What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 January 2021 15:11

အသည်းရောဂါအဓိကဖြစ်ရတဲ့ အကြောင်းရင်းများ

အသည်းခြောက်ရောဂါ၊ အသည်းရောင်အသားဝါ A,B,C,D,E ၊ အသည်းအဆီဖုံး စသည့် အခြေအနေများအားလုံးကို အသည်းရောဂါများဟု ယေဘုယျသတ်မှတ်နိုင်ပါသည်။

 

၎င်းတို့သည် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သကဲ့သို့ အခြား အသည်းကို ထိခိုက်စေသော အကြောင်းခြင်းရာများ ဖြစ်ကြသည့် ဗိုင်းရပ်စ်ပိုး သို့မဟုတ် အရက်သောက်ခြင်းကြောင့်လည်း ဖြစ်စေနိုင်ပါသည်။အဝလွန်ခြင်းသည်လည်း အသည်းပျက်စီးစေသော အချက်များထဲမှ တစ်ခုဖြစ်ပါသည်။ကာလကြာရှည်စွာ အသည်းထိခိုက်လာသည်နှင့် အမျှ အသည်းတွင် အမာရွတ်ဖြစ်လာကာ အသက်အန္တရာယ် ထိခိုက်နိုင်သော အခြေအနေဖြစ်သည့် အသည်းလုံးဝ အလုပ်မလုပ်တော့ခြင်းဆီသို့ ဦးတည်သွားစေပါသည်

 

ဘယ်သူတွေမှာ အသည်းရောဂါ ပိုဖြစ်နိင်သလဲ။

အချို့သော အသည်းရောဂါများသည် နေ့စဉ် နေထိုင်စားသောက်မှုများနှင့် ဆက်စပ်နေသဖြင့် ကာကွယ်၍ရပါသည်။အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်သော အသည်းရောဂါများသည် ကာကွယ်ရန်အဖြစ်နိုင်ဆုံးသော အသည်းရောဂါများဖြစ်သည်။အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ပိုးမသတ်ထားသော ဆေးထိုးအပ် စသည်တို့ကို သုံးစွဲခြင်း၊နားဖောက်ရာတွင် သို့မဟုတ် တက်တူး ထိုးရာတွင် ပိုးသတ်ထားခြင်း မရှိသော အပ်နှင့် ကိရိယာများကို အသုံးပြုခြင်း စသည်တို့သည် အသည်းရောင်ရောဂါကို ဖြစ်စေနိုင်ပါသည်။ ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့ခြင်းသည် အသည်းဆဲလ်များကို ထိခိုက်စေသဖြင့် အသည်းရောင်ခြင်း၊ သည်းခြေရည်များ ပိတ်ဆို့ခြင်း၊အဆီများစုပုံခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်ပါသည်။

 

ဘယ်အရာတွေက အသည်းရောဂါတွေကို ဖြစ်စေသလဲ။

ကပ်ပါးပိုးမွှား များနှင့် ဗိုင်းရပ်စ်ပိုးများသည် အသည်းရောဂါများကို အများဆုံးဖြစ်စေသော အဓိကလက်သည်များ ဖြစ်ကြသည်။၎င်းတို့သည် သွေး၊ သုတ်ရည်၊ မသန့်ရှင်းသော ရေ၊ အစားအစာ တို့မှတစ်ဆင့် သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့မိရာမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေ့ရှိပါသည်။ထို့နောက် အသည်း၏လုပ်ငန်းများကို နှောင့်ယှက်ဖျတ်စီးကြတော့သည်။ဗိုင်းရပ်စ်များထဲတွင် အသည်းရောဂါကို အဓိကဖြစ်စေသော ဗိုင်းရပ်စ်မှာ အသည်းရောင်အသားဝါ အေ၊ဘီ၊စီ တို့ကို ဖြစ်စေသည့် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးဖြစ်သည်။

 

ကိုယ်ခံအားနည်းလျှင်လည်း အသည်းရောဂါများကို ဖြစ်စေနိုင်သည်။အသည်းအတွင်းရှိ ခုခံအားစနစ် ဖောက်ပြန်ကာ မိမိခန္ဓာကိုယ်ရှိ ဆဲလ်များကို မှားယွင်းတိုက်ခိုက်မှုကြောင့်ဖြစ်သော အသည်းရောဂါများမှာ ခုခံအားဖောက်ပြန်မှုကြောင့်ဖြစ်သော အသည်းရောင်ရောဂါ၊ သည်းခြေပြွန်ပိတ်ဆို့ ၍သည်းခြေရည် စီးဆင်းမှုရပ်တန့် သောရောဂါ၊ သည်းခြေပြွန်ရောင်ရမ်းပိတ်ဆို့သောရောဂါ တို့ဖြစ်သည်။

 

မျိုးရိုးဗီဇသည်လည်း အသည်းပျက်စီးရသည့် အကြောင်းရင်း တခုဖြစ်သည်။ မျိုးရိုးဗီဇနှင့် ဆက်နွယ်သော အသည်းရောဂါများမှာ သံဓါတ်များစုပုံလာသောရောဂါ၊ကြေးနီဓါတ်များလာသောရောဂါ( Wilson disease)၊ ဆီးမှတစ်ဆင့်Oxalate ကို အလွန်အကျွံစွန့်ထုတ်သောရောဂါ (Hyperoxaluria) နှင့် ကျောက်ကပ်မှ oxalate ကို စွန့်မထုတ်နိုင်တော့သော ရောဂါ (oxalosis) တို့ဖြစ်ကြသည်။

 

အရက်နှင့် အဆီဓာတ်တို့ကလည်း အသည်းအဆီဖုံးခြင်းကို ဖြစ်စေနိုင်သည်။

ဆေးဝါးများအလွန်အကျွံ သောက်သုံးခြင်းသည် အသည်းဆဲလ်များအား ယာယီရောင်ရမ်းစေနိုင်သလို အပြီးတိုင်ပျက်စီးခြင်းကိုလည်း ဖြစ်စေနိုင်သည်။အချို့ဆေးများသည် အသည်းကိုထိခိုက်ရန်အတွက် ပုံမှန်ထက် များစွာကျော်လွန်သော ပမာဏလိုအပ်သော်လည်း အချို့ဆေးများမှာမူ ဆရာဝန်ညွှန်ကြားသော သင့်တော်သည့် ပမာဏနှင့်ပင် အသည်းကို ထိခိုက်စေသည်။ Acetaminophen (Tylenol, Panadol)များကို အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်း အလုပ်မလုပ်တော့ခြင်းအထိ ဖြစ်စေသည်။ထို့ကြောင့် ဆရာဝန်ဆေးစာမလိုဘဲ ဝယ် သောက်နိုင်သော Acetaminophen ပါဝင်သည့် ဆေးများတွင် သတိပေးအညွှန်းစာများ ရေးထားခြင်းဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်ပါမှ ဝယ်ယူနိုင်သော narcotic-acetaminophen ပေါင်းစပ်ထားသည့်ဆေးများ (ဥပမာ။ ။Vicodin, Lortab, Tylenol) အတွက်လည်း တစ်နေ့သောက်သုံးရမည့်ဆေးပမာဏကို တင်းကျပ်စွာ သတ်မှတ်ထားခြင်းဖြစ်သည်။

 

အသည်းရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အသည်းရောဂါများ၏ လက္ခဏာများမှာ-

-အသားနှင့် မျက်လုံးများ ဝါခြင်း။

-ဗိုက်နာ/အောင့်ခြင်း၊ဗိုက်ဖောင်းလာခြင်း။

-ခြေထောက်၊ခြေကျင်းဝတ်တို့ဖောရောင်လာခြင်း။

-အသားယားခြင်း။

-ဆီးအရောင်မည်းခြင်း။

-ဝမ်းအရောင်ဖြူခြင်း/သွေးဝမ်းသွားခြင်း/ကတ္တရာစေးကဲ့သို့မည်းနက်နေသော ဝမ်းများ သွားခြင်း။

-ကာလအတန်ကြာပင်ပန်းနွမ်းနယ်နေသလို ခံစားရခြင်း။

-ပျို့ခြင်း၊အန်ခြင်း။

-အစားအသောက်ပျက်ခြင်း။

-သွေးခြည်ဥလွယ်ခြင်း။

အသည်းရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

 

ဓာတ်ခွဲစမ်းသပ်မှုများ မပြုလုပ်မီ သင့်ထံတွင် အသည်းရောဂါ၏ လက္ခဏာများ ရှိမရှိသိနိုင်ရန် ဆရာဝန်က ဦးစွာစမ်းသပ်မည်ဖြစ်သည်။အကယ်၍ သင့်တွင် အသည်းရောဂါ၏ လက္ခဏာများရှိနေပါက ရောဂါကို အတိအကျသိနိုင်စေရန် လိုအပ်သောစစ်ဆေးမှုများ၊ဓာတ်ခွဲစမ်းသပ်မှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ယေဘုယျအားဖြင့် ပြုလုပ်လေ့ရှိသော စစ်ဆေးမှုများမှာ သွေးစစ်ခြင်း၊ CT scan ရိုက်ခြင်း၊ MRIရိုက်ခြင်း နှင့် Ultrasound ရိုက်ခြင်းတို့ဖြစ်ကြသည်။အချို့သော လူနာများတွင် ရိုးရိုးအသည်းရောဂါ သို့မဟုတ် ကင်ဆာဟုတ်မဟုတ် သိစေရန် အသားစထုတ်ယူစစ်ဆေးမှုကိုလည်း ပြုလုပ်ရတတ်သည်။

 

အသည်းရောဂါကို ဘယ်လိုကုသမလဲ။

ကုသမှုသည် ရောဂါ၏ ဇစ်မြစ် နှင့် ရောဂါ၏ အတိမ်အနက် အခြေအနေတို့အပေါ် မူတည်ပါသည်။ပါရာစီတမော ဆေးလွန်ခြင်းအတွက်(acetaminophen ဆေးလွန်ခြင်းဟုလည်း ခေါ်ကြသည်) ပါရာစီတမော၏ အာနိသင်ကို ပြန်လည်ချေဖျက်သည့် ကုသမှုများကို ပေးရသည်။အကယ်၍ အသည်းရောင်အသည်းဝါကဲ့သို့သော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ရောဂါမျိုးဖြစ်လျှင်မူ သင့်ဆရာဝန်အနေဖြင့် ရောဂါပိုးကို ချေမှုန်းနိုင်သည့် ဆေးများကို ပေးမည်ဖြစ်ပြီး သင့်အသည်း၏ အလုပ်လုပ်ဆောင်နိုင်စွမ်းကို ပုံမှန်စောင့်ကြည့်နေမည်ဖြစ်သည်။

 

အရက်ဖြတ်လိုက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်လျှော့ချခြင်းစသည့် နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းဖြင့် လွယ်ကူစွာ ကုသနိုင်သော အသည်းရောဂါများ ရှိသလို ဆေးဝါးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများပြုလုပ်ရန် လိုအပ်သည့် အသည်းရောဂါများလည်း ရှိပါသည်။အချို့ပြင်းထန်သော အသည်းအလုပ်မလုပ်တော့သည့် ရောဂါများတွင် နောက်ဆုံး၌ အသည်းအစားထိုးရန် ပင် လိုအပ်ပါလိမ့်မည်။

 

Hello Health Group

Read times
Rate this item
(0 votes)