိခိုက်ကာ အသက်အန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

 

ရောဂါလက္ခဏာတွေ

အူအတက်ရောင်စပြုသောသူသည် အဖျားရှိသူကဲ့သို့ မအီမသာ ခံစားနေရပြီး အဖျားတိုင်းကြည့်ပါက ၉၀၊ ၁၀၀ ဒီဂရီဖာရင်ဟိုက် ရှိပြီး နှလုံးသွေးခုန်နှုန်းမှာလဲ ၈၀ မှ ၁၀၀ ကြား ရှိပြီး အနည်းငယ်ပျို့ကာ ဝမ်းချုပ်ခြင်းများ ဖြစ်တတ်ကြောင်း သိရသည်။ ရင်ဝနှင့် ချက်ပတ်ဝန်းကျင် နေရာများတွင် အောင့်နေတတ်ပြီး၊ ဗိုက်၏ ယာဘက်အောက်ပိုင်းသို့ နာကျင်မှုရွေ့လျားတတ်ကြောင်း သိရသည်။

 

အူအတက်ဆိုတိုင်း ခွဲဖို့မလို

“လူကို အထူး အကျိုးကျေးဇူးပြုတဲ့ အင်္ဂါအစိတ်အပိုင်း မဟုတ်တဲ့အတွက် ဒုက္ခစပေးနေပြီဆိုရင်တော့ ခွဲစိတ်ထုတ်ပစ်တာ ပိုကောင်းပါတယ်။ ဒါပေမဲ့ ရိုးရိုး အူအတက်အခေါင်း အမြှေးပါး ရောင်တာလောက်ဆိုရင်တော့ ရောင်တာဟာ ဆေးပေးတာနဲ့ လျော့သွားပြီး ပျောက်ကင်းနိုင်ပါတယ်။ တကယ်လို့ အူအတက်အတွင်းမှာ ဆီးစေ့လို စမြင်းလို ပိတ်နေရင်တော့ သွေးတွေ ပြည်တွေ စုလာပြီး အူအတက် ပေါက်ထွက်နိုင်တဲ့အတွက် ချက်ချင်း အရေးပေါ် ခွဲစိတ်ပြီး ရောင်ရမ်းနေတဲ့ အူအတက်ကို ထုတ်ပစ်နိုင်ပါတယ်” ဟု ယင်းက ဆိုသည်။

 

အူအတက်နာသည်ဆိုရာတွင်

အူအတက်သည် ဗိုက်ယာဘက်အောက်ပိုင်း နာတတ်သည် ဆိုသော်လည်း အဆုတ်ရောင်ခြင်း၊ အဆုတ်အမြှေးပါး ရောင်ပြီး ရေဝင်ခြင်း၊ သည်းခြေအိတ် ရောင်ခြင်းများသည်လည်း အလားတူ နာတတ်သည့်အတွက် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသရန် အထူးလိုအပ်ကြောင်း သိရသည်။ ရောဂါသိနိုင်ဖို့ လက္ခဏာတွေ အထက်ဖော်ပြပါ အူအတက်ရောင် ရောဂါများအပြင် ဝမ်းဗိုက်ကို လက်နှင့်ဖိပြီး စမ်းသပ်ကြည့်ပါက ဗိုက်၏ ယာဘက်အောက်ပိုင်းတွင် အထိ၊ အဖိမခံနိုင်ဘဲ နာကျင်နေတာကို တွေ့ရကြောင်း သိရသည်။

 

“အဲဒီလို လက်နဲ့ဖိပြီး နာရာကနေ လက်ကို ရုတ်တရက် ဆတ်ခနဲ ပြန်လွှတ်ကြည့်ရပါမယ်။ အူအတက်နဲ့ ပတ်ဝန်းကျင် ဝမ်းဗိုက် အမြှေးပါး ရောင်ရမ်းနေရင်တော့ အဲဒီလို လက်ပြန်လွှတ်လိုက်တဲ့အခါ လူနာဟာ ဖျတ်ခနဲဆို နာသွားပြီး အာမေဍိတ် အသံတောင် ထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သား တင်းမာမှု အခြေအနေကိုပါ မှတ်သားပြီးတော့ သိနိုင်ပါတယ်။ အူအတက် ရောင်ရမ်းတာက

 

လူတွေမှာ အဖြစ်များတတ်တဲ့ ရောဂါဖြစ်တဲ့အတွက် ဆရာဝန်တိုင်း ဒီရောဂါရဲ့ သွင်ပြင်လက္ခဏာတွေကို သိထားဖို့ ဘယ်လို စမ်းသပ်စစ်ဆေးဖို့ ဆိုတာတွေကို ဆေးတက္ကသိုလ်မှာ ထပ်ကာတလဲလဲ သင်ကြားပြသပေးတာမို့ ဆရာဝန်အများစု ဒီရောဂါကို စမ်းသပ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ အူအတက်ရောင်ရောဂါသည် ခေတ်အဆက်ဆက် အဖြစ်များခဲ့ပြီး ယနေ့အထိ ဖြစ်ပွားမှုများဆဲ ရောဂါဖြစ်သည့်အတွက် ဗိုက်အောင့် ဗိုက်နာခြင်းကို ရုတ်တရက်ခံစားရပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် အမြန်ဆုံး ကုသရန် လိုအပ်သည်။

Read times
Rate this item
(2 votes)